သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းရန် ညောင်လေးပင် ၁၇ ရွာသားတွေ တိမ်းရှောင်ပြေး


မတ်လ ၁၉ ရက်နေ့ မနက်က စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာ။ (ဓာတ်ပုံ - ကေအန်ယူ)
မတ်လ ၁၉ ရက်နေ့ မနက်က စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာ။ (ဓာတ်ပုံ - ကေအန်ယူ)

(Zawgyi / Unicode)

ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာပေါင်း ၁၇ ရွာလောက်က ဒေသခံ ၃,၇၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲကို စစ်ကောင်စီဘက်က မတ်လ ၁၉ ရက်နေ့ မနက် ၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံး ၄ လုံး လာရောက်ကြဲချတဲ့အတွက် ကျေးရွာပေါင်း ၁၇ ရွာက ဒေသခံ ၃,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗုံးကြဲမှုကြောင့် ဒေသခံတွေ မထိခိုက်ပေမယ့် နေအိမ်အဆောက်အဦတွေ ပျက်စီးတာတွေရှိပြီး ဗုံးကျတဲ့နေရာ ပမာဏ ကျယ်ပြန့်တဲ့အတွက် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“ဗုံးကျတဲ့နေရာတွေက ဒီမှာ ပမာဏ အတော်ကြီးတယ်။ ကျည်ဆန်ကျတဲ့ နေရာတွေက ရေကန်လောက် ဖြစ်သွားတယ်၊ နည်းတာမဟုတ်ဘူး။ ဒီလိုဗုံးမျိုးတွေက ကျနော်တို့ အရင်က မတွေ့ခဲ့ဘူး။ ပမာဏ အတော်ကြီးမားတယ်။ ၂ နေရာဖြစ်တယ်၊ ပထမနေရာက ကွီးလားကျေးရွာလို့ ခေါ်တယ်။ အဲဒါက IDP ရွာတွေပဲလေ။ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက အဲဒီနေရာတွေမှာ စစ်တပ်က ကားလမ်းတွေဖောက်တဲ့ နေရာလေ။ တပ်မဟာ ၃ ကနေ ၅ ကိုသွားတဲ့ နေရာလေ။ အဲဒီရွာသားတွေက အဲဒီထဲကကို ပြေးနေရတာ။ အာဏာမသိမ်းခင်ကတည်းက ပြေးနေရတာ၊ အနေအထားမှာရှိတယ်၊ နောက်တနေရာကတော့ ရွှေကျင်မြို့နယ်ထဲမှာ၊ ကရင်လိုကတော့ ဆောထိမြို့နယ်မှာပေါ့၊ ပြေးနေရတာ ၁၇ ရွာကပါ၊ အဲဒါက အုပ်စုလိုက် အုပ်စုလိုက်ဆိုတော့ ရွာပေါင်းကလည်း ၁၇ ရွာတောင် မကပါဘူး။”

အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာအသီးသီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ပြီး နယ်မြေစိုးမိုးရေး လုပ်နေတာကြောင့် တပ်မဟာတိုင်းလိုလိုမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကေအန်ယူကတော့ ဆိုပါတယ်။ အခုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကရင်လူထုတွေ ကြောက်စိတ်ပိုများအောင် လုပ်နေတာ ဖြစ်တယ်လို့လည်း ဖဒိုစောတောနီးက ဆိုပါတယ်။

“လေယာဉ်ပျံနဲ့ဆိုတော့ ကြောက်စိတ်ပိုများတယ်။ ရိုးရိုးတိုက်ပွဲတွေ လက်နက်ကြီးနဲ့ ပစ်တာတွေနဲ့ မတူဘူး။ လေယာဉ်နဲ့ပစ်တာက လူထုတွေ ကြောက်စိတ်တွေ ပိုများအောင်လုပ်တာလို့ ယူဆရတယ်။ အဓိက အချက်ကတော့ ကျနော်တို့ ကေအန်ယူကို မထောက်ပံ့ရဲအောင် မထောက်ခံရဲအောင် သူတို့လုပ်တဲ့ နည်းနာတခုပါပဲ။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ နယ်မြေတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ ထိန်းချုပ်ရာ နယ်မြေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည် အသစ် ၇ သောင်းလောက် တိုးလာသလို အရင်က ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေနဲ့ ပေါင်းမယ်ဆိုရင် ကေအန်ယူထိန်းချုပ်ရာ တပ်မဟာအသီးသီးမှာ ဒုက္ခသည် ၂ သိန်းလောက် ရှိနေတယ်လို့ ကေအန်ယူက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG