သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ် ပဇီကြီးရွာ ဗုံးကျဲ တိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော်သေဆုံး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။ ဒဏ်ရ ရသူလည်း အနည်းဆုံး ၂၅ ယောက်ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းမှာလည်း အဲဒီနေရာကို လေကြောင်းကနေ နောက်ထပ်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ဒီကနေ့ ဧပြီလ ၁၁ ရက်၊ မနက် ၇ နာရီ ၄၅ မိနစ် အချိန်လောက်မှာ စစ်ကောင်စီတပ်တွေဖက်က တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့ပြီး နောက်ထပ် ၅ မိနစ်လောက် အကြာမှာပဲ Mi 35 တိုက်လေယာဉ် တစ်စီးထပ်ရောက်လာပြီး ထပ်မံ ပစ်ခတ်ခဲ့တာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့က ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ မလည်တိုက်နယ်အတွင်းမှာ ပထမဆုံး လေကြောင်း တိုက်ခိုက်ခံရတာ ဖြစ်ပြီးတော့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်နဲ့ ဒေသခံ စုစုပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်သလို အများစုက ဒေသခံတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ NUG ကြားကာလ ညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲလုပ်နေချိန်မှာ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရုံးရဲ့ အနောက်ဖက်မှာရှိတဲ့ မိုင်းတွေသိုလှောင်ထားတဲ့ ဂိုဒေါင်ကပါ ပေါက်ကွဲမှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ကိုဗလကြီးက VOA ကို အခုလို ပြောပြပါတယ်။

“တိုက်နယ် ပအဖ ရုံးဖွင့်ပွဲဗျ။ အဲ့ဒီမှာ အကျွေးအမွေးလေးနဲ့ လုပ်နေကြတုန်းမှာ လာကျဲသွားတာဗျ ဗုံးက။ အထိအခိုက်ကတော့ တော်တော် များတယ်ဗျ။ ခန့်မှန်းခြေကတော့ ၁၀၀ ကျော်မယ်ထင်တယ်။ အလောင်းတွေက ဝင်ကောက်လို့ရတာတွေကတော့ ကောက်ပြီးတော့ ရွေ့ထားတယ်ပေါ့။ အရေအတွက်က အတိအကျ မသိရသေးဘူးဗျ။ လောလောဆယ် ကျွန်တော်တို့ ကောက်ရထားတဲ့ ကလေးအလောင်း ၆ လောင်းတော့ တွေ့ထားတယ်ဗျ။ တခြားတော့ အတိုအစလေးတွေပဲ ရလိုက်တာတွေရှိတယ်။ လောလောဆယ်တွေ့ထားတဲ့ ကလေးအလောင်းကတော့ ၆ လောင်းဗျ။ ရုံးရဲ့နောက်မှာက မိုင်းတွေထားတဲ့ နေရာလေးတစ်ခု မိုင်းဂိုဒေါင်လေး တစ်ခုရှိတယ်ဗျ။ အဲ့ဒီ မိုင်းဂိုဒေါင်ကွဲတာလည်း ပါတယ်ပေါ့နော်။ ကွဲတော့ ကျွန်တော်တို့က တော်တော်နဲ့လည်း ဝင်မဆွဲနိုင်ဘူး။ မီးလည်း မငြိမ်းနိုင်ဘူးဖြစ်တော့ အလောင်းတွေကလည်း မီးလောင်သွားတော့ အရေအတွက်တွေက အတိအကျ မသိလိုက်ရတာဗျ။”

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဒေသခံတွေ အများအပြားပါပြီးတော့ ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက အဖွဲ့ဝင်တွေနဲ့ တာဝန်ခံတွေ ၄၀ ကျော်လောက် ပါတယ်လို့ ကိုဗလကြီးက ပြောပါတယ်။ ဒဏ်ရာရသူကတော ၆ ယောက်ပဲ ရှိပြီးတော့ အဲ့ဒီထဲက ၃ ယောက်က ကယ်ထုတ်ပြီး မကြာခင်မှာပဲ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ဒေသခံတွေများတယ်ဗျ။ နောက် ဒီတိုက်နယ်ရဲ့ ပအဖ တာဝန်ခံပါမယ်၊ နောက် ပလဖ တာဝန်ခံတွေလည်းပါတယ်။ ပကဖ ဒီတိုက်နယ် တာဝန်ခံ တစ်ယောက်လည်း ပါသွားတယ်ဗျ။ အများစုကတော့ ဒေသခံတွေအများစုပေါ့ ပါတာတွေက။ (ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်) ပါတာကတော့ ကျွန်တော်တို့ ခန့်မှန်းချေ ၄၀ လောက်ပါမယ်ဗျ။ တခြားရွာတွေက တာဝန်ခံတွေရောဆိုတော့ ၄၀ နီးပါးလောက်ပါမယ်ဗျ။ ကျန်တာကတော့ ကလေးတွေနဲ့ ပြည်သူတွေပဲဗျ။ ဒဏ်ရာ ရတဲ့သူက ၆ ယောက်လောက်ပဲ ရှိမှာဗျ။ အဲ့ဒါမှာလည်း ၃ ယောက်က သေသွားပြီဗျ။ အကုန်လုံး သေဆုံးသူကတော ၁၀၀ ကျော်တာပေါ့။ ကျန် ၃ ယောက်ကတော လည်ပင်းမှာ ထိတဲ့ တစ်ယောက်ရှိတယ်ဗျ၊ ကျောမှာထိတဲ့ တစ်ယောက်ရှိတယ်၊ နောက် အမျိုးသမီး ကိုယ်ဝန်ဆောင်သည်တစ်ယောက်ကတော့ လက်ပြတ်သွားတယ်ဗျ။ ဘယ်ဖက်လက်ပေါ့။”

ထိခိုက် သေဆုံးတဲ့စာရင်းကိုတော့ VOA က သီးခြား အတည်ပြုလို့ မရသေးပါဘူး။ အခု တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီကို VOA မြန်မာပိုင်းက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့သလို အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို ပဇီကြီး ကျေးရွာခံတွေ အပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ပရိတ်သတ် ၁၅၀ ကနေ ၂၀၀ အကြားလောက် တက်ရောက်ခဲ့တယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နာရီဝက်လောက်ကြာပြီးမှ ဖြစ်ပွားတဲ့ နေရာကို ဝင်ပြီး အဲ့ဒီမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်တာနဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးကုသနိုင်မယ် နေရာတွေကို ပို့ပေးတာတွေလုပ်ပြီး ဒေသခံတွေ စစ်ရှောင်နိုင်ဖို့ စီစဉ် ပေးကြပြီးမှ သေဆုံးသူ အလောင်းတွေကို ကောက်နိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့ကြရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည် ကိုဗလကြီးက ပြောပြပါတယ်။

“ပစ်ပြီးတော့ အနည်းဆုံး နာရီဝက်လောက်နေပြီးမှ ကျွန်တော်တို့ ဝင်ရဲတာဗျ။ အဲ့မှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ရတယ်။ ဒဏ်ရာ ရတဲ့သူတွေကို ဆွဲထုတ်ရတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့သူက ၆ ယောက်လောက်ပဲ ရှိတာဆိုတော့ သူတို့ကို အရင်ဆုံးကယ်ထုတ်ပြီးတော့ နီးစပ်ရာ ဆေးခန်းတွေကို သွားပို့ပြီးတော့မှ ကျန်တဲ့ပြည်သူတွေကို သွားပြီး ကယ်ထုတ်ရတာပေါ့နော။ ဘေးလွတ်ရာနေရာ ချောင်းကြို မြောင်ကြားတွေထဲကို သွားပြီးတော ရှောင်နေကြဖို့ရာ ကယ်ထုတ်ရတယ်ဗျ။ ၂ နာရီလောက် ကယ်ထုတ်ပြီးတော့မှ အခင်းဖြစ်တဲ့ နေရာကို သွားကြည့်ရတာ။ အဲ့မှာ ရောက်သွားတော့ အကုန်လုံး ပြန့်ကျဲနေတာပေါ့နော။ အလောင်းတွေလည်း ပြန့်ကျဲနေတယ်။ မီးတွေလည်း လောင်နေတယ် အဲ့မှာ။ အနောက်က မိုင်းဂိုဒေါင်ထဲက မိုင်းတွေကလည်း အဆက်မပြတ်ပေါက်ကွဲနေတော့ ကျွန်တော်တို့လည်း အလောင်းတွေကို ဆွဲထုတ်လို့မရတာနဲ့ နေ့ခင်းပိုင်းလောက်မှပဲ ကျွန်တော်တို့ ဆွဲထုတ်နိုင်တာဗျ။ ဖြစ်တာက ၇ နာရီခွဲလောက်က စဖြစ်တာ ဒါပေမယ့်ကျွန်တော်တို့ အလောင်းတွေ ဆွဲထုတ်နိုင်တဲ့အချိန်ကျတော့ ၁၂ လောက်မှ ကျွန်တော်တို့ ဆွဲနိုင်တာဗျ။”

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးဖွင့်ပွဲကို သွားရောက်ခဲ့သူတစ်ဦးကလည်း သူ့မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ရွာနဲ့က ၂ မိုင် ၃ မိုင်လောက်ပဲ ဝေးတယ်။ ဖွင့်ပွဲဖိတ်တော့ ကျွန်တော်တို့က သွားတယ်။ သွားတော့ အဲ့ လမ်းတဝက်မှာတင်ပဲ ကျွန်တော်တို့က ရပ်နေရတယ်။ ဟိုဖက်မှာ ဆက်တိုက်ပစ်နေတဲ့အတွက် ကျွန်တော်တို့က တိုးလို့မရဘူး။ Jet Fighter ပြန်သွားပြီးမှ ကျွန်တော်တို့က ပစ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ပြန်လာရတာ။ Mi 35 က လာပစ်တာ ရက်ရက်စက်စက်ပစ်တာ တောက်လျောက်မြင်နေရာတာ။”

ဒီလို ပစ်ခတ်ခံရတာဟာ အတွင်းက သတင်းပေးသူရှိတာကြောင့် ဖြစ်နိုင်ပြီး သတင်းပေးသူကိုလည်း ရှာဖွေနေတယ်လို့ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

“ခါတိုင်းဆိုရင် လေကြောင်းသတင်းရတယ်ဗျ။ ဒီနေ့ကတော့ ကျွန်တော်တို့ လေကြောင်းသတင်း မရတာကြောင့်လည်း ပါတယ်ပေါ့နော်။ ထင်လည်းထင်မထားတဲ့ အနေအထားလည်း ဖြစ်သွားတာပေါ့။ ပုံမှန်ပွဲငယ်လေးလောက်ကို သူတို့ လေကြောင်းသုံးမယ်လို့လည်း ကျွန်တော်တို့ ထင်မထားတာကြောင့်လည်း ပါမယ်ဗျ။ အဓိကကတော့ ဒလန်ကြောင့်ပေါ့ဗျာ။ ဒလန်ကတော့ ရှာဖွေနေဆဲပဲ ရှိသေးတယ်ဗျ။ ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့ အတိအကျ မပြောနိုင်သေးဘူး။ အတိအကျ သတင်းပေးတဲ့သူကတော့ ရှိတာ သေချာပါတယ်ဗျ။”

မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရတဲ့ နေရာကိုဘဲ စစ်ကောင်စီက ညနေ ၅ နာရီခွဲနဲ့ ၆ နာရီအကြားမှာ တိုက်လေယာဉ်တွေ အကြိမ်ကြိမ် ပျံဝဲပြီး ဗုံး ၁၂ လုံး ကျဲခဲ့တယ်လို့ မျက်မြင် သက်သေတွေက VOA ကို ပြောပါတယ်။ ညနေပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရတဲ့မရှိဘူးလို့ ပဇီကြီးကျေးရွာမှာ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မလည်တိုက်နယ်အတွင်းမှာ ဒါဟာ ပထမဆုံးအကြိမ်လေကြောင်းကနေ အကြီးကျယ် တိုက်ခိုက်ခံရတာဖြစ်တာကြောင့် ပဇီကြီး ကျေးရွာ အပါအဝင် ပတ်ဝန်းကျင်က ကျေးရွာ ၁၆ ရွာလောက်က ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ ကိုဗလကြီးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာကတော့ ရွာပျက်သလောက်ထိ ဖြစ်သွားပြီး ဒေသခံတွေက ကြောက်ရွံ့နေတာကြောင့် တောတောင်တွေထဲမှာ ပုန်းအောင်း စစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ဗျ (ပဇီကြီးရွာ) ပြည်သူတွေကတော့ မရှိကြတော့ဘူး၊ မရှိသလောက် ဖြစ်သွားပြီ။ ဒီမှာက ဒေသကာကွယ်ရေး အဖွဲ့လေးတွေလောက်ပဲ အလောင်းတွေ ကောက်ပြီးတော့ သင်္ဂြိုဟ်နေတယ်။ မီးသင်္ဂြိုဟ်တာပေါ့။ မီးသဂြိုဟ်နေတဲ့ အဖွဲ့လေးတွေပဲ ရှိတော့တယ်ဗျ။ ရွာကတော့ ပျက်လုနီးပါး ဖြစ်သွားတာပေါ့ဗျာ။ ဘေးနားက ရွာတွေလည်း ပြေးနေရတာ၊ ၁၆ ရွာလောက်ကတော့ ပြေးနေရတာ။ (ဒေသခံတွေက) ထိတ်လန့်တာပေါ့။ ဒီနားမှာက ဒီလို လေကြောင်း တိုက်ခိုက်မှုတွေက တစ်ခါမှလည်း ဖြစ်ဖူးတာမဟုတ်တော့ နီးစပ်ရာ ရွာတွေကလည်း ကြောက်ကြတယ်ဗျ။ အကုန်ုလုံး ဒေသခံတွေလည် ထွက်ပြေးတာပေါ့။”

ဒီကနေ့ စစ်ကောင်စီက ပဇီကြီးရွာကို လေကြောင်းက တိုက်ခိုက်တဲ့လုပ်ရပ်အပေါ် ရှုတ်ချကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရက ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက ဇင်းရွာ နောက်ပိုင်းကို ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီဖက်က လေကြောင်းပစ်ခတ်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}

ကန့ျဘလူနယျ ပဇီကွီးရှာ ဗုံးကြဲ တိုကျခိုကျခံရမှု လူ ၁၀၀ ကြောျသဆေုံး





















XS
SM
MD
LG