သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူတိုက်ခိုက်မှု စစ်ကောင်စီကို ကုလတာဝန်ရှိသူတွေက ပြစ်တင်ဝေဖန်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)


{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအတော်များများ သေဆုံးကြရတဲ့အပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုကြီးတွေဖြစ်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့လည်း ကုလ လူ့အခွင့်အရေးအကြီးအကဲက ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ပဇီကြီးကျေးရွာကို မနေ့က မြန်မာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းကြီးတွေက အပြင်းအထန်ဝေဖန်ရှုတ်ချပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ဒီတိုက်ခိုက်မှုကိုရှုတ်ချပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အတိုင်း မြန်မာလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းပြောဆိုပါတယ်။

“ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူရပါမယ်။ ကုလအတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ကြေကွဲရပြီး ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ လိုလားပါတယ်။ အရေးကြီးတာက ဒီလူတွေအတွက် အရေးပေါ်ဆေးဝါးကုသခွင့်ရဖို့ လိုပါတယ်။”

အရပ်သားတွေကို အကြမ်းဖက်မှုပုံစံအားလုံးကို ကုလအတွင်းရေးမှူးချုပ်အနေနဲ့ အပြင်းအထန်ရှုတ်ချပြီး အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ လူသားချင်းစာနာမှုနိုင်ငံတကာဥပဒေရှိတယ်ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်ပြောခွင့်ရသူ STÉPHANE DUJARRIC က ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့အညီ မြန်မာအရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ကိုလည်း မြန်မာစစ်ကောင်စီကို တိုက်တွန်းပြောဆိုတယ်လို့လည်း အတွင်းရေးမှူးပြောခွင့်ရသူက ပြောပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tome Andrews ကတော့ အရပ်သားအများအပြား သေကြေရတဲ့ အခုဖြစ်ရပ်အပေါ် ကမ္ဘာကြီးရဲ့မျက်ကွယ်ပြုကြောင့်ဖြစ်တယ်လို့ ဝေဖန်သလို စစ်ကောင်စီကို လက်နက်ထောက်ပံ့နေသူတွေကြောင့်လို့လည်း အပြစ်တင်ပါတယ်။ ဒီလို သတ်ဖြတ်မှုတွေရပ်တန့်အောင် ကလေးငယ်တွေဘယ်လောက်သေပေးရမလဲဆိုပြီးတော့ သူ့ကိုယ်ပိုင် Twitter အကောင့်ကနေ မေးခွန်းထုတ်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ဆက်နွယ်တဲ့ စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေးအကြီးအကဲ Volker Türk ကလည်း တုံ့ပြန်ပါတယ်။ မြန်မာအတိုက်အခံတွေ ထိန်းချုပ်ထားတဲ့နယ်မြေထဲ အခုလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် အတော်များများသေဆုံးကြရမှုအတွက် အင်မတန်တုန်လှုပ်မိတယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီးက ထုတ်ပြန်ခဲ့ပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့ ဘက်အားလုံးကိုတိုက်တွန်းသလို ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်ရပ်ကစလို့ စစ်ကောင်စီနဲ့ သူ့တပ်ဖွဲ့တွေရဲ့လူ့အခွင့်အရေးကျူးလွန်မှုတချို့ဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်လို့လည်း ကုလအကြီးအကဲက ထုတ်ပြန်ခဲ့ပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်အစိုးရက ကြေညာချက်မှာတော့ ကလေးငယ် ၁၈ ဦးထက်မနည်းအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ရပ်ရွာလူထု စုဝေးတွေ့ဆုံစဉ်မှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်တာလို့လည်း ဆိုပါတယ်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ခိုက်မှုလုပ်တဲ့အပေါ် ဝန်ခံပါတယ်။ ဒါပေမယ့် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူတွေဟာလည်း PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။

“ဒီမနက်ဖြစ်စဉ်မှာတော့ မနက် ၈ နာရီလောက်မှာ အဲဒီမှာ ပဇီကြီးကျေးရွာမှာ NUG - CRPH အမည်ခံအဖွဲ့- ခုန သူတို့ပြောနေတဲ့ လုပ်ငန်းဖွင့်ပွဲဆိုတဲ့ဟာတွေ၊ နောက်ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲ ဆိုတဲ့ဟာ လုပ်ပါတယ်။ ကျနော်တို့အနေနဲ့ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေက သေဆုံးတယ်ဆိုတာလည်း ကျနော်တို့ သိရပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒါ နိုင်ငံတော်အစိုးရ-ပြည်သူလူထုကိုဆန့်ကျင်လုပ်ဆောင်နေတဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ အရင်တုန်းကအတိုင်း ပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေ အတော်များများသည် ယူနီဖောင်းတွေနဲ့ပုံတွေ ဖြစ်ပါတယ်။ တချို့လည်း အရပ်ဝတ်နဲ့ပုံတွေ ပါရင်ပါမှာပေါ့။”

Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရပြီး အိုးအိမ်တွေပျက်စီးရတဲ့ လေကြောင်းတိုက်ခိုက်မှုဆိုတာတွေဟာ မြန်မာစစ်တပ်ရဲ့ အစဉ်အလာသင်္ကေတလိုဖြစ်နေတယ်လို့ ဆိုပြီး ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အတော်လေး တုန်လှုပ်မိတယ်လို့ AI ရဲ့ စီးပွားရေးနဲ့လူ့အခွင့်အရေးသုတေသီ Montse Ferrer က ပြောဆိုထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကိုကြည့်ရင် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှုတွေရပ်နားဖို့ အလျင်အမြန်လိုနေပြီဆိုတာ ပြနေတယ်လို့လည်း ထောက်ပြပါတယ်။ မြန်မာ့လူ့အခွင့်အရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအသင်းကို တိုက်တွန်းထားသလို မြန်မာစစ်တပ်ကို ထိရောက်တဲ့အရေးယူမှုတွေလုပ်ရေး ကုလလုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းရှာကြံဖို့ကိုလည်း AI အဖွဲ့က တွန်းအားပေးထားပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပြောဆိုချက်အရတော့ မနေ့ မနက်ပိုင်းအချိန်ကစလို့ ပဇီကြီးကျေးရွာကို နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုရှိခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားပြည်သူ အတော်များများပါဝင်တယ်လို့ သိရပါတယ်။ NUG ကြားကာလညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲလုပ်နေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးအနောက်ဖက်မှာရှိတဲ့ လက်နက်သိုလှောင်ဂိုဒေါင်ကိုထိပြီး ပေါက်ကွဲမှုတွေဆက်ဖြစ်ခဲ့တယ်လို့ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဗလကြီးက ဗွီအိုအေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}














ဆက်စပ်သတင်းများ ...

XS
SM
MD
LG