သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်မြို့က စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့တွေဝင်စီး၊ တိုက်ပွဲပြင်းထန်နေ


(ယခင်ပုံဟောင်း) မကွေးတိုင်း ပေါက်မြို့နယ် ကျေးရွာနေအိမ်တွေ မီးလောင်ကျွမ်းခဲ့ ( Photo : CJ )
(ယခင်ပုံဟောင်း) မကွေးတိုင်း ပေါက်မြို့နယ် ကျေးရွာနေအိမ်တွေ မီးလောင်ကျွမ်းခဲ့ ( Photo : CJ )

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ဇီးပြားနယ်မြေရဲစခန်းနဲ့ ပျူစောထီးတွေရှိတဲ့ တရော်ကိုင်းကျေးရွာကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကောင်စီ နယ်မြေရှင်းလင်းမှုတွေအတွင်း ဒေသခံတွေ ဖမ်းဆီးခံထားရတာတွေ ရှိနေပါတယ်။ မကွေးတိုင်းထဲက အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးမှာပါ။

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ဇီးပြားနယ်မြေရဲစခန်းနဲ့ တရော်ကိုင်းကျေးရွာကို မတ်လ ၂၀ ရက် မနက် ဝေလီဝေလင်းအချိန်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အရင်ကလည်း ဒီရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသလို ဒီတစ်ကြိမ်ဟာ ၃ ကြိမ်မြောက် ဝင်ရောက် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လင်္ကျာက အခုလို ပြောပါတယ်။

“မနက် ၅ နာရီ ၄၀ လောက်မှာ ဇီးပြားရဲစခန်း အနောက်ဖက် ၂ ဖာလုံခန့်အကွာမှာ တရော်ကိုင်း ပျူကျေးရွာရှိတယ်၊ နောက်ထပ်ပျူရွာပေါ့၊ လက်နက်တွေဘာတွေ ချပေးထားတယ်။ အဲ့ရွာတွေကို ပေါက်ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းပြီး ပူးတိုက်တာပေါ့။ ၃ နာရီလောက်ကြာတယ်။ အဲ့ဒီမှာ ချောင်းကူး(ရွာ) ပျဉ်းမ(ရွာ) ဘက်ကနေ ၁၂၀ တွေနဲ့ အဆက်မပြတ်ပစ်နေလို့ ကိုယ့်လူတွေ ထိခိုက်ဒဏ်ရာ ရမှာဆိုးလို့ ပြန်ဆုတ်လာခဲ့တယ်။”

ရဲစခန်းထဲမှာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းအချို့နဲ့ ဒေသခံပျူစောထီးတွေ တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကည်း သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။

လက်ရှိအချိန် ပေါက်မြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်း ၃ ကြောင်းခန့်ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေသလို တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်နေတာပါ။

မကွေးတိုင်းထဲက ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာဆိုရင်လည်း စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ မတ်လလယ်မှာ မြောင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့သလို မတ်လ ၁၇ ရက်မှာတော့ ရေလယ်ကျွန်းဒေသကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။

မတ်လ ၁၉ ရက်မှာ ရေလယ်ကျွန်းဒေသက မီးလောင်ကျွန်းကျေးရွာမှာ တပ်စွဲနေပြီး ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရေလယ်ကျွန်း ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“မြောင်နယ်ဘက်ကိုမွှေပြီးတော့ လက်ရှိ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းကို ဝင်တာခင်ဗျ။ စစ်ကြောင်းအင်အားက ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲကို ပစ်ခတ်ပြီးဝင်တယ်။ ပြည်သူတွေကိုပေါ့နော်။ အခုလက်ရှိ သူတို့ ပြည်သူ ၃၀ ဝန်းကျင်လောက်ရှိမယ်။ ဘယ်ရွာကရယ်လို့တော့ အတိအကျတော့ မသိဘူး။ ဒါပေမယ့် သေချာတာကတော့ ၃၀ ဝန်းကျင်လောက် ပိတ်မိပြီး ဖမ်းခံထားရတာပေါ့။ ဖမ်းထားပြီးတော့ မနက်က ကြားတဲ့သတင်းအရ ရိုက်တာတွေ နှက်တာတွေ အဲ့လိုတွေတော့ လုပ်တယ်ပေါ့နော်။”

ဒေသခံတွေကို မီးလောင်ကျွန်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းထားသလို စစ်ကြောင်းဟာလည်း ရွာထဲမှာ တပ်စွဲနေတာ ၂ ရက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

လက်ရှိ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပြီး ဒီစစ်ကြောင်းဟာ တပ်မ (၉၉) (၇၇) နဲ့ (၃၃) လက်အောက်ခံ တပ်ရင်းတွေကို ထုတ်နှုတ် စုပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပြောပါတယ်။

ဒီစစ်ကြောင်းဟာ စစ်ကိုင်းကနေ မြင်းမူမြို့နယ်နဲ့ မြောင်မြို့နယ်တို့ကို နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ပြီးနောက် ရေစကြိုမြို့နယ်ထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG