သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း ရေဦးမြို့အနီးက ဒေသခံ ၂ ဦး ကျည်ဆံထိမှန်


(ယခင်ပုံဟောင်း) စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။ (Photo: Citizen Journalist )
(ယခင်ပုံဟောင်း) စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။ (Photo: Citizen Journalist )

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲမှာ ကြာပန်းညို ကျေးရွာကို စစ်တပ်က ဝင်ရောက် နယ်မြေရှင်းလင်းစဉ် ဒေသခံ ၂ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့တွေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက မြောင်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မတ်လ ၃၁ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ မြို့နဲ့ ၄ မိုင်နီးပါး ကွာဝေးတဲ့ ကြာပန်းညိုကျေးရွာကို သေနတ်တွေပစ်ဖောက် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်တာပါ။ စစ်တပ်စစ်ကြောင်းသွားရာလမ်းမှာရှိနေတာကြောင့် နယ်မြေရှင်းလင်းတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာထဲဝင်ရောက်ပစ်ခတ်မှုကြောင့် ကြာပန်းညို ကျေးရွာက ဒေသခံ ၂ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထားရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်တာလို့ ဗေဒါကြီးကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပြပါတယ်။

“ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စကစ အကြမ်းဖက် အင်အား ၁၀၀ ခန့်က ရေဦးမြို့၊ ရွှေပြည်သာ အထွက်ကနေ ကြာပန်းညိုရွာထဲကို ပစ်ဝင် ဝင်တယ်ခင်ဗျ။ ပြည်သူတွေ အသက်လုပြီး ပြေးရတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပြည်သူ ၂ ယောက် သေနတ်ထိမှန်တယ်ပေါ့။ ရေဦးမြို့နယ် ကြာပန်းညိုကျေးရွာက ပြည်သူ ၂ ယောက်ပေါ့။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ မန္တလေးကိုခေါ်သွားပြီ။ ဒါပေမယ့် (အသက်) ပြန်ရဖို့ လွယ်တော့ မလွယ်ဘူးပြောတယ်။ ကြာပန်းညိုကနေ မူးချောင်းတလျှောက်၊ မူးချောင်းကိုဖြတ်ပြီးတော့ အရာတော် အနောက်ကျွန်းထဲထိအောင် စစ်ကြောင်းထိုးတယ်ပေါ့။ ကိုယ့်ဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ မဖြစ်လိုက်ဘူး။”

စစ်ကိုင်းတိုင်းထဲမှာပဲရှိတဲ့ မြောင်မြို့နယ်ထဲမှာဆိုရင်လည်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေ တိမ်းရှောင် နေကြရပါတယ်။ အခုလို တိမ်းရှောင်နေရတဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက အခုလို ပြောပါတယ်။

“အကုန်လုံး ၁၀ ရွာနီးပါးလောက်ရှိမယ်။ အကုန်လုံးစုစုပေါင်း ကျွန်တော်တို့ရွာဘက်ရောက်တာက အကုန်လုံးပေါင်းလိုက်ရင် ၅ ထောင် ၆ ထောင်လောက်တော့ ရောက်မယ်။ အဲ့ဒါကလည်း နေရာဒေသမှာ အိပ်စရာ ပြုစရာလေးတွေ အဆင်မပြေတဲ့အခါကျတော့ အခြား ရွာတွေကိုလည်း ရွှေ့ပြီး လွတ်တဲ့နေရာတွေ အိပ်ရတဲ့ အခါကျတော့ ၅ ထောင် ၁ သောင်းလောက်တော့ရှိမယ်။ ကျွန်တော်တို့မှာ စစ်ဘေးရှောင်နေတဲ့ အချိန်ကြတော့ ကြားကာလ လည်းဖြစ်နေတယ်၊ အခက်အခဲတွေလည်း ကြုံရတဲ့အခါကျတော့ လုပ်ငန်းတွေကလည်း မလုပ်ရတဲ့အခါကျတော့ စားဝတ်နေရေး အခက်အခဲတွေဖြစ်တယ်။ စားဝတ်နေရေး အခက်အခဲဖြစ်တော့ ရွာထဲအလှူခံတော့လည်း အဆင်မပြေဘူးပေါ့။ အဲ့လိုတွေဖြစ်တော့ ကျွန်တော်တို့မှာ တော်တော်လေး ခက်ခဲဖြစ်နေတယ်။ ဒီ ဘီလူးစစ်ကြောင်း လာတဲ့အချိန်ကနေ စပြီးတော့ ကျွန်တော်တို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်ခင်ဗျ။ စားဝတ်နေရေး အဆင်မပြေဘူး၊ အလုပ်လည်း ကောင်းကောင်း မလုပ်ရတော့ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။”

မြောင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးအခြေအနေ တင်းမာနေပါတယ်။ မနေ့ မတ်လ ၃၀ ရက်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး အဖွဲ့တွေဘက်က တပ်ရင်း ၁ က ဒုတပ်ရင်းမှူး အပါအဝင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြည်သူ ၁ ဦး ကို စစ်တပ်ဘက်က သတ်ဖြတ်သွားခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ ဒုတပ်ရင်းမှူးရဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းက ဦးခေါင်းကို စစ်တပ်ဘက်က ဖြတ်ယူသွားပုံရတာကြောင့် ခန္ဓာကိုယ်သာ ကျန်ရှိခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။ ဒေသခံတွေအပြောအရ စစ်တပ်ရဲ့ ဘီလူးစစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။ ဘီလူးစစ်ကြောင်းဟာ စစ်ကိုင်းမြို့ တာတိုင်ကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေအပြင် စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ရေစကြို စတဲ့မြို့နယ်တွေက နယ်နိမိတ် ထိစပ်နေတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}








XS
SM
MD
LG