သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းရန်အချက်ပြနည်းပညာ ရရှိရေး NUG ကြိုးပမ်းမည် 


NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း (Zoom interview /April 16, 2023)
NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း (Zoom interview /April 16, 2023)

{{Zawgyi/Unicode}}

အာဏာသိမ်းမှုကိုလက်မခံတဲ့ အရပ်သားအုပ်ချုပ်နေတဲ့ရပ်ရွာဒေသတွေကို စစ်ကောင်စီကပစ်မှတ်ထားပြီး လေကြောင်းကနေ အပြင်းအထန်အင်အားသုံးနှိမ်နင်းနေတဲ့အတွက် လေကြောင်းရန်အကာအကွယ်ပေးရေးစနစ် နည်းပညာအကူအညီရရှိရေး ကြိုးပမ်းနေကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ မနေ့တုန်းက NUG က အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ မအင်ကြင်းနိုင်က NUG ဝန်ကြီး ဦးအောင်မျိုးမင်းကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မျိုးမင်း။ ။ သတင်းစာရှင်းလင်းပွဲမှာတော့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို မြေပြင်မှာကိုယ်တွေ့ကြုံခဲ့တဲ့သူတွေ၊ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေ၊ နောက်တခါ လူနာတွေကိုဆေးကုပေးတဲ့ ကျမ်းမာရေးဆရာဝန်တွေကပေါ့နော် သူတို့ ဒီကိစ္စကိုတင်ပြကြတာပါ။ နောက်တခါ ကျနော်တို့ ပြောကြားချင်တဲ့ကိစ္စတခုကတော့ ဒီအကြမ်းဖက် စစ်ကောင်စီက ရက်ရက်စက်စက်နဲ့ သတ်ဖြတ်မှုဖြစ်တယ်၊ သေဆုံးတဲ့သူတွေအများစုက အရပ်သားတွေဖြစ်တယ်။
အဲဒီအထဲမှာမှ အမျိုးသမီးနဲ့ကလေးတွေ ပါဝင်နေတာ တွေ့ရတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားတွေအပေါ်မှာ တကယ့်ကို အင်အားကြီးတဲ့ဗုံးတွေ၊ နောက်တခါ MI-35 ပစ်ခတ်မှုတွေဖြစ်တဲ့ဟာက တကယ့်ကို ဆိုးရွားတဲ့စစ်ရာဇဝတ်မှုမြောက်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ပြောထားသလို ကျနော်တို့က PDF ရုံးတွေ၊ နောက် PDF ရဲဘော်တွေဆိုတာ မဟုတ်ပါဘူး။ ရုံးဖွင့်တယ်ဆိုတဲ့ဟာတခုကလည်း ဒီလိုမျိုး ကျေးရွာက ပွဲကြီးလမ်းကြီးပုံစံမလုပ်ဘဲနဲ့ သူတို့အနေနဲ့ လာရောက်ပြီးတော့ အားပေးတဲ့ဟာ၊ နောက်ပြီးတော့ ထမင်းကျွေးတဲ့အတွက် ထမင်းစားရင်းနဲ့ ဗုံးကကျတဲ့အတွက် သေဆုံးမှုဆိုတာကို ပြန်လည်ရှင်းပြတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ နောက်ဆုံးစာရင်းတွေအရဆိုလို့ရှိရင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့လူဦးရေက ဘယ်လောက်ထိ ရှိလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ အလောင်းတွေကောက်ပြီးတော့ ဒီအလောင်းတွေကို ရှာဖွေတဲ့သူတွေ၊ နောက်ပြီးတော့ ဆေးကုသပေးတဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေရဲ့ပြောကြားချက်ကတော့ စုစုပေါင်း ၁၆၈ ဦးဖြစ်ပါတယ်။ အဲဒီထဲမှာ အရမ်းကို ငယ်ရွယ်တဲ့ကလေးတွေလည်း ပါပါတယ်။ နောက်တခါ အများစုကတော့ အသက် ၅ နှစ်ကနေ ၁၄ နှစ်အတွင်းက ကလေးတွေ ပါဝင်ပါတယ်။ ဒီကိစ္စကိုကြည့်မယ်ဆိုလို့ရှိရင်တော့ အရပ်သားပြည်သူတွေ ထိခိုက်မှုဖြစ်တယ်။ ....မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ ထိခိုက်ဒဏ်ရာရပြီးတော့ စိုးရိမ်နေကြတဲ့သူတွေ ဆက်ရှိနေတာလည်း တွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ နောက်ပြီးတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောသွားတဲ့အချက်ထဲမှာဆိုလို့ရှိရင်လည်း လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်ဆိုတာကို သူတို့ ဝန်ခံပြောဆိုခဲ့တယ်။ တဘက်မှာလည်း NUG တို့၊ PDF တို့ ဖွင့်တဲ့ရုံးမှာ လက်နက်ခဲယမ်းမီးကျောက်တွေရှိတယ်၊ အဲဒီဟာတွေကနေ ပေါက်ကွဲတဲ့အတွက် ဒီအရပ်သူအရပ်သားတွေ သေဆုံးရတာဖြစ်တယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပေးသွားတာပါ။ ဒီအပေါ်မှာရော ဦးအောင်မျိုးမင်းရဲ့အမြင် ဘယ်လိုရှိလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ သတင်းစာရှင်းလင်းပွဲမှာ မြေပြင်ဒေသက အရပ်သားပြည်သူတွေကိုယ်တိုင်က ဒါကို ပြန်ပြီးတော့ တုံ့ပြန်ပါတယ်။ မဟုတ်မှန်ဘူး၊ မဟုတ်ပါဘူးဆိုတာ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို သူတို့တည်နေရာ ဒေသမှာ PDF တွေ၊ နောက်တခါ ပကဖ- ပြည်သူ့ကာကွယ်ရေးတွေရှိပေမဲ့ အဲဒီလောက် လက်နက်သိုလှောင်ထားတာ မရှိဘူး။ ပြောမယ်ဆိုလို့ရှိရင် အဲပုံစံ ဒေသအတွင်းမှာနေထိုင်တဲ့ ဒေသခံတွေပြောတဲ့စကားက အမှန်ဆုံးဖြစ်ပါလိမ့်မယ်။

အင်ကြင်းနိုင်။ ။ စစ်ကောင်စီကတော့ သူ့ကို ဆန့်ကျင်တဲ့သူတွေကိုပေါ့နော်- ပြင်းပြင်းထန်ထန် ဖိနှိပ်သွားမယ်ဆိုတာကို သူတို့ ရှင်းရှင်းလင်းလင်းပြထားတယ်။ တဘက်မှာကျတော့လည်း စစ်အာဏာသိမ်းတာကိုလက်မခံတဲ့ ပဇီကြီးကျေးရွာတို့လိုပေါ့နော်၊ အဲဒီဒေသတွေကလည်း ရှိနေတယ်။ သူတို့ကလည်း သူတို့အုပ်ချုပ်ရေးကဏ္ဋနဲ့- သူတို့အုပ်ချုပ်ရေးပိုင်းနဲ့သူတို့ ရှိနေတယ်၊ စစ်ကောင်စီကိုလည်း ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတာဆိုတော့ NUG နဲ့ကရော ရှေ့ဆက် ဘယ်လိုသွားမလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ ချေမှုန်းဖို့က နည်းပေါင်းစုံကျင့်သုံးလျှက်ရှိပါတယ်။ ဒါကတော့ အားလုံးသိပြီးသားပါ။ နိုင်ငံရေး၊ လက်နက်ကိုင်စစ်ရေး၊ နောက်တခါ စီးပွါးရေးပိတ်ဆို့မှု၊ နောက်ပြီး သူတို့ရဲ့ဝါဒဖြန့်မှုကို ကျနော်တို့တုံ့ပြန်ပြီးတော့ မှန်ကန်တဲ့သတင်းတွေနဲ့လုပ်ဆောင်တာ၊ ဒါမျိုး အဆင့်လိုက် အဆင့်လိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဖြစ်ပွါးတဲ့အပေါ်ကို ကြည့်မယ်ဆိုရင်တော့ နှစ်ခုပေ့ါ။ ပထမတခုကတော့ ပြည်သူတွေ ဒီလိုမျိုး ဆက်ပြီးတော့ သေကျေပျက်စီးတဲ့ဟာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အဖြစ်များတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ပြည်သူတွေကို လေကြောင်းရန်အချက်ပေးတဲ့သတိပေးစနစ်တွေကို ဒါတွေကို ထူထောင်နိုင်ဖို့အတွက် လုပ်ဆောင်ပါ့မယ်။ ဒါက အရေးကြီးပါတယ်။
...အဲဒီတော့ အဲဒီနေရာမှာ ကျနော်တို့ ကိုယ်ရနိုင်တဲ့နည်းလမ်း၊ ဆက်သွယ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကျနော်တို့လုပ်ရမှာပါ။ တကယ်လို့များ ကျနော်တို့က တကယ့်ကို အားလုံးကို သတိပေးနိုင်တဲ့ 'လေကြောင်းအချက်ပြစနစ်' ဒါတွေကို ပြည်သူ့အသက်တွေ နောက်ထပ်မသေဖို့အတွက် နိုင်ငံတကာက ကူညီလာဖို့အတွက်လည်း ကျနော်ဆက်ပြီးတော့ တောင်းဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခု 'Burma Act' လို့ခေါ်တဲ့ NDAA လို့ခေါ်တဲ့ဥပဒေမှာ Non Lethal Assistant ဆိုတဲ့ဟာ- ကျနော်တို့က ဒီလိုမျိုးဟာတွေ ပါဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရေးအရ ဒီလိုမျိုး ထိုးစစ်ဆင်ပြီးတော့ မြင်မြင်သမျှကို သေနတ်နဲ့ပစ်၊ ဗုံးကြဲပြီးတော့ သတ်ဖြတ်နေတာကို ကယ်တင်နိုင်ဖို့အတွက် ဒီလိုမျိုး လေကြောင်းအချက်ပြစနစ်ကိစ္စက တကယ်ကူညီသင့်တဲ့အရာဖြစ်ပါတယ်။

....တချိန်တည်းမှာပဲ ကျနော်တို့ နောက်ထပ် ဒီလိုမျိုး လေကြောင်းတွေ၊ လေယာဉ်ဆီတွေသုံးပြီးတော့ ပျံသန်းဖို့ပိတ်ဆို့နိုင်တဲ့နည်းလမ်းက မဖြစ်မနေလိုအပ်လာပါပြီ။ အခုအချိန်မှာ လေယာဉ်ဆီပိတ်ဆို့မှုကို အမေရိကန်နိုင်ငံ၊ ဥရောပနဲ့ ဗြိတိန်နိုင်ငံတို့ကနေ ပိတ်ဆို့မှုရှိပေမဲ့ ဒီလောက်နဲ့မလုံလောက်ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်။ နောက်ထပ် ဒီ့ထက်ပိုမိုပြီးတော့ လေယာဉ်ဆီတင်ပို့ရောင်းချမှု ပိတ်ဆို့တာတွေ၊ နောက်တခါ လေယာဉ်ဆီတင်ပို့ရောင်းချတဲ့ကုမ္ပဏီတွေ...ဒါတွေကို အာမခံကြေးထုတ်မပေးတဲ့ နောက်ထပ်လှုပ်ရှားမှုတခု ဒါမျိုးလုပ်ဆောင်ပေးဖို့လည်း ကျနော်ကြိုးပမ်းလျှက်ရှိပါတယ်။ အဲဒီတော့ ပြည်သူတွေအတွက် အန္တရာယ်ပေးနိုင်မဲ့(ဟာကို ကာကွယ်တားဆီးမယ့်) စနစ်တခုထူထောင်တာရယ်၊ လူသတ်ပြီးတော့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ နောက်ထပ် ဒါမျိုးမလုပ်နိုင်ဖို့အတွက် သူတို့ထောက်ပံ့ပေးနေတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ထပ်မံဖြတ်တောက်ဖို့အတွက် နိုင်ငံတကာကို ထပ်ပြီးတော့ တောင်းဆိုရမှာပါ။ ဖြစ်လာဖို့လို့လည်း ကျနော်တို့ မဖြစ်မနေ လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------

{{Unicode}}











XS
SM
MD
LG