သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း အာရှလမ်းမပေါ် ကုန်ကားတချို့ ပစ်ခတ်မီးရှို့ခံရ


မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ပစ်ခတ် မီးရှို့ခံရတဲ့ကုန်ကား။ (မတ် ၁၂၊ ၂၀၂၂။ ဓာတ်ပုံ - CJ)
မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ပစ်ခတ် မီးရှို့ခံရတဲ့ကုန်ကား။ (မတ် ၁၂၊ ၂၀၂၂။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဆုတ်ခွါပေးဖို့ ကေအန်ယူက သတိပေးလိုက်ပြီးနောက်မှာ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၂ ရက်နေ့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကုန်သွယ်ရေးစီးဆင်းမှု လုပ်နေတဲ့ အာရှလမ်းကို အသုံးမပြုကြဖို့ သတိပေးပြီး လက်ရှိ လမ်းပိတ်ထားတယ်လို့ ကေအန်ယူက ဆိုပါတယ်။ ဒီနေ့မှာပဲ အာရှလမ်းမှာ သွားနေတဲ့ ကုန်ကားတချို့ ပစ်ခတ် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဆုတ်ခွါပေးဖို့ ကေအန်ယူက သတိပေးလိုက်ပြီးနောက်မှာ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၁ ရက်နေ့မှာရော ၁၂ ရက်နေ့မှာပါ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နှစ်ဖက်ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပစ်ခတ်မှု ဖြစ်နေတဲ့အတွက် အာရှလမ်းမပေါ်က ကုန်တင်ကားတွေလည်း ပစ်ခတ်မီးရှို့ခံခဲ့ရပါတယ်။

ကေအန်ယူကတော့ ဒီလမ်းတွေဟာ စစ်ကောင်စီတပ်တွေအတွက် စစ်ရေးနဲ့ စားနပ်ရိက္ခာတွေအတွက် အထောက်အကူပြုနေတဲ့လမ်းဖြစ်လို့ ပြည်သူတွေ မသွားလာဖို့ စာထုတ်ထားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် အာရှလမ်းကိုပါ ပိတ်ထားတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်နေတယ်။ ဟို မနက်ရော ညနေဘက်ရော တိုက်ပွဲတွေ ဖြစ်နေတယ်။ လမ်းကိုလည်း ကျနော်တို့ ပိတ်လိုက်ပြီ။ ကျနော်တို့က ဒီလမ်းက စစ်တပ်တွေ တောက်လျှောက်သွားနေတဲ့လမ်းဖြစ်တယ်၊ စစ်တပ်တွေအတွက် ထောက်ပို့နေတဲ့လမ်းဖြစ်တယ်၊ ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်တယ်၊ အဲဒါကြောင့် သွားသင့်လား မသွားသင့်လားဆိုတာ ကျနော်တို့ စာထုတ်ပြီးသားပါ။ အဲဒါ သိဖို့ကောင်းပါတယ်။ အဲဒီစာက ရုပ်သိမ်းထားတာမရှိဘူး။ ပြီးခဲ့တဲ့ ၃ ရက်ကလည်း ထပ်ပြီး စာထုတ်ထားတယ်။ ဆင့်ကဲဆင့်ကဲ ကျနော်တို့ပြောတာ ဒီလမ်းက စစ်ဖြစ်နေတဲ့လမ်းဆိုတာ မမေ့ဖို့လိုတယ်။ လေယာဉ်နဲ့ လာပစ်တာတွေလည်း ခနခနပဲ။”

မတ်လ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက ကုန်ကားတန်းကို အကာအကွယ်ယူပြီး လမ်းလျှောက်တက်လာတဲ့အတွက် ကော့ကရိတ်မြို့နယ် အာရှလမ်းမပေါ်မှာပဲ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပါတယ်။

“ဒီလမ်းက စစ်ဖြစ်နေတဲ့လမ်းဆိုတာ မမေ့သွားဖို့ လိုတယ်။ လေယာဉ်နဲ့လာပစ်တာလည်း ခနခနပဲ။ ဒီနေ့တော့ တိုက်ပွဲ နည်းနည်းပိုကြမ်းတယ်။ ဖြစ်တာက ကမိုင်ကုန်းနားမှာလည်း ဖြစ်တယ်၊ ရေတံခွန်နားမှာလည်း ဖြစ်တယ်။ စစ်ကောင်စီစစ်ကြောင်းက ကားတန်းနဲ့မတက်ဘဲ လမ်းလျှောက်တက်လာတယ်။ ဒီကြားထဲမှာ ကုန်သည်တက်ဆင်းနေတဲ့ ကားတန်းကို အကာအကွယ်ယူပြီး တက်လာတယ်။ ရေတံခွန်ကွေ့မှာ ထိတွေ့မှုဖြစ်တယ်။ ကမိုင်ကုန်းဘက်မှာတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဒီနေ့တိုက်ပွဲဖြစ်တယ်။”

စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်ထဲကနေ မဆုတ်ခွါဘဲ ကျေးရွာတွေမှာ တပ်စွဲ နေရာယူထားတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ မလွယ်ကူတာကြောင့် နှစ်ဖက်တင်းမာမှုတွေ ပိုဖြစ်လာလိမ့်မယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။

“အခြေအနေကတော့ ပိုပြီး တင်းမာလာဖို့ရှိတယ်။ ကျနော်တို့က တပ်ဆုတ်ဖို့ ပြောနေတာ အလကားပြောနေတာ မဟုတ်ဘူး။ အဓိပ္ပာယ်မဲ့ ပြောနေတာ မဟုတ်ဘူး။ စစ်ဘေးရှောင်တွေက ဟိုး ဒီဇင်ဘာလကတည်းက ၃ လကြာပြီ၊ သူတို့က အိမ်ပြန်ချင်တယ်။ ရွာသားတွေ အိမ်တွေမှာလည်း စစ်တပ်တွေက သွားထိုင်နေတယ်၊ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလည်း လုယက်တာတွေလည်း ရှိတယ်၊ ဖျက်ဆီးတာရှိတယ်၊ ကားတွေယူပြီး ရောင်းစားတာတွေလည်း ရှိတယ်၊ ရွာသားတွေကလည်း ပြန်ချင်နေကြတယ်၊ သူတို့ရှိနေရင်လည်း ဘယ်သူမှ ပြန်လို့ရမှာ မဟုတ်ဘူးလေ။”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်နဲ့ အနီးအဝိုက်မှာ ၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး ၃ လကြာတဲ့အထိ အနီးတဝိုက်က ကျေးရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှောင်တဲ့ သူတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဒီအတွက် စစ်ကောင်စီတပ်တွေ ၃ ရက်အတွင်း ဆုတ်ခွါသွားကြဖို့ ကေအန်ယူ တပ်မဟာ ၆ က မတ်လ ၇ ရက်နေ့က သတိပေးစာ ထုတ်ပြန်ခဲ့ပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)












XS
SM
MD
LG