သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှု အီးယူ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေး ရှုတ်ချ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)


{{Zawgyi/Unicode}}

ဧပြီ၁၂၊၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ကလေးအယောက် ၃၀ ဝန်းကျင်အပါအဝင် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ရတဲ့အတွက် ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီနဲ့နော်ဝေးနိုင်ငံတို့က မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ တောင်းဆိုလိုက်ကြပါတယ်။

အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အနည်းဆုံးလူ ၁၃၃ ယောက် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (အင်န်ယူဂျီ) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စီအင်န်အင်န် ရုပ်မြင်သံကြားကို ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။ ဗွီအိုအေအနေနဲ့ နောက်ဆုံး သေဆုံးသူအရေအတွက်ကို သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။

“စက်ဆုပ်ရွံရှာစရာ” ကောင်းတဲ့ ဒီ လေကြောင်းတိုက်ခိုက်မှုကို ပြင်သစ်နိုင်ငံ က အပြင်းထန်ဆုံးရှုတ်ချလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။ မြန်မာပြည်သူတွေနဲ့ ပြင်သစ်နိုင်ငံက ခိုင်ခိုင်မာမာရပ်တည်သလို ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိကိုလည်း ချီးကျူး ဂုဏ်ပြုလိုက်တယ်လို့ ပြောပါတယ်။

ဒီ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်ရပါတယ်လို့ နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး Anniken Huitfeldt ကလည်း ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ အရပ်သားတွေအပေါ်တိုက်ခိုက်တာ အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ရပ်ရမှာ ဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုလည်း လေးစားပြီး တာဝန်ရှိသူတွေကို အရေးယူကြရပါမယ်လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်တာတွေရပ်ဖို့ မြန်မာစစ်တပ်ကို အလားတူ တောင်းဆိုလိုက်ပါတယ်။ မြန်မာပြည်သူတွေရဲ့ နှစ်သစ်ကူး အခါသမယမှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်တဲ့ ဒီ သတင်းဟာ အကြီးအကျယ် ထိတ်လန့်စရာဖြစ်ပါတယ်လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ Nabila Massrali က ဗုဒ္ဓဟူးနေ့ မှာ ပြောကြားပါတယ်။

အမေရိကန် ဝါရှင်တန်ဒီစီ ဝန်းကျင်နေထိုင်ကြတဲ့ မြန်မာတွေကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ကို သွားရောက်ပြီး အမျိုးသားကာကွယ်ရေး ဥပဒေမှာပါရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဌာန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပအို့ ဖက်ဒရယ် ကောင်စီ (PNFC) ကလည်း မြန်မာစစ်တပ်ဟာ “စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုကြီးများကို နေ့စဉ်နှင့်အမျှ ကျူးလွန်သည်ထက် ကျူးလွန်လာပြီး အမှားများကို နောက်ထပ် အမှားများကျူးလွန်၍ ဖုံးကွယ်ရန်ကြိုးစားနေလျက်ရှိသည်” လို့ ဝေဖန်လိုက်ပြီး ခုလို ဖြစ်ရပ်တွေကို တားဆီးအပြစ်ပေးနိုင်ဖို့ နိုင်ငံတကာ ဘုံစုစည်းမှုတရပ်ကို လက်တွေကျကျ စုစည်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------

{{Unicode}}










ဆက်စပ်သတင်းများ ...

XS
SM
MD
LG