သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမြို့နယ်တွင်း ကျေးရွာ ၃၀ ထက်မနည်း ဒေသခံများ စစ်ရှောင်


လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားကျေးရွာက စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားကျေးရွာက စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းနေတာကြောင့် အနည်းဆုံး ကျေးရွာ ၃၀ ကျော် စစ်ရှောင်နေကြရပြီး ဒေသခံတချို့ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မေလ ၁၇ ရက်၊ မနက် ၆ နာရီလောက်က ကာဘိုးတိုက်နယ်ကနေထွက်လာတဲ့အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ ခမရ ၃၆၈၊ ကျေးပင်အပ်ရွာကနေထွက်လာတဲ့ အင်အား ၁၂၀ ဝန်းကျင်ပါတဲ့ ခမရ ၃၆၁ တို့အပြင် ပျူစောထီးအဖွဲ့တွေက အင်အား ၈၀ ဝန်းကျင် လောက်စီနဲ့ စစ်ကြောင်း ၂ ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၄ ကြောင်းဟာ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ် ကျေးရွာတွေကို ဝင်လာခဲ့တာဖြစ်တယ်လို့ ကန့်ဘလူ KB 3 ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ကိုဇော်က ခုလိုပြောပြပါတယ်။

“စစ်ကြောင်းတွေက ခုဟာက ၅ ကြောင်းက ခမရ ၃၆၈ က တကြောင်းတည်းနဲ့ ခုကျတော့ ၃ ကြောင်းခွဲပြီးတော့ ၃ ရွာကို ခွဲဝင်လိုက်တယ်ဗျ။ စစ်ကြောင်းက ပွစာကျဲသလို ဖြစ်နေတယ်။ ပြည်သူတွေက ရှောင်ရတိမ်းရတာ တအားခက်ခဲနေတာဗျ။ ၃၆၈ ကတော့ အင်အား ၁၄၀ လောက်ပါတယ်ဗျ။ ၃၆၁ ကတော့ အင်အား ၁၂၀ ပါတယ်ဗျ။ ပျူစစ်ကြောင်း ငစို့က ထွက်တဲ့စစ်ကြောင်းကတော့ အင်အား ၇၀ လောက်ပါတယ်ဗျ။ ထန်းကုန်းကထွက်တဲ့ စစ်ကြောင်းကတော့ အင်အား ၆၀ လောက်ပေါ့။”

စစ်ကောင်စီတပ်ဘက်က အင်းလယ်ကြီးရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတဦးနဲ့ အမျိုးသားတဦး လက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသမီးကပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ပျူစောထီးအဖွဲ့တွေက ပစ်ခတ်တာကြောင့် ရသေ့ရွာက စစ်ရှောင်အမျိုးသားတဦးလည်း သေဆုံးခဲ့ရတယ်လို့ ကိုဇော်က ခုလိုပြောပြပါတယ်။

“ထိန်တောဘက်ကို အင်းလယ်ကြီးကိုရောက်နေတဲ့ ခမရ ၃၆၁ စစ်ကြောင်းက လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာဗျ။ အဲ့ လင်မယားနှစ်ယောက်ကတော့ လက်နက်ကြီးထိတာဗျ။ အမျိုးသမီးကတော့ တခါတည်း အဲ့နားတင် ဆုံးသွားတယ်ဗျ။ အမျိုးသားကတော့ အခု ဆေးရုံမှာပဲ။ ရသေ့ဘက်ကိုကျတော့ ငစို့ဘက်ကနေထွက်လာတဲ့ ပျူစစ်ကြောင်းက စစ်ဘေးရှောင်တွေရှောင်နေတဲ့ တောဘက်ကိုဝင်လာတော့ အဲ့ကနေ စစ်ဘေးရှောင်တွေကိုမြင်တော့ သူတို့ကလက်နက်ငယ်တွေ သေနတ်နဲ့လှမ်းပြီးတော့ ပစ်တာနောက်စေ့တချက်ရယ်၊ ဗိုက်တချက်ရယ် မှန်သွားတယ်ဗျ။ သူကလည်း အဲ့မှာတင်ပဲ သေသွားတာဗျ။”

စစ်ကောင်စီတပ်က ကျေးရွာတွေကိုပတ်လည်ဝိုင်းပြီး စစ်ကြောင်းခွဲတွေအများကြီးနဲ့ ဝင်ရောက်နယ်မြေရှင်းတာဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေထွက်ပြေးရှောင်တိမ်းဖို့ ခက်နေကြတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေကြသူတွေက ပြောပါတယ်။ မနက်ပိုင်းမှာ ကျေးပင်အပ်ရွာနဲ့ ထောက်ရှာအိုင်ကျေးရွာက စစ်ရှောင်ဖို့ထွက်ကြတဲ့ ဒေသခံ ၁၀ ယောက် ဝန်းကျင်လောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ကိုဇော်က ပြောပါတယ်။

“ဒေသခံတွေကတော့ (ရွာမှာ) မရှိတော့ဘူးဗျ။ စစ်ရှောင်တွေကတော့ ဒီက ၄ ကြောင်း ဖြစ်နေတော့ကျ စစ်ရှောင်ရတာ အရမ်းခက်ခဲနေတယ်ဗျာ။ ပြည်သူတွေကတော့ ဒုက္ခတအား ရောက်နေတယ်ဗျ။ ပြည်သူတွေဖမ်းမိတာတွေတော့ ရှိတယ်ဗျ။ ကျေးပင်အပ်က ၅ ယောက်ဗျ၊ ခုလောလောဆယ်တော့ ကျေးပင်အပ်က ၅ ယောက်နဲ့ ထောက်ရှာအိုင်ဘက်က ၅ ယောက်ပေါ့၊ ၁၀ ယောက်လောက်ပါခဲ့တယ်ဗျ။ စစ်ရှောင်တွေက ရွာဘက်မှာ မနေရဲလို့ တောဘက်ကို ထွက်ရှောင်ကြတဲ့အချိန်မှာတန်းတိုးတာဗျ။”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးခြားထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်အတွင်းကကျေးရွာတွေကို ဒီကနေ့ စစ်ကြောင်းထိုး ဝင်ရောက်နယ်မြေရှင်းတာကြောင့် ကျေးပင်အပ်၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ ညောင်ပေါင်ရင်း၊ ရီးဒွေး၊ သရက်တော၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ မဲသည်၊ ညောင်ဇင်ကြီး၊ မင်းကုန်း၊ ရှမ်းတပ်၊ ဇီးဖြူကုန်း၊ ယောရှမ်းတပ်၊ ထိန်တော၊ ပေလည်စတဲ့ ကျေးရွာပေါင်း ၄၀ နီးပါးက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ ယခင်ကတည်းက အမြဲတမ်းစစ်ရှောင်နေကြရတဲ့ ကျေးရွာတွေလည်းရှိတာကြောင့် အခု စစ်ဘေးရှောင်ကြရတဲ့ကျေးရွာတွေပါဆိုရင် ကန့်ဘလူတောင်ခြမ်းမှာ စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၈၀ ဝန်းကျင်ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်ကူညီပေးနေကြသူတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဧပြီလကနေ မေလအတွင်း အခုအချိန်ထိ စစ်ကြောင်းမပြတ် ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာကြောင့် စစ်ဘေးရှောင်ဦးရေတွေ တိုးသထက်တိုးလာနေပြီး လက်ရှိမှာ စစ်ရှောင်အတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG