သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးတက်ကြွသူများ ကန်နိုင်ငံခြားရေးရုံးရှေ့ဆန္ဒပြ


ဝါရှင်တန်ဒီစီတဝိုက်က မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနဲ့တကွ ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဧပြီ ၁၂၊၂၀၂၃)
ဝါရှင်တန်ဒီစီတဝိုက်က မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနဲ့တကွ ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဧပြီ ၁၂၊၂၀၂၃)


{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို ဧပြီလ (၁၁) ရက်နေ့ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် (၃၀) ကျော်အပါအဝင် လူ (၁၃၀) ဝန်းကျင် သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်မှာ ပြဌာန်းထားပြီးသား NDAA ဥပဒေပါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အချက်တွေကို အမြန်ဆုံး ထိထိရောက်ရောက် အကောင်အထည်ဖေါ် အရေးယူပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနရှေ့ သွားရောက်ပြီး အိတ်ဖွင့်စာတစောင် ပေးအပ်ခဲ့သလို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဆန္ဒပြရာမှာပါ ဦးဆောင်ပါဝင်တဲ့ ကိုစံမန်းကို ကိုဉာဏ်ဝင်းအောင်ကမေးမြန်းရာမှာ သူက ခုလို ဖြေကြားပါတယ်။

ကိုစံမန်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဒီနေ့ အဓိကကျတဲ့တောင်းဆိုမှုကတော့ အချက်လေးချက် ရှိပါတယ်။ နံပါတ် (၁) ကတော့ အခု ပဇီကြီးကျေးရွာမှာဖြစ်ခဲ့သလို မနှစ်က KIA ထိန်းချုပ်နယ်မြေမှာဖြစ်ခဲ့သလို အဖြစ်မျိုးတွေ ထပ်မဖြစ်အောင်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အပြစ်မဲ့တဲ့အရပ်သူအရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် လေကြောင်းရန် alarm system ကို ကျနော်တို့ကို NDAA မှာပါတဲ့အချက်အတိုင်း အကူအညီပေးဖို့။

နံပါတ် (၂) ကတော့ MOGE ပေါ့နော်- မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမြန်ဆုံး ပိတ်ဆို့တားဆီးမှုတွေကို အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက် လုပ်ပေးဖို့။

နံပါတ် (၃) ကတော့ လေယာဉ်ဆီတွေ မပို့ပေးရေး၊ လေယာဉ်ဆီတွေမရရှိရေးပေါ့နော်။ အဓိကအားဖြင့် ....ထိုင်းကုမ္ပဏီတွေက မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတွေ တင်သွင်းပေးမှုတွေကို ချက်ခြင်းရပ်တန့်ပေးဖို့အတွက်ပါခင်ဗျ။ ဒီ လေယာဉ်ဆီတွေမရှိစေမှ ကျနော်တို့ ပြည်သူပြည်သားတွေ၊ အပြစ်မဲ့တဲ့အရပ်သူအရပ်သားတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

နောက် နံပါတ် (၄) ကတော့ စစ်ဘေးရှောင်တွေ၊ အပြစ်မဲ့တဲ့အရပ်သူအရပ်သားတွေကို အကူအညီပေးမယ်ဆိုတဲ့ NDAA အက် မှာပါတဲ့အတိုင်း အကူအညီပေးဖို့။ ဒါပါပဲခင်ဗျ။

ဝါရှင်တန်ဒီစီတဝိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပဇီကြီးရွာ လေကြောင်းကတိုက်ခိုက်ခံရမှုကို အရေးယူပေးဖို့တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum ကလက်ခံရယူစဉ်။ (ဧပြီ ၁၂၊၂၀၂၃)
ဝါရှင်တန်ဒီစီတဝိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပဇီကြီးရွာ လေကြောင်းကတိုက်ခိုက်ခံရမှုကို အရေးယူပေးဖို့တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum ကလက်ခံရယူစဉ်။ (ဧပြီ ၁၂၊၂၀၂၃)

မေး။ ။ ဟုတ်ကဲ့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထွက်တွေ့တဲ့ပုဂ္ဂိုလ်အနေနဲ့ ဘယ်လိုမျိုး ပြန်ပြီးတော့ တုံ့ပြန်ပြောဆို ကတိပေးတာ ရှိပါသလဲခင်ဗျ။

ကိုစံမန်း။ ။ (နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူတဦးဖြစ်တဲ့) မစ္စတာ Liam McGum ကနေပြီးမှ ကျနော်တို့ကို သေသေချာချာလေး ပြောသွားတာတခုတော့ ရှိပါတယ်။ အချိန်နဲ့တပြေးညီ သူတို့လုပ်ဆောင်နေတယ်၊ အပြစ်မဲ့တဲ့ပြည်သူတွေကို ဗုံးကြဲတဲ့အပေါ်မှာ 'သူတို့ဆီကို အင်ဖော်မေးရှင်းတွေ ချက်ခြင်းရပါတယ်၊ ဓာတ်ပုံတွေရောက်တယ်၊ ဗွီဒီယိုတွေရောက်တယ်၊ အသံဖိုင်တွေရောက်တယ်။ သို့ကလိုပဲ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအားလုံးကလည်း သူတို့အချိန်နဲ့တပြေးညီသိရှိနေတဲ့အတွက် သူတို့ကတော့ အမြန်ဆုံးနဲ့ အတတ်နိုင်ဆုံးနဲ့ အထိရောက်ဆုံးအကူအညီပေးဖို့အတွက်ကို သူတို့ အမြန်ဆုံးလုပ်ဆောင်နေပါတယ်' လို့တော့ ပြောပြသွားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဆိုတော့...ကိုစံမန်းတို့က ဒီ ဝါရှင်တန်ဒီစီမှာရှိတဲ့ သမ္မတအိမ်ဖြူတော်တို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို အခါအားလျော်စွာသွားရောက်ပြီးတော့ ဆန္ဒပြတောင်းဆိုမှုတွေ အကြိမ်တလဲလဲ လုပ်ခဲ့တာရှိတော့ ...ဆိုတော့ အခုတခေါက် ကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရဆီက ဘယ်လိုလုပ်ဆောင်လာမှာကို မျှော်လင့်နိုင်ပါသလဲခင်ဗျ။

ကိုစံမန်း။ ။ အဓိကအချက်ဖြစ်တဲ့ အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ပေါ့နော်၊ ပါလီမန်မှာ pass ဖြစ်သွားတဲ့ NDAA မှာ ပါဝင်နေတဲ့ Burma Act ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ကတော့ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ပါခင်ဗျ။ အဓိကဦးတည်ချက်ပါ။ နောက်ပြီးတော့ ကျနော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေ၊ စစ်ဘေးရှောင်တွေ၊ တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ EAO တွေ၊ ဒါတွေအားလုံးကို စစ်ရေးမဟုတ်တဲ့ လူမှုဖူလုံရေးဆိုင်ရာအကူအညီပေါ့နော်၊ အဲဒါတွေအားလုံးကို ပေးဖို့အတွက်ကို ကျနော်တို့က အမြန်ဆုံးလည်း အကူအညီတောင်းနေပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ကိုစံမန်းရေ၊ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

---------

{{Unicode}}












XS
SM
MD
LG