သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူခရိုင် တိုက်နယ် ၄ ခု စစ်ကောင်စီ တပြိုင်တည်း ထိုးစစ်ဆင်


ကန့်ဘလူ မြို့နယ်အတွင်းကကျေးရွာနေအိမ်တွေ မီးလောင်ကျွမ်း(ဒီဇင်ဘာ ၅၊ ၂၀၂၂/Photo: CJ) Kanbalu
ကန့်ဘလူ မြို့နယ်အတွင်းကကျေးရွာနေအိမ်တွေ မီးလောင်ကျွမ်း(ဒီဇင်ဘာ ၅၊ ၂၀၂၂/Photo: CJ) Kanbalu

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက တိုက်နယ် ၄ ခုကို မြန်မာစစ်တပ်က ဧပြီလ ၂ ရက်ကနေ ၄ ရက်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတချို့ကို မီးရှို့ခဲ့တာကြောင့် ဒေသခံ ၃၀,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်၊ ဇင်းရွာအနောက်ဘက်ကို လေကြောင်းကနေ ပစ်ခတ်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ထိခိုင် ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ကန့်ဘလူခရိုင်အတွင်းက ထန်းကုန်းတိုက်နယ်၊ ကိုးထောင်ဘိုတိုက်နယ်၊ ပင့်သာတိုက်နယ်နဲ့ ချပ်သင်း တိုက်နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တပြိုင်တည်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က VOA ကို ခုလိုပြောပါတယ်။

“ခမရ ၃၆၈ ကနေ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက ဉာဏ်အင်း၊ အင်းလယ်ကြီးဖက်ကို စစ်ကြောင်းထိုးတာ ရှိတယ်ပေါ့။ ရှိတဲ့ခါကျတော့ အဲ့ဒီဖက်က ကျေးရွာတွေ တော်တော်များများ ထွက်ပြေးကြရတော့ အဲ့ဒီဖက်မှာလည်း စစ်ဘေးရှောင်ရတာတွေ ရှိတာပေါ့။ ပြီးတော့ ဒီကိုးတောင်ဘို့တိုက်နယ်က ကိုးတောင်ဘို့ကနေ ထွက်တဲ့ ခလရ ၁၃၇ ပေါ့၊ အဲ့ဒီစစ်ကြောင်းထိုးနေလို့ ကိုးထောင်ဘို့ တိုက်နယ်ထဲမှာရှိတဲ့ ရွာတွေ တော်တော်များများကတော့ စစ်ရှောင်နေရတာ၊ ထွက်ပြေးနေရတာတွေ ရှိတယ်ပေါ့။ ပြီးတော့ဒီ ပင့်သာ တိုက်နယ်ဖက်မှာလည်း စစ်ကြောင်းတွေ ဒလစပ် ထိုးနေလို့ ထွက်ပြေးနေရတာတွေ ရှိတယ်။ ချပ်သင်း တိုက်နယ်ဖက်မှာလည်း စစ်ဘေးရှောင်တွေ ရှိတယ်ပေါ့နော်။ ကန့်ဘလူမြို့နယ်ရဲ့ တိုက်နယ် ၄ ခုလောက်မှာ အခု လတ်တလောကတော့ တော်တော်များနေတယ်ဗျ။ အရင်ကတည်းကမှ ရှောင်နေရတာတွေနဲ့၊ ရွာတွေမီးရှို့ခံရလို့ ထွက်ပြေးနေရတာတွေနဲ့ ဒါတွေ စုစုပေါင်းရင်တော့ ၃၊ ၄ သောင်းလောက်တော့ ရှိမှာပေါ့။”

ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းတွေ ဖွင့်နိုင်ဖို့ ကြိုးစားနေပြီး အခုလက်ရှိမှာ ချပ်သင်းတိုက်နယ်အတွင်းမှာ စစ်ရှောင်စခန်းတခု ဖွင့်ထားနိုင်ပြီဖြစ်တယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။

“စစ်ရှောင်တွေအတွက်ကတော့ ကျွန်တော်တို့ စစ်ရှောင်စခန်းတွေ ဖွင့်ဖို့ကြိုးစားနေတာပေါ့နော်။ ဒီ ချပ်သင်း တိုက်နယ်မှာဆိုရင်တော့ ကျွန်တော်တို့ စစ်ရှောင်စခန်းတစ်ခု လုပ်ထားလိုက်ပြီ။ လောလောဆယ် လူဦးရေက ၂၀၀ ကျော် ၃၀၀ လောက်ပဲ ကျွန်တော်တို့ လက်ခံ နိုင်သေးတာပေါ့နော်။ ထပ်ပြီးတော့မှ ပိုပြီးလက်ခံနိုင်ဖို့တော့ ကျွန်တော်တို့ ကြိုးစာနေတယ်ပေါ့။ ဒုက္ခရောက်တာတွေလည်း နည်းနည်း များနေတော့လေ။ ကိုးထောင်ဘို့ တိုက်နယ်မှာလည်း စစ်ရှောင်စခန်းတခု ပေါ်လာဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်ပေါ့။ ဒီဖက်က ထန်းကုန်း တိုက်နယ်နဲ့ ပင့်သာတိုက်နယ်မှာတော့ စစ်ရှောင်တွေက ကိုယ့်ဟာကိုယ် အဆင်ပြေတဲ့ဆီမှာ တဲတွေဆီမှာ ကပ်နေရတာမျိုး ရှိတယ်ပေါ့။ ခုလိုမျိုး နွေရာသီဆိုင်တော့ ရေရနိုင်တဲ့ နေရာတွေမှာ အဓိက မှီခိုပြီးတော့မှ ခိုအောင်းနေရတာမျိုးတွေလည်း ရှိတယ်။”

ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်တွေအတွက် နေထိုင်စရာ၊ ရိက္ခာနဲ့ ဆေးဝါးတွေလည် လိုအပ်နေတယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။ စစ်ဘေးရှောင်တွေက နွေရာသီမှာ ရေအခက်အခဲတွေ ရှိသလို မိုးရာသီကာလတုန်းက စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးရေး ထိခိုက်ခဲ့တာမို့ စားသောက်ရေးအတွက် ရိက္ခာတွေလည်း လိုအပ်တယ်လို့ ပြောပါတယ်။

“အားလုံးမှာ လိုအပ်ချက်ရှိတယ်။ နေရာ အမိုးအကာကစလို့ အခုလိုမျိုး ရာသီမှာဆိုရင် တအားပူတဲ့ခါကျတော့ ဒီကျွန်တော်တို့ဆီမှာ နဂိုကတည်းကမှ အညာလွင်ပြင်ရပ်ဝန်း ဖြစ်တဲ့ခါကျတော့ မိုးခေါင်ရေရှားဒေသဖြစ်တော့ သောက်စရာရေလည်း ရှားတယ်ပေါ့နော်။ နောက်ပြီးတော့ခါ ဒီ ပြီးခဲ့တဲ့ မိုးရာသီမှာလည်း စစ်ကြောင်းတွေ တရစပ် ထိုးတော့ စိုက်ရေး ပျိုးရေးက ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့ခါကျတော့ စားစရာ ဆန်လိုအပ်ချက်လည်း ရှိမယ်ပေါ့။ မြွေအန္တရာယ်ကလည်း တော်တော်လေးကို စိုးရိမ်ရတဲ့အ နေအထားရှိတယ်ပေါ့။ မြွေကိုက်လို့မို့ ပျက်စီးဆုံးရှံးတဲ့ လူနာတွေလည်း တော်တော်များတယ်။ ဆေးဝါးပြုစုစောင့်ရှောက်မှုပိုင်းမှာလည်း ကျွန်တော်တို့က လိုအပ်ချက်ကတော့ ပိုပြီးတော့များတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီဖက်မှာက ပြဿနာတစ်ခုက ဘာလည်းဆိုတော့ ဒီစစ်ဘေးရှောင်တွေက စခန်းတစ်ခုတည်းမှာ နေတာက လောလောဆယ် အနေအထားက ချပ်သင်း တိုက်နယ်မှာပဲ ရှိသေးတဲ့ခါကျတော့ အလှုရှင်တွေကလည်း လက်လှမ်းမမီတဲ့ အနေအထားမှာ ဖြစ်နေတယ်ပေါ့။ အဲ့လို အထောက်အပံ့ကလည်း နည်းတဲ့ခါကတော့ အခက်အခဲတွေကတော့ ရှိနေတယ်။”

ထန်းကုန်းတိုက်နယ်အတွင်းကို နယ်မြေရှင်းလင်းရေး ဝင်တဲ့ စစ်ကြောင်းက ဧပြီ ၂ ရက်နေ့က ဉာဏ်အင်းရွာကို ဝင်ပြီး အိမ်ခြေ ၄၂ လုံးကို မီးရှို့ခဲ့သလို ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အင်းလယ်ကြီး ရွာကိုဝင်ပြီး အိမ်ခြေ အနည်းဆုံး ၁၀၀ နီးပါးကို မီးရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီစစ်ကြောင်းဟာ အင်းလယ်ကြီးရွာအတွင်းက စိတ်မနှံ့တဲ့သူနဲ့ ကျန်းမာရေးမကောင်းလို့ စစ်ဘေး မရှောင်နိုင်သူ ဒေသခံ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒေသခံ ၂ ယောက်ကိုလည်း သတ်သွားတယ်ဗျ၊ တစ်ယောက်ကိုကျ လက်ပြန်ကြိုးတုတ်ပြီးတော့ မီးထဲ အိမ်ကို မီးရှို့တဲ့ထဲ ထည့်သွားတယ်ဗျ။ တစ်ယောက်ကတော့ အိမ်ပေါ်အတက်ကို ပစ်တာနေမှာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေနေတယ်ဗျ။ မီးထဲ ထည့်ခံရတဲ့သူက ကျန်းမာရေး မကောင်းတဲ့သူ၊ ဟိုတယောက်ကတော့ စိတ်နည်းနည်းလိုတယ်ဗျ။ စိတ်နည်းနည်း လွတ်နေတဲ့သူဆိုတော့ အရင်စစ်ကြောင်းတွေတုန်းကတော့ သူတို့ တကြောင်းကမှ မသတ်ခဲ့ဘူးဗျ။”

အင်းလယ်ကြီးကျေးရွာနဲ့ ဉာဏ်အင်းကျေးရွာတို့ဟာ အရင်ကလည်း မီးရှို့ခံခဲ့ရဖူးတဲ့ ရွာတွေဖြစ်ပါတယ်။ ပင့်သာတိုက်နယ်အတွင်းက အင်းမရွာအပါအဝင် ရွာတချို့ကိုလည်း စစ်ကောင်စီတပ်တွေက ဒီကနေ့မှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ဇင်းရွာအနောက်ဘက်ကို လေကြောင်းကနေ ပစ်ခတ်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေ ရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်း ရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG