သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲနယ်က ပျူစောထီးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်


စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့

စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပုလဲမြို့နယ်က ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့သလို အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ မြောင်မြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်ရေးတင်းမာနေပါတယ်။ စစ်တိုင်းထဲကအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

စစ်ကောင်စီကို ထောက်ခံ အားပေးသူ ပျူစောထီးတွေရဲ့ ခြေကုတ်နေရာတခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဇီးဖြူကုန်းကျေးရွာကို မတ်လ ၂၁ ရက် မနက် ၃ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် မနက်အစောပိုင်းမှာတော့ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ကြပါတယ်။

တိုက်ပွဲအတွင်း အသက် ၆၀ အရွယ် အမျိုးသမီးတဦး ကျည်ဆံထိမှန် သေဆုံးခဲ့ပါသေးတယ်။ တိုက်ပွဲအခြေအနေကိုသိရှိတဲ့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တဦးက အခုလို ပြောပြပါတယ်။

“ပျူစောထီးနေတဲ့ တပ်စွဲထားတဲ့ ရွာပေါ့။ အဲ့ရွာကို ကျွန်တော်တို့ ဒီတိုက်ပွဲတွေဖြစ်သွားကြတာ။ ဒီဘက်က ကာကွယ်ရေးအဖွဲ့တွေ သွားတိုက်ကြတာ။ ကျွန်တော်တို့ကြားရသလောက်က တော်တော်ကြီးကို ပြင်းထန်တယ်။ ဝေဟင်ကလာတဲ့၊ လာကူရတဲ့အခြေအနေတောင် ရှိသွားတယ်ခင်ဗျ။ ရဟတ်ယာဉ်က မနက်ခင်း ဝေလီဝေလင်းလောက်မှာ ရဟတ်ယာဉ်ရောက်လာတယ်။ မနေ့က ၁၅ မိနစ် မိနစ် ၂၀ လောက်ရှိမယ်ခင်ဗျ၊ သူတို့ပစ်တာ။ ထိခိုက်ဒဏ်ရာက ဒေသခံထဲက ၁ ဦးတော့ထိတယ်။ သူကတော့ စနိုက်ပါကျည် အိမ်ရှေ့မှာပေါ့ အိမ်ရှေ့တန်းလျားမှာ ထိုင်နေရင်းနဲ့ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ကျည်ပေါ့၊ ညာဘက်ရင်အုပ်ကို သွားပြီးမှန်သွားတာ။”

သေဆုံးသွားတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးမှာ ဒေါ်ခင်ဝင်းဆိုသူဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဇီးဖြူကုန်းကျေးရွာနဲ့ ရွာချင်းကပ်လျက်ဖြစ်တဲ့ သရက်ကျေးရွာက ဖြစ်ပါတယ်။ ကျည်ဆံထိမှန်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံး ရှိခဲ့ပြီး ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မြန်မာ့တော်ဝင်နဂါးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဇီးဖြူကုန်းကျေးရွာဟာ စစ်တပ်ထောက်ခံသူတွေ အားကောင်းတဲ့ကျေးရွာတရွာဖြစ်ပြီး စစ်သင်တန်းပေးတာ၊ လက်နက် တပ်ဆင်ပေးထားတာတွေလည်း ရှိသလို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲတွေဖြစ်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာဆိုရင်လည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး မနေ့ မတ်လ ၂၁ ရက်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကြောင်းဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကနေ စစ်ကိုင်းတိုင်း မြောင်မြို့ထဲကို ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းနေတာလည်း ဖြစ်ပါတယ်။

မြောင်မြို့နယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“ရေစကြိုမြို့နယ် မီးလောင်ကျွန်းကနေ ထွက်ပြီး မြောင်နယ်အဖျားက ပန်းညိုရွာကို စဝင်တာ။ မနေ့က တိုက်ပွဲဖြစ်တာက မြစ်ဆုံနဲ့ ခေါင်းကွဲရွာကြားမှာ ဖြစ်တာ။ တိုက်ပွဲက ကိုယ့်ဘက်က အသာစီးရတယ်။ စစ်ကြောင်းက ကျောက်ရစ် ရဲစခန်းနားက သရက်သာ အနောက်ရွာက ဘုန်းကြီးကျောင်းထဲမှာ အခုလောလောဆယ် အခြေပြုနေတယ်။”

ပန်းညိုရွာကို ဝင်ရောက်ချိန်မှာ ကားတစီးနဲ့ဆိုင်ကယ် အချို့ကိုလည်း မီးရှို့သွားသေးယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းဟာ မြင်းမူ၊ ရေစကြို ၊ မြောင် ၊ စစ်ကိုင်း စတဲ့ မြို့ဧရိယာ ထိစပ်နေတဲ့ ကျေးရွာတွေကို လှည့်ပတ်သွားလာပြီး နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းဖြစ်ပြီး ဒေသခံတွေကတော့ ဘီလူးစစ်ကြောင်းလို့ ခေါ်ဆိုကြပါတယ်။

စစ်ကိုင်းမြို့ တာတိုင်ကျေးရွာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေအပြင် ရေစကြိုမြို့နယ် မီးလောင်ကျွန်းကျေးရွာကို ဝင်ရောက် တပ်စွဲချိန်မှာလည်း ဒေသခံ ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

{Unicode}














XS
SM
MD
LG