သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားလင်းကြီးနယ်တဝိုက် စစ်ကောင်စီအင်အားတိုးချဲ့မှုကြောင့် ဒေသခံသောင်းချီ တိမ်းရှောင်နေရ


စစ်ကိုင်တံတားပေါ်မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတချို့ (အောက်တိုဘာ ၁၀၊ ၂၀၂၁)
စစ်ကိုင်တံတားပေါ်မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတချို့ (အောက်တိုဘာ ၁၀၊ ၂၀၂၁)

မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုဟာ ဒီနေ့ မတ်လ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာဘက်ကို ဦးတည် ထွက်လာတာကြောင့် ဖြတ်သန်းလာတဲ့ ကျေးရွာတွေက ဒေသခံတွေအများအပြား ထွက်ပြေးခဲ့ရပါတယ်။ မြန်မာစစ်ကောင်စီဟာ နယ်မြေမငြိမ်းချမ်းတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း သြင်္ကန်ပွဲ ကျင်းပဖို့ ရည်ရွယ်ထားတာကြောင့် ဒီမတိုင်ခင် လုံခြုံရေးယူဖို့ နယ်မြေရှင်းလင်းမှုတွေ လုပ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက တရုတ်ကြေးနီစီမံကိန်းဝန်းကျင်နဲ့ မုံရွာတဝိုက်မှာ အင်အားတွေ ထပ်ပြီးတိုးချဲ့နေတာ ဖြစ်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာဘက်ကို ဦးတည်သွားတဲ့ အင်အားတစ်ရာလောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဒေသခံအများအပြား ရှောင်တိမ်းခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်အဖွဲ့တွေကတော့ ထွက်ပြေးရသူ ဒေသခံ တစ်သောင်းလောက် ရှိနိုင်တယ်လို့ ပြောပါတယ်။ တရုတ်ကြေးနီစီမံကိန်းရှိတဲ့ ဒီဒေသမှာ မတ်လအတွင်း မြန်မာစစ်တပ်က အင်အား ပိုတိုးထားပြီး ရွာစဉ်လိုက် လှည့်ပတ်သွားလာနေကြောင်း မုံရွာပြည့်သူကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် မုံရွာမြို့ပေါ်မှာ သြင်္ကန်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်တယ်ဆိုတာ ပြသဖို့အတွက် စစ်ကောင်စီဘက်က ကြိုးပမ်းနေတာ ဖြစ်နိုင်ကြောင်း သူကပြောပါတယ်။

"အရင်ကထက်ပိုပြီး ကျေးရွာတွေကိုဝင်တယ်၊ အရင်ကထက်ပိုပြီး မီးတွေရှို့တယ်၊ လူတွေ သတ်ဖြတ်တယ်ပေါ့နော်။ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်လေး လုပ်လာတာကို တွေ့ရတယ်။ မုံရွာမြို့ရဲ့ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်း အကုန်ပါပဲ။ နောက်တခုက သူတို့ရဲ့ စစ်တပ်အင်အားလည်း တိုးချဲ့ထားတယ်။ ကျနော်တို့ နောက်ဆုံးကြားသိရတာက သြင်္ကန်လည်း နီးလာပြီဆိုတော့ မဏ္ဍပ်တွေဘာတွေ ဆောက်ထားတယ်ပြောတယ်။ အဲဒီအတွက်ကို ခန့်မှန်းရသလောက် သူတို့ကလည်း ဒီပွဲကိုမဖြစ်မနေ လုပ်မယ်ဆိုတော့ နယ်မြေရှင်းလင်းရေးပုံစံ ဝင်တာပါ။"

ဒီနေ့ဖြတ်သွားတဲ့ စစ်ကြောင်းကတော့ ရွာမီးရှို့တာ၊ သတ်ဖြတ်တာတွေမရှိဘဲ သေနတ်ပစ်ဖောက်ပြီး ခြောက်လှန့်တာမျိုးပဲ လုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ နေ့လည် ၂နာရီလောက်မှာ ကိုယ့်ရွာကို ပြန်လာကြကြောင်း ဒေသခံတချို့က ပြောပါတယ်။
ဆားလင်းကြီးနဲ့ ယင်းမာပင်ခရိုင်အောက်က မြို့နယ်တွေဟာ တရုတ်စီမံကိန်းတွေနဲ့ နီးနီးကပ်ကပ်ရှိတာကြောင့် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာကို မကြာခဏဆိုသလို ခံနေရပါတယ်။

"ကျနော်တို့ရွာမှာဆိုရင်တော့ တခြားရွာက တိမ်းရှောင်လာတာ နှစ်ရွာလောက်ရှိတယ်ဗျ။ ကျောက်မျက်ရယ်၊ ကံကုန်းရယ် အဲဒီနှစ်ရွာ။ ရပ်ရွာကစုပြီး ကျွေးရတာပေါ့။ သူတို့ အဲလိုရွာတွေထဲ ပတ်သွားပြီးတော့ အိမ်တွေလိုက်မွှေတယ်ဗျာ။ ရှိသမျှဟာတွေ အကုန်ယူတာပေါ့ ထုံးစံအတိုင်း။ သူတို့တင်မကဘူးဗျ သူတို့ရဲ့ အမျိုးသမီးတွေပါတယ်။ အမျိုးသမီးတွေက အနောက်ကနေ အဝတ်အစားကအစ လိုက်သိမ်း။ အဲလိုမျိုး တော်တော်ဆိုးနေတာ။ တော်ရုံတန်ရုံ အဝတ်အစား ဘာညာကအစ အကုန်လုံး အခက်အခဲတွေ ဖြစ်ကုန်ကြပေါ့။"

ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်က တရုတ်ကြေးနီစီမံကိန်းတွေကို ကာကွယ်ဖို့အတွက် စစ်တပ်က အင်အား အများအပြားကို အခု မတ်လထဲမှာ ထပ်ပြီး တိုးချဲ့ထားပါတယ်။ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်မှာ ကြေးနီစီမံကိန်းလုပ်နေတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ လက်နက်ကိုင်အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ ဒါကိုသတိပေးတဲ့အနေနဲ့ မတ်လ ၂၅ရက်မှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီဝင်းထဲက စစ်ကောင်စီရဲ့ ကင်းစခန်းတခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း လက်နက်ကိုင်အဖွဲ့တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}








XS
SM
MD
LG