သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်နယ်မှာ အိမ်ခြေ ၂၇၀ ကျော် စစ်ကောင်စီမီးရှို့၊ အဖွားအိုတစ်ဦး သေဆုံး


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက သမ္မာရိုးကျေးရွာကို မြန်မာစစ်တပ်က မတ်လ ၁၇ ရက်နေ့က အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၂၇၀ ကျော်ကို မီးရှို့တာမှာ အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သမ္မာရိုးကျေးရွာ ဒေသခံတွေက ပြောပြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီးမဆုမွန် တင်ပြပေးပါမယ်။

မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာကို ရွာသာကြီး စံပြကျေးရွာမှာ စခန်းချနေတဲ့ စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့ ရွာပတ်လည်ကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သမ္မာရိုးစံပြကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ နီးပါးရှိတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။ ဒီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတာဖြစ်ပြီး ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၂၇၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ ဒေသခံတချို့ စစ်ဘေးရှောင်နေထိုင်တတ်တာကြောင့် ဘုန်းကြီးကျောင်းကိုပါ ဦးတည်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သမ္မာရိုးကျေးရွာက ဒေသခံတစ်ဦးက VOA ကို ခုလို‌ပြောပြပါတယ်။

“ကျွန်တော်တို့ သမ္မာရိုးစံပြကျေးရွာဆိုလို့ရှိရင် အင်အား ၂၆၀ ပေါ့၊ စစ်ကြောင်းက အဲ့ဒီ ၂၆၀ ထဲကမှ ၃ ကြောင်းခွဲပြီးတော့မှ ဝင်တာဆိုတော့ ရွာထဲမှာ ဖြန့်တာပေါ့နော်။ သူတို့က ဖြန့်ဝင်လာပြီးတော့ ရွာကို မီးရှို့တယ်ပေါ့။ ရွာခြေဖျား ကိုးအိမ်တန်းလေးကနေမှ ရွာမကြီးပေါ့၊ အဲ့လို ဖြန့်ရှို့တာပေါ့။ သူတို့က သေနတ်နဲ့ ပစ်(ဝင်)ပြီးတော့မှ ရှို့တာမျိုးပေါ့။ အိမ်ခြေကတော့ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ၂၇၅ အိမ်ပေါ့။ လူနေအိမ်ဆိုရင်တော့ ၂၇၃ အိမ်ပေါ့၊ ဘုန်းကြီးကျောင်းက သံဃာဆောင်တစ်ဆောင်ရယ်၊ ဆွမ်းစားဆောင်တစ်ဆောင်ရယ် အဲ့ဒါရောပေါင်းမှ ၂၇၅ အိမ်ပေါ့။ ဘုန်းကြီးကျောင်းကိုလည်း ပစ်မှတ်ထားတဲ့ပုံပါဘဲ။ ရည်ရွယ်ချက်ရှိရှိ ရှို့တဲ့သဘောပါဘဲ အရာကြည့်ရတာကတော့။ ဟိုလို ကူးပြီးလောင်တာမျိုးလည်း မဟုတ်ပါဘူး။ ပြည်သူတွေဟာ ဘုန်းကြီးကျောင်းမှာပဲ အားကိုးတယ်ပေါ့။ ဘုန်းကြီးကျောင်းမှာပဲ နေတယ်ထိုင်တယ်ပေါ့။ အဲ့ပုံစံမျိုးလေးတွေကြောင့်လို့ထင်တာပဲ။”

သမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့စဉ်မှာ လေဖြတ်နေတဲ့ အသက်၇၀ အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကောင်စီစစ်ကြောင်းဟာ ၁၇ ရက်နေ့မှာ ကျေးရွာအတွင်းက ဒေသခံအများအပြားကို ဖမ်းဆီးခဲ့ပေမယ့် တချို့ကို ပြန်လွတ်ပေးခဲ့ပြီး ၁၀ ယောက်ကိုတော့ မုံရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီ ၁၀ ဦးထဲက ၆ ဦးကိုတော့ မတ်လ ၁၈ ရက်နေ့မှာ မုံရွာမြို့အရောက်မှာ ပြန်လွတ်ပေးခဲ့ပြီး ၄ ဦးကတော့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

“ဓားစာခံတွေကလည်းပါသွားတာပေါ့လေ။ ဓားစာခံတွေက အဲ့နေ့က မုံရွာကို ဓားစာခံ ၁၀ ယောက်ပါသွားတာမှာ ၆ ယောက်ပဲ ပြန်လွှတ်လိုက်တယ်ပေါ့နော်။ ကျန်တဲ့ ၄ ယောက်ကတော့ ခုချိန်ထိ သတင်းမရသေးဘူးပေါ့။ ဘယ်ကနေ ဘယ်စစ်ကြောင်းကိုမှ ပါသွားတယ်ဆိုတာလည်း ကျွန်တော်တို့က မသိရသေးဘူး။ မုံရွာမှာ ရှိနေသေးလားဆိုတာလည်း မသိရသေးဘူးဗျ။ ဓားစာခံတွေ ပါသွားတယ်ဆိုတာလည်း သူတို့ကားတွေပေါ်မှာ ကျွန်တော်တို့ ဒေသခံတွေက တစုတစည်းတည်း စီးရတာမဟုတ်ဘူးဗျ။ ၂ ယောက်တစ်စီး၊ ၃ ယောက် တစ်စီး၊ ၄ ယောက်တစ်စီးပေါ့နော်၊ အဲ့လိုမျိုးတွေပဲစီးရတာဗျ။ ကားပေါ်မှာ ခွဲပြီးခေါ်တာပေါ့။”

လက်ရှိမှာတော့ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေဟာ ကျေးရွာကို ပြန်ဝင်နေကြပြီဖြစ်ပြီးတော့ မီးရှို့ခံရတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်တာနဲ့ ဒေသခံတွေလိုအပ်တဲ့ အကူအညီတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဝိုင်းဝန်း ဆောင်ရွက်ပေးနေကြတယ်လို့ ဆိုပါတယ်။ နေအိမ်တွေ ပြန်ဆောက်ပေးဖို့၊ လက်ရှိ နေထိုင်ရေးတွေအတွက်နဲ့ စားသောက်ရေးတွေအတွက်ပါ ကူညီဆောင်ရွက်ပေးနေကြတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ ကာကွယ်ရေး အဖွဲ့တွေမှာ လာရောက်လှူဒါန်းတာမျိုးတို့ ရပ်ဝေးရပ်နီးက စုပေါင်းပြီး လာရောက်လှူဒါန်းတာမျိုးတို့ပေါ့၊ ဆန်တို့ ပဲတို့ အဝတ်အစားတို့ကတော့ တခါတည်းပါဘဲသူ့ရဲ့ လိုအင်အနေအထားလေးနဲ့ပေါ့ ရသင့်သလောက်လေးတွေ ခွဲဝေပြီးတော့ အကုန်လုံး မီးသင့်တဲ့သူတွေကိုတော့ ခွဲဝေပေးနေပါတယ်။”

ဝက်လက်မြို့နယ်အတွင်းကို ဒီ မတ်လအတွင်း မြန်မာစစ်တပ်က စစ်ကြောင်းတွေ များစွာခွဲပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေသလို ကျေးရွာတွေကိုလည်း မီးရှို့ခဲ့တာတွေ ရှိပါတယ်။ ဒီတလအတွင်းမှာ ဝက်လက်နယ်ထဲက ကျေးရွာ ၁၀ ရွာထက်မနည်း စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေ ရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်း ရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}















XS
SM
MD
LG