သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာတိုက်ခိုက်မှု သေဆုံးသူတွေထဲ ကလေးငယ် ၃၀ ကျော်ပါဝင်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို မနေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ကလေးငယ် ၃၀ ကျော် ပါဝင်ပြီး သေဆုံးသူ ၁၀၀ ကျော်မှာ အလောင်းစုစုပေါင်း ၈၀ ကျော်လောက်ကိုပဲ လောလောဆယ် သဂြိုဟ်နိုင်သေးတဲ့ အကြောင်း ကူညီ ကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ ဒီကနေ့ ကယ်ဆယ် ရှင်းလင်းမှုတွေ လုပ်နေတဲ့အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ပျံဝဲနေခဲ့တာကြောင့် အလောင်း ရှာဖွေ ကောက်ယူမှုတွေ အခက်အခဲကြုံရတဲ့အကြောင်းလည်း ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေ၊ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ သတင်းပေးပို့ချက် အပြည့်စုံကို မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို မနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်မှာလည်း အဲဒီနေရာအပေါ်ကို ဂျက်တိုက်လေယာဉ်တွေ အကြိမ်ကြိမ် ပျံဝဲပျံခဲ့တဲ့အတွက် အခုချိန်ထိ သေဆုံးသူတွေထဲက အလောင်း ၈၀ ကျော်လောက်သာ သဂြိုဟ်နိုင်သေးတယ်လို့ ကူညီ ကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ မနေ့က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၆လသားအရွယ်ကနေ ၁၅ နှစ်အတွင်း ကလေးငယ် ၃၀ ကျော် အပါအဝင် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတာပါ။ ဒီတိုက်ခိုင်ခံရမှုမှာ သေဆုံးသွားခဲ့သူတွေရဲ့ မိသားစုဝင်တချို့နဲ့လည်း ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန်က ပြောပြပေးပါမယ်။

ဧပြီလ ၁၁ ရက်၊ မနေ့ မနက်ပိုင်းက မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာကို စစ်ကောင်စီဖက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ၁၀၀ ကျော် သေဆုံးခဲ့ကြရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ပြီးတဲ့နောက် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေး လုပ်နေချိန် စစ်ကောင်စီဖက်က စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ မနေ့ကရော၊ ဒီကနေ့ မနက်မှာပါ ထပ်မံ လာရောက် ပစ်ခတ်တာ၊ စောင့်ကြည့်တာတွေ ရှိနေတာကြောင့် ရှင်းလင်းရေးကို သေချာ မလုပ်နိုင်ကြသေးဘူးလို့ မလည်တိုက်နယ် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဗလကြီးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“ဒီနေ့လည်း ဝဲတော့ ဝဲသွားတယ်ဗျ မပစ်ဘူး။ ၁၀ နာရီ ထိုးထိုးချင်းဝဲတာဗျ၊ ၁၄ မိနစ်ကြာအောင်၊ ၄ ပတ် ပတ်ပြီးဝဲသွားတာ။ သဂြိုဟ်တဲ့ ကိစ္စကတော့ မပြီးသေးဘူးဗျ။ ကျွန်တော်တို့ကလည်း သဂြိုဟ်မယ်ကြံလိုက်၊ လေယာဉ်ကဝဲလိုက်ဆိုတော့ ဘာမှမလုပ်နိုင်သေးဘူးဗျ။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကလည်း အနား မကပ်နိုင်ဖြစ်နေကြတာ။ အဲ့လို လေကြောင်းကလည်း အဆက်မပြတ် တက်နေသေးတော့ လေကြောင်း သတင်းတွေကလည်း တက်နေတော့ ကျွန်တော်တို့ကလည်း ဘာမှ မလုပ်နိုင်ကြသေးဘူး။ အလောင်း ၈၀ ကျော်လောက်ပဲ ရှိအုန်းမှာ။ ကျန်တော်တွေကတော့ မကောက်ရသေးဘူးပေါ့နော်။ မကောက်ရသေးဘူးဆိုတာက အခမ်းအနားလုပ်တဲ့၊ ပစ်ခံတဲ့ အဆောက်အအုံထဲမှာလည်း အလောင်း ၃၀၊ ရေ(တွက်) ထားတာတော့ ၃၀ ရှိတယ်ဗျ။ အဲ့ ၃၀ ကို ကျွန်တော်တို့ မသဂြိုဟ်ရသေးဘူး၊ ၈၀ လောက်ကတော့ သဂြိုဟ်ပြီးပြီဗျ။”

သေဆုံးသူ အလောင်းတွေကို သေချာစီစစ်ပြီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာမျိုးတွေ အတည်ပြုနိုင်ဖို့ လုပ်နေကြတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ များသောအားဖြင့်က ရုပ်မပီပြင်တော့တဲ့ အနေအထားဖြစ်နေတာပါ။ ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ၆လ အရွယ် လသား ကလေးငယ်တွေ ကနေ ၁၅ နှစ်အရွယ်ထိ ကလေးငယ် စုစုပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တိုက်နယ်ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

“ကလေးတွေက ခုအခြေအနေအရဆိုရင် ၁၄ ယောက်၊ အမည်ပေါ်တာပေါ့။ အမည်ပေါ်တဲ့ကလေးကတော့ ၁၄ ယောက်ရှိပြီ။ (အမည် အတည်မပြုနိုင်သေးသူ) အဲ့ဒါကတော့ ၃၀ ကျော်မှာဗျ။ လောလောဆယ် ဒေသခံတွေကလည်း ရွာမှာမရှိကြဘူး၊ အားလုံးက ထွက်ပြေး တိမ်းရှောင်နေကြရတာဆိုတော့ ကျွန်တော်တို့က ကလေးနာမည်နဲ့ အသက်ကို စာရင်း မပြုစုနိုင်သေးဘူး။ လောလောဆယ် စာရင်း ကောက်လို့ရတာ ၁၄ ယောက်ပဲ ရှိသေးတယ်။ ၆ လကနေ ၁၅ နှစ်အထိ ကလေးတွေကတော့ ပါတယ်ဗျ။”

ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့် အဖေနဲ့ အစ်မကို ဆုံးရှံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက ဒေသခံ ကိုစိုးအောင်က သူကိုယ်တိုင် ထွက်ပြေးစဉ်မှာ လိုက်လံ ပစ်ခတ်ခံရတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

“ပထမ ဖိုက်တာလာပြီးတော့ ဖိုက်တာနဲ့ ပစ်တာဘဲ။ ဖိုက်တာနဲ့ပစ်ပြီး နောက် ၅ မိနစ်လောက်နေတာ့ ရဟတ်ယာဉ်နဲ့ လိုက်ပစ်တော့တာပဲ။ ရဟတ်ယာဉ် ၂ စီးနဲ့ လိုက်ပစ်တာ။ ကျွန်တော်က ဆိုင်ကယ်နဲ့ မောင်းပြေးတာ။ နောက်ကနေ အသရမ်း လိုက်ပစ်တာပဲ။ မြောင်းကြို မြောင်းကြား ထိုးပြီးတော့ကို ပြေးရတာ။”

ပဇီကြီးကျေးရွာ ဒေသခံ နောက်တစ်ဦးဖြစ်တဲ့ ကိုမောင်မျိုးကတော့ သူ့ရဲ့ မိသားစုဝင် ၆ ဦးထက်မနည်း ဆုံးရှုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ တချို့တွေမှာ မိသားစုအားလုံး သေဆုံးသွားတာမျိုးပါရှိပြီး ပဇီကြီးရွာရဲ့ တစ်ဝက်လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော့မှာ ညီအငယ်ဆုံးလည်း ပါတယ်၊ ယောက်ဖလည်းပါတယ်၊ ဘကြီးတွေပါတယ်၊ ဒေါ်ကြီးတွေပါတယ်၊ တူမတွေပါတယ်၊ အစ်မတွေပါတယ်။ တော်တော်များများပါတယ်။ ဒါက လူမဆန်တဲ့လုပ်ရပ်ပေါ့၊ ဒီလိုပဲ ကျွန်တော်တို့ ထင်တယ်။ ခွေးကျင့် ခွေးကြံကြံတယ်ဆိုတာ ဒါမျိုးကို ပြောတာ။ ကျွန်တော်တို့ကတော့ ရရာလက်နက် စွဲတိုက်မှာပဲ၊ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ အသက်ပေးရင် ပေးရပါစေ ကျွန်တော်တို့ကတော့။ ပြည်သူလူထုတွေကို ဒါက သက်သက်ကိုပဲ ညှင်းပန်းနှိပ်စက်တာ။ ကျွန်တော်တို့က ရရာ လက်နက်စွဲပြီး တိုက်မှာ။ သူလျှိုလည်းရှိရင် ရှိမယ်၊ ဒလန်လည်း ရှိရင်ရှိမယ်။ မိန်းလမ်းကြီးမှာ သူ့ဟာသူ ပေါက်ရင်လည်း ပေါက်မယ်။ ကျွန်တော်တို့ အနေနဲ့ ဒါအမျိုးမျိုး ယူဆလို့ရတာပေါ့။ ဘယ်သူမှ အတပ်မပြောနိုင်ဘူး။ သေသွားတဲ့ လူအင်အားကလည်း မိသားစုလိုက်တွေ အရမ်းပဲ ရက်စက်တယ်။ တချို့ဆို အိမ်လုံးကျွတ်တွေပါတယ်။”

မနေ့က တိုက်ခိုက်မှုကြောင်း လူ ၂၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ရတယ်လို့ ကိုမောင်မျိုးကတော့ ခန့်မှန်းပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စိတ်ဝမ်းမကွဲဘဲ စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်ဖို့လိုကြောင်းနဲ့ သူ့အနေနဲ့လည်း တော်လှန်ရေးမှာ ပါဝင်ပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ခုလိုပြောပါတယ်။

“ကျွန်တော်ပြောချင်တာကတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တော်လှန်ရေး အချင်းချင်းတွေမှာတော့ ပူးပေါင်းပြီးတော့ လုပ်ဆောင်စေချင်တယ်။ စိတ်ဝမ်းမကွဲဖို့တော့ လိုတယ်၊ ရရာလက်နက်ကို စွဲကိုင်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ တိုက်စေချင်တယ်။ ဒီလောက်ကြီးပေးဆပ်နေရမှတော့ နောက်ဆိုရင် ကျွန်တော်ထင်တယ် မရလောက်တော့ဘူး။ မရလောက်တော့ဘူး ….ဘယ်လိုနည်းနဲ့မဆို။”

စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေဟာလည်း အမိုးအကာ နေစရာမရှိဘဲ တောတောင်တွေနဲ့ ကွင်းပြင်တွေမှာ ဖြစ်သလို နေကြရပြီး နေထိုင်ရေး စားသောက်ရေးကအစ အားလုံး ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။ လေယာဉ်တွေကလည်း နေ့စဉ် ဝဲပျံနေတာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေကြရဆဲဖြစ်ပြီး ကောင်းကောင်းမွန်မွန် စစ်ရှောင်နိုင်တဲ့ အခြေအနေ မဟုတ်ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီနေ့ ဒီအချိန်မှာ NUG ရဲ့ ရုံးခန်းဖွင့်ပွဲ ပြုလုပ်မယ်ဆိုတာ ကြိုတင် သတင်းရရှိတဲ့အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပိုင်း မြဝတီ ရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီနေရာမှာ PDF တွေ ရှိနေတယ်ဆိုတာ သူတို့ဘက်က သိရှိထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီလို စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG