သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးကျေးရွာမှာ ၁၆၈ ယောက်ထက်မနည်းသေဆုံးခဲ့


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စုစည်းလို့ရသလောက် အလောင်း ၁၆၈ ယောက် ရှိတယ်လို့ စာရင်းကောက်ယူဆောင်ရွက်နေသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာက အလောင်းတွေ အားလုံးကို စုစည်းပြီး သဂြိုဟ်ပေးခဲ့တယ်လို့ VOA ကိုပြောပါတယ်။ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ အတော်လေးထိခိုက်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် စုစုပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တယ်လို့ မလယ်တိုက်နယ် ကာကွယ်ရေးတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။ စုစည်းလို့ရတဲ့ အလောင်းတွေအားလုံးကို ဒီနေ့ သဂြိုလ်ပေးခဲ့တယ်လို့လည်း အခုလိုပြောပါတယ်။

“ကျွန်တော်တို့ လူအသေအပျောက် စာရင်းတော့ အတိအကျ ရပြီဗျ။ အမျိုးသား အမျိုးသမီး မခွဲရသေးဘဲ ရတာကတော့ ၁၆၈ ယောက်ဗျ။ လက်ကျန်လည်း ရှိသေးနိုင်တာပေါ့နော်။ ကျန်တာကတော့ အားလုံး သဂြိုဟ်ပြီးပြီ။ အကုန်လုံး အပြီးအစီးကတော့ သဂြိုဟ်ပြီးသွားပြီဗျ။”

ဒီနေ့သဂြိုလ်ပေးခဲ့တဲ့အလောင်းတွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စုစည်းနိုင်သလောက်အလောင်းတွေဖြစ်ပြီး မီးလောင်ပြာကျကုန်တဲ့ အလောင်တွေ စာရင်းမပါသေးပါဘူး။ အလောင်းတွေအားလုံးဟာ ပုံပျက် ပန်းပျက်ဖြစ်ကုန်တာမို့ အမျိုးသမီး ဘယ်နှယောက် အမျိုးသား ဘယ်နှယောက် ကလေးငယ်ဘယ်နှယောက်လဲဆိုတာ ကျန်ရစ်တဲ့ ဒေသခံတွေနဲ့ စာရင်းတိုက်စစ်ပြီး စာရင်းပြုစုနေတယ်လို့လည်း ပြောပါတယ်။ လောလောဆယ် စာရင်းရသလောက် သေဆုံးခဲ့သူတွေထဲမှာ ပြည့်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော်ပါဝင်ပြီး အသက် ၆ လအရွယ် လသားကလေးငယ်ကနေ ၁၅ အရွယ်ဝန်းကျင်အထိ ကလေး ၃၀ ကျော် ပါတယ်လို့ ကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုတခုတည်းကနေ ၄၊ ၅၊ ၆ ယောက်လောက်အထိ သေဆုံးသွားတာရှိသလို၊ တချို့ဆိုရင် မိသားစု တစုလုံး တစ်ယောက်မကျန် သေဆုံးသွားတာလည်း ရှိပါတယ်။ ဒီလို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ထိတ်လန့်စရာ မြင်ကွင်းကို ကိုယ်တိုင်မြင်ခဲ့ရပြီး မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတာကြောင့် ဒေသခံတချို့ဟာ စိတ်ထိခိုက်လွန်ပြီး စိတ်ပိုင်းဆိုင်ရာ ဆောက်တည်ရာ မရဖြစ်နေကြတယ်လို့လည်း ကိုဗလကြီးက သူမြင်တွေ့ရတဲ့ စစ်ရှောင်တွေရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“မတည်ငြိမ်ဘူးဗျ၊ တချို့ဆိုရင် များများစားစား ပါသွားတာတွေ၊ မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့လူတွေဆိုရင် စိတ်လွတ်ပြီး နေတာတွေကို ရှိတယ်။ တော်တော်လေးကို ထိန်းလို့မရတဲ့ အနေအထားတွေရှိတယ်။ မိသားစု ၅ ယောက်ပါသွားတဲ့ အဒေါ်ကြီးဆိုရင် စိတ်က တော်တော်လေး လွတ်သွားတာဗျ။ မရလောက်တော့ဘူး ထင်တယ် ကျွန်တော်ကတော့။ ရူးကြောင်ကြောင်ကို ဖြစ်သွားတာပေါ့ဗျာ။ တချို့ဆို စားလည်း မစားနိုင်ကြတော့ဘူး၊ ကိုယ်မိသားစုတွေ ပါသွားတာ များတော့လေ။ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့မိသားစုတွေဆိုရင် ၅ ယောက်၊ ၆ ယောက်ကို ပါသွားတာဗျ။”

ဧပြီ ၁၁ ရက်က စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပဇီကြီးကျေးရွာအပါအဝင် ရွာ ၆ရွာလောက် စစ်ဘေးလွတ်ရာ ပုန်းရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်တွေဟာ အဝတ်အထည်၊ စားသောက်ရေးအတွက် လိုအပ်တဲ့ရိက္ခာ စတာတွေ တခုမှ မယူနိုင်ဘဲ အလွတ်ထွက်ပြေးခဲ့ရတာကြောင့် နေထိုင်ရေး စားသောက်ရေးတွေမှာ အတော့်ကို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ထွက်ပြေးလာကြတဲ့ ဒေသခံတွေမှာ ထိခိုက် ဒဏ်ရာ ရလာတာမျိုးတွေလည်း ရှိတာကြောင့် ကုသဖို့ ဆေးဝါးတွေလည်း လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ကိုဗလကြီးက ခုလိုပြောပါတယ်။

“လောလောဆယ် အဓိက လိုတာကတော့ စားနပ်ရိက္ခာပဲဗျ။ အကုန်လုံးထွက်ပြေးထားရတော့ ဘယ်သူမှလည်း ရွာထဲကို ပြန်မဝင်နိုင်သေးဘူး။ လေယာဉ်ကလဲ အမြဲတမ်း ဝဲနေတာဆိုတော့ တချို့ဆို ထမင်း မစားရသေးတဲ့သူတွေကို ရှိတယ်ဗျ။ အစားအသောက်ကမရှိတော့ ချောင်းနားနီးရင် ရေဘဲသောက်နေကြရတဲ့ အဖြစ်မျိုးတွေကို တွေ့ခဲ့ရတယ် ကျွန်တော်တို့ သွားတော့လေ။ ပြေးလာကြရတာ တချို့ဆို ဖိနပ်မပါဘူး။ ဘာမှကို မယူနိုင်ဘဲနဲ့ ဒီအတိုင်း ကိုယ်လွတ်ရုန်း ပြေးရတာတွေဆိုတော့ ဒီတိုင်း ကြုံရာမှာပဲ နေနေကြရတာတွေရှိတယ်။ အဝတ်အစားလဲမပါဘူး၊ စားစရာ၊ သောက်စရာလဲ မပါဘူးပေါ့ဗျာ။ တဲတော့ မရှိဘူးဗျ၊ ဒီတိုင်း ချောင်းမြောင်းတွေ ကြားထဲမှာပဲ ဝါးရုံပင်တွေ ဘာတွေ ရှိတာပေါ့နော်၊ သစ်ပင်တွေ အောက်တွေမှာပဲ ဝါးရုံပင် အောက်တွေမှာပဲ နေရတဲ့သူတွေ ရှိတယ်ဗျ။ အခြေအနေကတော့ အတော့်ကို ဆိုးပါတယ်ဗျာ။”

စစ်ဘေးရှောင်တွေ စားသောက်ရေးအတွက် ကာကွယ်ရေး အဖွဲ့တွေက ရိက္ခာနဲ့ ထမင်း၊ ဟင်းတွေ ချက်ပြုတ်ပို့ပေးတာမျိုးတွေ လုပ်နေပေမယ့် စစ်ဘေးရှောင်အရေအတွက် များလွန်းတာကြောင့် အားလုံးကိုတော့ မထောက်ပံ့နိုင်သေးဘူးလို့ ပြောပါတယ်။ တချို့ စစ်ဘေးရှောင်တွေကလည်း ကာကွယ်ရေး တပ်ဖွဲ့တွေ လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးတွေကို ရောက်နေကြတာမျိုးတွေလည်း ရှိနိုင်တာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေက ရှာဖွေပြီး ကူညီပေးနိုင်ဖို့လည်း ဆောင်ရွက်နေကြတယ်လို့ မလယ်တိုက်နယ် တာဝန်ခံက ခုလိုပြောပါတယ်။

“အခုတော့ ကျွန်တော်တို့ ဒီကာကွယ်ရေး အဖွဲ့တွေက ဒီနဲ့ နီးစပ်ရာ ရွာတွေကနေပြီးတော့မှ လာပို့ကြတယ်ပေါ့ဗျာ။ နည်းနည်းပါးပါးပေါ့ဗျာ၊ တတ်နိုင်သလောက်ပေါ့။ ချက်ပြုတ်ပြီးတော့ ပို့တာတွေလည်း ရှိတာပေါ့။ (စစ်ရှောင်အရေအတွက်) ကျွန်တော်တို့က အပြည့်အဝတော့ စာရင်းကောက်လို့ မရသေးဘူးပေါ့ဗျာ။ ဘယ်နားမှာ၊ ဘယ်နားမှာ ရှောင်နေတယ်ဆိုတဲ့ နေရာလေးတွေကိုတော့ သိတဲ့ နေရာလေးတွေဆိုရင်တော့ လိုက်ပို့လို့ ရတာပေါ့ဗျာ။ မသိတဲ့နေရာက လူတွေကတော့ ဘယ်လို စားသောက်နေကြရမလဲ ကျွန်တော်တို့လည်း မသိသေးဘူးဗျ။”

ဧပြီလ ၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်အတွင်းက ဇင်းရွာ အနောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ဖူးပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပဇီကြီးကျေးရွာအပေါ် တိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ စစ်ကောင်စီက ပြောကြားထားပြီး သူတို့အဆို အကြမ်းဖက်တိုက်ခိုက်မှုလုပ်နေသူတွေအပေါ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG