သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ ပဇီကြီးရွာကို စစ်တိုက်လေယာဉ်တွေ ဒီကနေ့ ထပ်မံပျံဝဲ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မနေ့က ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်အတွင်းက ပဇီကြီး ကျေးရွာအနီးမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဒီနေ့လည်း ဝဲပျံနေခဲ့တယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့မှာတော့ ဗုံးကျဲတိုက်ခိုက်မှုတွေ မရှိဘဲ မနေ့က ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသနိုင်ဖို့နဲ့ ရှင်းလင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့အကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။ ဗုံးကျဲတိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတွေ စိုးရိမ်ပြီး တောတောင်တွေထဲမှာ ဖြစ်သလို ပုန်းအောင်း နေကြရတဲ့အကြောင်း မနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ပဇီကြီးရွာ ဒေသခံတယောက်က ပြောပြပါတယ်။

အရပ်သားတွေ အမြောက်အများ သေဆုံးခဲ့တဲ့ မနေ့က ပဇီကြီးရွာ တိုက်ခိုက်မှုနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးမှာ အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ယူခဲ့ဖူးသူတွေနဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေ ပါဝင်တဲ့ SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက မနေ့က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကနေ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး အရေးပေါ်လုပ်ဆောင်ဖို့ လိုနေပြီဆိုပြီး အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တိုက်တွန်းပြောဆိုတာပါ။

စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုတာ ဝန်ခံပြောဆိုထားပြီး သေဆုံးခဲ့သူတွေဟာ PDF လက်နက်ကိုင်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အရာရှိတွေကတော့ အသက်မသေဘဲ ကျန်နေတဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသခွင့်ရဖို့ လိုတဲ့အကြောင်း ပြောဆိုပြီး တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ပါတယ်။ ကန့်ဘလူမြို့နယ်အတွင်း မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံ အစိုးရတချို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG