သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ရွှေကူမှာ KIA-PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ


ရွှေကူမြို့နယ် မံဝိန်းကျေးရွာနေအိမ်များမီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)
ရွှေကူမြို့နယ် မံဝိန်းကျေးရွာနေအိမ်များမီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းက တိုက်ခိုက်တာကြောင့် ကျေးရွာအချို့က နေအိမ်တွေ မီးလောင်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေလည်း တိမ်းရှောင် နေကြရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ဒီလ ၂၃ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မတ်လ ၃၀ရက် မနေ့ ညပိုင်းမှာတော့ ရွှေကူမြို့ ရဲစခန်းကို လာရောက်တိုက်ခိုက်တာတွေရှိခဲ့သလို နေ့ခင်းပိုင်းမှာလည်း ရွှေကူမြို့နဲ့ ၁၀မိုင် အကွာခန့်မှာ လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“မနေ့က ညပေါ့ခင်ဗျ။ ရဲစခန်းကို လာပြီးတော့ လာပစ်တာပေါ့။ ၈နာရီခွဲကျော်ကျော်က ပစ်တာ။ ၉နာရီ ၅မိနစ်လောက်မှာ ရပ်သွားတာ။ လူတွေ အထိအခိုက်တွေကတော့ ဘာမှ မကြားဘူး။ ရမ်းသမ်း ပစ်တဲ့ဟာတွေပေါ့နော်။ အိမ်တွေ ကျည်ထိတာတို့၊ ခေါင်မိုးတွေ ပေါက်တာတို့၊ ဘုန်းကြီးကျောင်းထဲ ကျတာတို့ အဲဒါမျိုးတွေကတော့ တော်တော်များများလေးကို ရှိသွားတာပေါ့။ မနေ့ကလည်းပဲ လေယာဉ် ၂စီးနဲ့ လာတဲ့ပြီးတော့ ဗုံးတွေ ချသွားတာပေါ့။ တစ်ရွာဆိုရင် ဗုံးမှန်တဲ့ပြီး မီးတွေ လောင်နေတာပေါ့။ အိမ်ခြေဘယ်လောက် လောင်တယ်ဆိုတာကတော့ ဘယ်သူမှသွားပြီး အနီးကပ်ကြည့်လို့ မရသေးဘူး။ အတိအကျတော့ မသိသေးဘူး။ ရွှေကူ၊ စည်သာတိုက်နယ် မံဝိန်းပေါ့။ မံဝိန်းရယ်။ စီမူလေးရွာသစ်ပေါ့။”

ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့နောက် မံဝိန်းကျေးရွာအနီးတဝိုက်က ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ရှမ်းပြည်နယ်ဘက်နဲ့ ရွှေကူမြို့ပေါ်တွေကို တိမ်းရှောင်ခဲ့ကြကြောင်း ဆက်ပြောပါတယ်။

“သူတို့ အဲဒီဘက်နယ်တွေ စစ်ကြောင်း စတင်ထိုးပြီဆိုတည်းက၊ ကြိုတင်ပြီးတော့ ပြေးကြတာပေ့ါ။ မြို့ဘက်ကို မလာနိုင်တဲ့ဟာတွေကျတော့ အဲဒီ ရှမ်းဘက် ရွာတွေဆီ ရောက်သွားတာပေါ့။ အဲဒီမှာတွေလည်း ထောင်ချီပြီးတော့ ရှိသလို ကျနော်တို့ မြို့ထဲကိုလည်း ထောင်ချီပြီး ရောက်ခဲ့တာပေါ့၊ အဲဒီရွာတွေက။ ရွှေကူမြို့ထဲ ဘုန်းကြီးကျောင်းတွေပေါ့ခင်ဗျာ။”

၂၉ရက်နေ့ကတော့ ရွှေကူမြို့ပေါ်ရောက်လာတဲ့ စစ်ရှောင်တွေကို အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းတာတွေ ရှိကြောင်းနဲ့ တိမ်းရှောင်နေတဲ့ ကျေးရွာတွေအခြေအနေကို အခြား ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အခုတော့ မရှိတော့ဘူး။ ဘုန်းကြီးကျောင်းမှာတွေ၊ ပြန်ခိုင်းတယ်။ ဘုန်းကြီးကျောင်းမှာ မနေစေဘူး၊ သူတို့ကို။ ရွာပေါင်း ၄- ၅- ၁၀ရွာလောက် ရှိမယ်။ တချို့ကျတော့ တောထဲဘက် ပြေးကုန်တာပေါ့။ ရွှေကူမဟုတ်ဘဲ ရှမ်းမြောက်ဘက် ပြေးကုန်တာတွေ များတယ်ဗျ။ မံဝိန်းဆိုရင်လည်း အိမ်ခြေအနည်းဆုံး ၃၀၀- ၄၀၀ လောက်ရှိတဲ့ ရွာတွေပေါ့ဗျာ။ စီမူကြီးကလည်း အိမ်ခြေ ၈၀- ၁၀၀လောက်တော့ ရှိမယ်။ နောက် စီမူလေးကျတော့ အိမ်ခြေ ၁၅၀လောက် ရှိမယ်။ နောက် နန့်လန်တို့ဆိုလည်း အိမ်ခြေ ၁၀၀ကျော်ကျော်လောက် ရှိပါတယ်။ ၁၂၀လောက်ရှိမယ်။ နောက် ဘေးပတ်ဝန်းကျင်ရွာတွေ၊ နီးစပ်ရာရွာနီးစပ်တွေကလည်း မနေရဲတော့ဘူး ထွက်ပြေးကုန်ပြီလေ။”

တချို့ ရွာသားတွေကတော့ ရွှေကူမြို့ပေါ်က ဆွေမျိုးနီးစပ်နဲ့ ရင်းနှီးတဲ့နေအိမ်တွေမှာ ခိုလှုံနေတာလည်း ရှိပါတယ်။ တိမ်းရှောင်ကြရတဲ့ရွာတွေထဲမှာ စီသာ၊ စီမော်၊ မံခါး၊ မံနား၊ ငှက်တံတား၊ တုန်းကောက်စတဲ့ရွာတွေ ပါဝင်သလို ရွှေကူမြို့ တစ်ဘက်ကမ်းက ဆင်တပ်၊ ရေလဲ ၊ ပေါက်ကုန်း၊ သဘောအင်း စတဲ့ရွာတွေလည်း ပါဝင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား မတ်လ ၂၃ ရက်နေ့ကစတင် တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ ဖမ်းဆီးခံရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဘယ်နှစ်ဦး ဖမ်းဆီးခံရတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၅ရက်နေ့ကလည်း စီသောင်၊ မံဝိန်းနဲ့ စီမူလေးကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်အချို့ ပျက်ဆီးခဲ့သလို ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေ သေဆုံးတာတွေ ရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG