သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူနယ်က ကျေးရွာတွေကို စစ်ကောင်စီမီးရှို့၊ အရပ်သားတစ်ဦးသေ


ကန့်ဘလူ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu
ကန့်ဘလူ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ထဲက ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၅၀ လောက် မတ်လ ၂၃ ရက်မနေ့ ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။ စိတ်ကျန်းမာရေး မကောင်းသူ ဒေသခံ တစ်ဦးကိုလည်း ပစ်သတ်ပြီး မီးရှို့ခဲ့ပုံရတယ်လို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် အနည်းဆုံးကျေးရွာ ၉ ရွာက ဒေသခံ တစ်သောင်းဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရပါတယ်။ ဒီအကြာင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပေးပါမယ်။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ထဲက ပျူစောထီးတွေနေကြတဲ့ ရွာလို့သိထားကြတဲ့ ညောင်ဇင်လေးကျေးရွာမှာ အခြေချတပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ မတ်လ ၂၃ ရက် မနေ့ ညနေ ၄ နာရီ ခွဲအချိန်လောက်မှာ ကပ်ရပ်မှာရှိတဲ့ ညောင်ဇင်ကြီးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ရွာထဲက စိတ်ကျန်းမာရေးမကောင်းသူ ဒေသခံတစ်ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်ပြီး မီးရှို့ထားခဲ့ပုံရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

“ညောင်ဇင်ကြီးရွာနဲ့ ညောင်ဇင်လေးရွာဆိုတာက တစ်မိုင်လောက်ပဲ ဝေးတာဗျ၊ ထန်းကုန်း တိုက်နယ်ထဲမှာပေါ့နော။ ညောင်ဇင်လေးရွာက ပျူရွာ၊ ပျူရွာမှာရှိနေတဲ့ ပျူနဲ့ စကစ တွေက ညောင်ဇင်ကြီးရွာထဲကို ဝင်ခဲ့ပြီးတော့ အဲ့မှာ သူတို့ လိုချင်တဲ့ ပစ္စည်းတွေကို ကားနဲ့ တိုက်သယ်တယ်။ ပြီးတော့ ရွာကို မီးရှို့ထားခဲ့တာပေါ့နော်၊ မနေ့က။ မနေ့က ညနေက ကျွန်တော်တို့ ရေကြည့်တာတော့ အကြမ်းဖျင်းကတော့ ၃၀ လောက်ရှိမယ်ဗျ။ အဲ့မှာ ရွာထဲမှာရှိတဲ့ အရူးတစ်ယောက်ကို ပစ်သတ်ထားခဲ့ပြီးတော့ အိမ်ပေါ် မီးတင်ရှို့ထားခဲ့တာဗျ။”

ဘုန်းကြီးကျောင်းမှာ သွားသိမ်းထားကြတဲ့ ပြည်သူတွေရဲ့ ရိက္ခာတွေအပါအဝင် စပါးတင်း ရာနဲ့ချီကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်ဇင်ကြီးကျေးရွာဟာ ဒီနှစ် ဖေဖော်ဝါရီလ အစပိုင်းတုန်းကလည်း တစ်ကြိမ် မီးရှို့ခံရဖူးပါတယ်။ အခုလက်ရှိမှာ ညောင်ဇင်ကြီးရွာနဲ့ အနီးတဝိုက် ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၉ ရွာလောက်က ဒေသခံတွေ တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဒီကနေ့နဲ့ဆိုရင် ၂ ရက်ရှိပြီလို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“စစ်ရှောင်နေကြရတာက သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်း၊ နောက်ပြီးတော့ ဘိုတဲကုန်း၊ ဆူးပုတ်ကုန်း၊ ဘိုကုန်း၊ သပြေသာ၊ ပေလည် စသဖြင့် အားလုံး ၉ ရွာလောက် ရှောင်နေရတယ်ဗျ။ ရွာလုံးကျွတ်တွေ ရှောင်ရတာပေါ့နော်။ ရွာတွေကတော့ ရွာကြီးတွေ များတယ်။ သရက်ခေါင်းဆိုရင် အိမ်ခြေ ၇၀၀ လောက် ရှိမယ်။”

ညောင်ဇင်လေးရွာနဲ့ အနီးတဝိုက်ရွာတွေဖြစ်တဲ့ ထန်းကုန်း၊ ယော၊ လယ်လှ စတဲ့ ရွာတွေဟာ စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးရွာတွေဖြစ်တယ်လို့ အဲဒီဘက်က ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေမှာလည်း စစ်တပ်တွေ တပ်စွဲထားပြီး အင်အားတွေဖြည့်တင်း စစ်ကြောင်းတွေခွဲပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်နေကြတာကြောင့် အနီးဝန်းကျင်က ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဘေးလွတ်ရာ ထွက်ပြေးနေကြသူတွေအနေနဲ့လည်း ပါတ်လည်ရွာတွေမှာ စစ်တပ်က စခန်းတွေချတာကြောင့် သူတို့ရွာတွေထဲ ပြန်မဝင်ရဲကြသေးပါဘူး။

“ညောင်ဇင်လေးဖက်မှာလည်း အင်အားတွေ ရှိသလို ထန်းကုန်း၊ ယော၊ လယ်လှ အဲ့ဖက်ကဟာတွေမှာရော အင်အားတွေ ရှိနေတဲ့အတွက် ရှင်းရှင်းပြောရရင် ဒီနေရာက ဟိုဖက် ပျူကွင်းနဲ့ ပြည်သူ့ကွင်းနဲ့ ချုပ်စပ်လို ဖြစ်နေတာပေါ့။ ခုတော့ သူတို့ ပျူကွင်းဖက်မှာ အင်အား ၄၀၀ လောက်တော့ ရောက်နေပြီ။ အခု အင်အား ၂၀၀ လောက်နဲ့ ထန်းကုန်းအရှေ့ဖက် ယော၊ လယ်လှ ဘက်ကနေ အင်အား ၂၀၀ လောက်နဲ့ တစ်ကြောင်းထွက်လာတယ်။ အခု ဆူးပုတ်ကုန်းကို ဝင်နေပြီ။ ကျွန်တော်ထင်တယ်။ ဒီထန်းကုန်းတိုက်နယ်ကို သူတို့ နင်းမယ်ထင်တာပဲ။ အင်အားတွေကတော့ တော်တော်များနေပြီ အဲ့ဖက် ထန်းကုန်း ကျွန်တော်တို့ ယော၊ လယ်လှ၊ တပင် ပျူရွာတွေပေါ့နော သင်ပေါင်းကျင်း၊ ညောင်ဇင်လေး၊ အင်ငုတ်ကြီး ဒါတွေမှာဆိုရင် အင်အားက ဒီပတ်ချာလည် ပေါင်းလိုက်ရင် အင်အားက ၃−၄၀၀ လောက်တော့ရှိမှာပဲ။ ကျွန်တော်ရတဲ့သတင်းတွေအရပေါ့။ သူတို့ကတော့ ဟိုရွေ့ဒီရွေ့ပေါ့၊ ခုထွက်လာတဲ့ စစ်ကြောင်းကတော့ အင်အား ၂၀၀ လောက်ရှိတယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေမှာ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်တပ်က စွပ်စွဲထားသလို ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ၊ ဖျက်စီး၊ မီးရှို့မှုတွေလုပ်နေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေ ရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်း ရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG