သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာတိုက်ခိုက်မှု စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံရေးအဖွဲ့တွေ ရှုတ်ချ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ အရပ်သားတွေ အမြောက်အများ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီတချို့က ရှုတ်ချကြပါတယ်။ အရပ်သားတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ပြောဆိုကြပါတယ်။ နိုင်ငံရေးပါတီ တချို့နဲ့ ဆက်သွယ် မေးမြန်းထားတာကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရတဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး (၁) ဖြစ်တဲ့ ခူးဒယ်နီယယ်က ပြောပါတယ်။ စစ်ကောင်စီ အနေနဲ့ နိုင်ငံအနှံ့ အင်အား အလွန်အကျွံသုံးပြီး ခုလို ချေမှုန်းမှုတွေ လုပ်လာတာဟာ စစ်ဘက်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်လို့ KNPP အနေနဲ့ အပြင်းထန် ပြစ်တင်ရှုတ်ချတယ်လို့ KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီယယ်က ပြောပါတယ်။

"ဒါကတော့စစ်ရာဇဝတ်မှုကျူးလွန်တာလို့ကျနော်တို့ဘက်ကမြင်တယ်။ မင်းအောင်လှိုင်က မတ် ၂၇ရက်နေ့မှာ ပြောတဲ့အတိုင်းပါဘဲ။ ဆုံးတိုင်သူကတော့လုပ်မှာဘဲ။ မနိုင်နိုင်အောင်ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိတယ်။ ဒီနယ်မြေ ထဲသူတို့သတ်မှတ်ထားတဲ့ စစ်ဒေသထဲရှိတဲ့သူအားလုံး ကိုသူရှင်းမယ်လို့ အဲလိုရည်ရွယ်ချက်ချထားပြီးသားဖြစ် တယ်။ လူထုရယ်လက်နက်ကိုင်ရယ်သူခွဲမှာမဟုတ်တော့ဘူး. ဘာတခုမှမကျန်အောင်ရှင်းမယ်ဆိုတဲ့သူ့မှာရည် ရွယ်ချက်ရှိတယ်လို့ ကျနော်တို့မြင်တယ်။"

မနေ့က ပစ်ခတ်မှုမှာ သေဆုံးသူတွေထဲ ကလေးငယ် ၃၀ ကျော် ပါဝင်သလို အများစုက ဒေသခံအရပ်သားတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မလယ်တိုက်နယ်အတွင်းမှာ ဒါဟာ ပထမဆုံးအကြိမ် လေကြောင်းကနေ အကြီးကျယ် တိုက်ခိုက်ခံရတာ ဖြစ်တာကြောင့် ပဇီကြီးကျေးရွာ အပါအဝင် ပတ်ဝန်းကျင်က ကျေးရွာ ၁၆ ရွာလောက်က ဒေသခံတွေ စစ်ရှောင်ခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ဟာ ဖက်ဆစ်ထက်ဆိုးတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဒီလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေ နည်းလာနိုင်ဖို့ နိုင်ငံတကာဘက်က ခုထပ်ပိုထိ ရောက်တဲ့ အရေးယူမှုတွေနဲ့ နိုင်ငံရေးလမ်းအရ ဖိအားပေးသင့်ပြီလို့ ခူးဒယ်နီယယ်က ပြောပါတယ်။

"ကျနော်တို့မှာ ၂ပိုင်းရှိတယ်။ ကျနော်တို့လက်နက်ကိုင်တွေကတော့ သူ့ကို ဆက်တော်လှန်နေဖို့ဘဲရှိတယ်။ ဒီထပ် မြင့်တဲ့ နည်းပညာတွေကို ရှာဖွေတိုက်ခိုက်ဖို့ဘဲရှိတယ်။ တဖက်ကလည်း အပြည်ပြည်ဆိုင်ရာကနေသူ့ကို တွန်းအား ပေးတာပေါ့ အဲနည်းလမ်း၂ခုဘဲ ရှိတယ်။ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လုပ်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာဘက်ကလုပ်ဖို့ လိုလိမ့်မယ်"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်တပ်အနေနဲ့ အာဏာတည်မြဲရေး အတွက် နည်းမျိုးစုံနဲ့ တိုက်ခိုက် နှိမ်နင်းမှုတွေ လုပ်နေတာမှာ ခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကတော့ အဆိုးဆုံးပဲလို့လည်း ခူးဒယ်နီယယ်က ပြောပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း အရပ်သား သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာကိုလည်း နိုင်ငံရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုကြပါတယ်။ စစ်ကောင်စီ ကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာလို့ စွပ်စွဲ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG