သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ−မန္တလေး အမြန်လမ်းဘေးကကျေးရွာကို စစ်ကောင်စီမီးရှို့၊ သက်ကြီးရွယ်အို ၃ ဦးသေဆုံး


(ယခင်ပုံဟောင်း) မီးရှို့ခံထားရတဲ့ စစ်ကိုင်းတိုင်းထဲကကျေးရွာနေအိမ်တစ်လုံး (မတ်လ ၁ ရက်၊ ၂၀၂၃)
(ယခင်ပုံဟောင်း) မီးရှို့ခံထားရတဲ့ စစ်ကိုင်းတိုင်းထဲကကျေးရွာနေအိမ်တစ်လုံး (မတ်လ ၁ ရက်၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မုံရွာ-မန္တလေး အမြန်လမ်းဘေးမှာရှိတဲ့ ထနောင်းတော တောင်ရွာကို မြန်မာစစ်တပ်က မတ်လ ၁၅ ရက် မနေ့က ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ဝန်းကျင်မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို ၃ ဦး သေဆုံးခဲ့ပါတယ်။ မုံရွာမြို့ရဲ့ အနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုလည်း မနေ့ကဝင်ရောက် စီးနင်းခံခဲ့ရပြီး ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

မုံရွာမြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းထဲက အင်အား ၃၀ ဝန်းကျင်လောက်က မတ်လ ၁၅ ရက် မနေ့က မနက် ၆ နာရီ ဝန်းကျင်လောက်မှာ ထနောင်းတော တောင်ရွာကို ဝင်ရောက် ပစ်ခတ် မီးရှို့ခဲ့တယ်လို့ မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ခုလိုပြောပြပါတယ်။

“မနေ့က ၁၅ ရက် မနက်ပိုင်း ၆ နာရီမှာ ထနောင်းတောရွာကို သေနတ်တွေ ဖောက်ပြီး ဝင်လာပြီးတော့ မီးရှို့သွားတာပါဗျ။ အင်အားက ၂၀ ကျော်နဲ့ ၃၀ ပတ်ချာလည်ပဲ ရှိပါတယ်ဗျ။ အများကြီးမပါပါဘူး။ အိမ်က ၅၉ အိမ် လောင်သွားတယ်ဗျ၊ လက်ရှိစာရင်းအရတော့။”

ထနောင်းတောတောင်ရွာကို မြန်မာစစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့တာကြောင့် ဘေးပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းတွေ ပြန်ထွက်သွားချိန်မှာတော့ တချို့ရွာတွေကလူတွေ ရွာထဲကို ပြန်ဝင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်တွေ မီးရှို့တဲ့အချိန်မှာ ရွာအတွင်းက မပြေးမလွားနိုင်တဲ့ သက်ကြီးရွယ်အို ဘိုးဘွား ၃ ဦး မီးလောင်ပြီး သေဆုံးခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ မုံရွာ အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက VOA ကို ခုလိုပြောပါတယ်။

“ရွာထဲမှာ သူတို့ဝင်လာတော့ အကုန်လုံး ထွက်နိုင်တဲ့သူတွေကတော့ ထွက်ပြေးကြတာပေါ့ဗျာ။ ဒါပေမယ့် သက်ကြီးရွယ်အိုပိုင်းတွေကကျတော့ မပြေးနိုင်ဘူးလေ။ ဆိုင်ကယ်နဲ့ တင်ပြေးဖို့ကျတော့လည်း ဆိုင်ကယ် အခက်အခဲဖြစ်တာရော၊ ဒါကြောင့်မို့ ရွာထဲမှာ မီးမရှို့လောက်ဘူး ထင်ပြီးတော့ အိမ်မှာပဲ ပုန်းနေကြတာပေါ့၊ သက်ကြီးရွယ်အိုတွေက။ အိမ်ကိုလည်း မီးရှို့သွားတယ်။ ပုန်းနေတဲ့ သက်ကြီးရွယ်အိုက ကျွန်တော်တို့ အဘိုးအဘွား ၂ ယောက်။ အဲ့ ၂ ယောက်ကို သူတို့ အိမ်သာထဲမှာ ဝင်ပုန်းနေကြတာနဲ့ တူပါတယ်။ ပုန်းနေတုန်းမှာ စစ်ကောင်စီတပ်က မီးရှို့လိုက်တော့ အိမ်သာထဲမှာပဲ မီးခိုးတွေမွန်ပြီးတော့ အပူရှပ်ပြီး အပူလောင်သွားတာတွေရော၊ အိမ်သာတခါးပေါက်က မီးလောင်သွားတာဆိုတော့။ အဘိုးတစ်ယောက်ကကျတော့ လေဖြတ်ထားတာလို့ပြောတယ်ဗျ။ အဲဒါကတော့ ကျွန်တော်တို့ မီးဝင်ငြိမ်းနေတုန်းမှာ စစ်ကောင်စီတပ်တွေ ပြန်ဝင်လာတယ်ဆိုလို့မို့ ကျွန်တော်တို့ မီးဝင်ငြိမ်းနေတဲ့သူတွေက ပြန်အထွက်မှာ အရင် သူတို့ရှို့ထားတဲ့ မီးက တခြားအိမ်တွေ ကူးပြီးတော့ လေဖြတ်ထားတဲ့ အဘိုးက ပါသွားတာဗျ။”

၂၀၂၂ ခုနှစ်တုန်းကလည်း ထနောင်းတော တောင်ရွာနဲ့ မြောက်တို့ကို မြန်မာစစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ဖူးပြီး နေအိမ် ၁၀ လုံးဝန်းကျင်လောက် မီးရှို့ခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့ကပဲ နမခ ကနေ လာတဲ့ နောက်ထပ် စစ်ကြောင်းတစ်ခုက မုံရွာမြို့တောင်ဖက် လဝက ရုံးအဟောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အင်အားဖြည့်ပြီး ညောင်ပင်ထောင့်ရပ်ရဲ့ အနောက်ဖက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့တယ်လို့ မုံရွာ အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ခုလိုပြောပြပါတယ်။

“မနေ့က လာတာက စစ်ကြောင်း ၂ ကြောင်းလာတယ်ဗျ၊ နောက်တစ်ကြောင်းက နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က နေပြီးတော့မှ ဒီမုံရွာတောင်အထွက်က လဝကရုံး အဟောင်းနေရာမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းနေရာမှာလာပြီးတော့ ကား ၂ စီးနဲ့ အင်အားတွေ ချထားတယ်။ အင်အားချသွားပြီးတော့ သူတို့ရဲ့ စစ်ကြောင်းက ညောင်ပင်ထောင့်ရပ်ပေါ့၊ မုံရွာရဲ့ တောင်အထွက် ညောင်ပင်ထောင့်ရပ်က အဲ့ဒီရဲ့ အနောက်ဖက်မှာ PDF စခန်းတခုကို သူတို့ ဝင်ပြီးတော့ စီးတယ်ဗျ။ အင်အားက ၁၀၀ ကျော်ကျော်လောက်တော့ ပါတယ်လို့ ပြောတယ်ဗျ။ အဲ့ဒါကတော့ ကျွန်တော်တို့ မုံရွာနဲ့ တော်တော်နီးတယ်ဗျ၊ ဒီဖြစ်စဉ်ကတော့။ စခန်းက လူဦးရေ ၁၅ ယောက် ရှိတယ်လို့ပြောတယ်၊ အဲ့ဒီထဲကမှ ၂ ယောက်ပဲလွတ်တာ၊ ကျန်တဲ့ဟာတွေကတော့ အကုန်ပါသွားတယ်ဗျ။ အခုလောလောဆယ်ကတော့ အလောင်းတွေလဲ အဲ့နားမှာ ရှိတယ်လို့ ပြောတယ်၊ ဘယ်သူမှတော့ မကပ်ကြသေးဘူး။ မနက်ခင်း ဒီမနက်ပိုင်းမှာပဲ အဲ့စစ်ကြောင်းက ပြန်ဝင်လာပြီး အခု အဲ့စစ်ကြောင်းက ပျောက်နေတယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ကတနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG