သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှု လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးတခု (နိုဝင်ဘာ ၂၁၊ ၂၀၂၂)

စစ်ကိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာအပေါ် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ရာကျော်သေဆုံးခဲ့တဲ့ကိစ္စကို လုံခြုံရေးကောင်စီမှာ ဒီနေ့ ကြာသပတေးနေ့ မနက်မှာ တံခါးပိတ်ဆွေးနွေးပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်ရဲ့ အရပ်သားအများဆုံး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ ကုလဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Barbara Woodward ကပြောကြားပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် လုံခြုံရေးကောင်စီက ပြစ်တင်ဝေဖန်တဲ့ ကြေညာချက် မထုတ်ပြန်နိုင်တဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ အားလုံး သဘောတူညီမှု ရတဲ့အထိ ကြိုးစားသွားမယ်လို့လည်း ဗြိတိန် သံအမတ်ကြီး Barbara Woodward က တံခါးပိတ်စည်းဝေးပွဲ မတိုင်ခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပဇီကြီးကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်သလို၊ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ စစ်တပ်ဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အရေးမစိုက်ဘဲ ပြည်သူတွေအပေါ် အကြောက်တရားလွှမ်းမိုးအောင်လုပ်နေတယ်လို့လည်း ပြောကြားပါတယ်။ အခုတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။ မြန်မာပြည်သူတွေ နောက်ထပ်ခုလိုအဖြစ်တွေ မခံရအောင် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီက ပြတ်ပြတ်သာသား ဆုံးဖြတ် ဆောင်ရွက်ပါလို့လည်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီနေ့ ကုလသမဂ္ဂမှာ တောင်းဆိုသွားပါတယ်။

၂၀၂၂ ဒီဇင်ဘာလက လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်အတည်ပြုထားတဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုလိုက်နာပြီး ဒီအကြမ်းဖက်မူတွေ ရပ်တန့်ဖို့ကိုလည်း သံအမတ်ကြီး ၂ ဦးလုံးက တောင်းဆိုခဲ့ကြပါတယ်။

စစ်တပ်က အရပ်သားတွေအပေါ် အစုလိုက် သေကြေအောင် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ အနေနဲ့ ဝေဖန်ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပြန်ဖို့ ဗြိတိန်က မူကြမ်းတင်သွင်းခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့က လက်မခံဘဲ ပယ်ချခဲ့တာကြောင့်၊ လုံခြုံရေးကောင်စီမှာ ဒီနေ့ တံခါးပိတ်အစည်းအဝေးလုပ်ဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်က မူကြမ်းတင်သွင်းခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့က လက်မခံဘဲ ပယ်ချခဲ့တာကြောင့်၊ လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးလုပ်ဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့အပါအဝင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မဲခွဲဆုံးဖြတ်အတည်ပြုထားပါသေးတယ်။

ဦးကျော်မိုးထွန်းကတော့ စစ်ကောင်စီအနေနဲ့ ဒီကြေညာချက်တွေဂရုမစိုက်ဘဲ အရပ်သားတွေအပေါ် အကြောက်တရားသွတ်သွင်းတဲ့ အခုလိုတိုက်ခိုက်မှုတွေ ပိုလုပ်လာတာမို့၊ နောက်ထပ် မြန်မာပြည်သူတွေအသက်မဆုံးရှုံးရခင် လုံခြုံရေးကောင်စီက အမြန်ဆုံး အရေးယူပေးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကိုလည်း မိတ္တုပေးတဲ့ စာထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG