သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ် လိုင်ဇာအနီးမှာ တိုက်ပွဲတွေ အရှိန်မြင့်နေ


ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ KIA အကြား စစ်ရေးတင်းမာမှု အရှိန်မြင့်နေပြီးဌာနချုပ် လိုင်ဇာအနီးမှာ မနေ့အင်္ဂါနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပြည်သူတွေ အသွားအလာ သတိရှိဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ဆဒုံးအနီးဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ KIA က တပ်စခန်းတခု ဆုတ်ခွာလိုက်ရပါတယ်။ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေကို ကိုစံကျော် က စုစည်းတင်ပြ ထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီး၊ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က နမ့်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီလ ၃ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ ဒီလ ၄ ရက်နေ့မှာ ဗန်းမော်ဘက်ကနေ စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထပ်မံ ဝင်ရောက်လာပြီး တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ဒေသခံတဦးက ပြောပါတယ်။

“ မနေ့ကကျတော့ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ဝင်လာ၊ ထိုးလာတော့ တိုက်ပွဲဖြစ်တာ။ တော်တော်ကြာအောင် ဖြစ်တယ်လို့ ပြောတယ်။ မနက် ၁၀ နာရီ ဝန်းကျင်ကနေ ၁၂ နာရီ လောက်အထိ တော်တော်လေးကို ပစ်ကြတယ်လို့ ပြောတယ်။ အဲဒီ နမ့်ဆန်ယန်အဝင်ပေါ့။ ဗန်းမော်ဘက်ကနေ တက်လာတဲ့ တံတားအစပ်မှာလို့ ပြောတယ်။ ရွာသားတွေလည်း ကိုယ့်အတွက် အဆင်ပြေမယ့်ဘက်ကို ရှောင်နေကြပြီပေါ့။”

စစ်ကောင်စီတပ်က ဗန်းမော်ဘက်ကနေ စစ်ကား ၁၀ စီးလောက် ထပ်မံ ဝင်ရောက် လာကြောင်းလည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြတာရှိပါတယ်။
KIA ရဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူ ကလည်း ဒီကနေ့ တိုက်ပွဲတွေ မရှိပေမဲ့၊ မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

“ အခုထိကတော့ ဒီနေ့ကတော့ သေနတ်သံတွေကတော့ မကြားဘူး။ သတင်းလည်း ယူတော့ယူခိုင်းတယ်။ ဒါပေမဲ့ ဘာမှ သတင်းတက်တာ မရှိသေးဘူး။ နည်းနည်းစောင့်ကြည့်မှ သိမယ်ထင်တယ်။ မနေ့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ကြတာ။ မြေပြင်မှာ ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေကတော့မရှိဘူး။”

ဒီလ၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမှာ အသွားအလာ ရပ်ဆိုင်းခဲ့ပေမဲ့ဒီကနေ့တော့ လိုင်းကားတွေ ပြန်လည် ပြေးဆွဲတာ ရှိနေတယ်လို့ဗန်းမော်ဒေသခံ တစ်ဦးကပြောပါတယ်။
ဒီလ ၄ ရက်၊ မနေ့တုန်းကတော့ နမ့်ဆန်ယန်မှာ ဒေသအတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာတာကြောင့်ဗန်းမော်-မြစ်ကြီးနားလမ်း သွားလာရာမှာသတိရှိဖို့ KIA ရဲ့ လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးကသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
နမ့်ဆန်ယန်ကျေးရွာဟာ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ပွဲမှာ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတဲ့ ရွာဖြစ်ပါတယ်။၂၀၁၉ ခုနှစ်မှာ အစိုးရ၊ စစ်တပ်၊ KIA နဲ့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းမှုအရတိမ်းရှောင်နေတဲ့ အိမ်ထောင်စု ၂၀၀ လောက် ပြန်လာခဲ့တဲ့နောက် အခုတကြိမ် ထပ်မံ တိမ်းရှောင်နေကြရဝာာပါ။ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ကလည်း နမ့်ဆန်ယန်ရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာပဲစစ်ရေးတင်းမာနေတဲ့ အခြားဒေသကတော့ ဝိုင်းမော်-ကံပိုက်တည်လမ်းက ဆဒုံးမြို့အနီးမှာဖြစ်ပါတယ်။ အဲ့ဒီမှာ KIA ဘက်က စခန်းတခု ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆဒုံးဒေသခံတဦးက ပြောပါတယ်။

“ မနေ့ကတော့ဖြစ်တယ်။ ဒီနေ့တော့ မကြားသေးဘူး။ မနေ့ညနေပိုင်းကနေ စပြီးတော့ KIA ဘက်က စခန်းကုန်း ဆုတ်ပေးလိုက်တယ်လို့တော့ကြားတယ်။ ဖြစ်တဲ့နေရာကတော့ အဲဒီ ဝိုင်းမော်ကနေ ကံပိုက်တည်ဘက်လမ်း တက်သွားရင် ဆဒုံးမရောက်ခင် အဲဒီ လန်န ရေတံခွန်ပေါ့ ။ အဲဒီ ရေတံခွန်းနားအင်ဝမ်ကောင်ရွာနဲ့ ရေတံခွန်ကြားမှာ ဖြစ်တာ။ လဂတ်ကောင်လို့ခေါ်တဲ့ စခန်းကုန်းလို့ ပြောရမှာ အဲဒီနေရာ သိမ်းတယ်လို့ ပြောရမှာပေါ့။”

လဂတ်ကောင်စခန်းက ဆုတ်ခွာရတာနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေး တာဝန်ခံဗိုလ်မှုးကြီးနော်ဘူကအခုလို ပြောပါတယ်။

“ မနေ့က ညနေပိုင်းအထိတော့ တိုက်ပွဲဆက်ရှိတာရှိတယ်။ မနေ့ကတော့။ ရှေ့တန်းကာကင်းတွေပေါ့နော်။လမ်းဘေးမှာ ရှိတဲ့ ကာကင်းကတော့ ရှောင်ပေးတာလည်း ရှိမှာပါ။”

ဝိုင်းမော်မြို့နယ် ဆဒုံးဒေသဘက်မှာ ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်သတ္တတပတ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာတော့မြစ်ကြီးနားမြို့ကို ဆွေးနွေးပွဲလာတဲ့ တရုတ်စစ်တပ် ကိုယ်စားလှယ်ယာဉ်တန်းကိုဆဒုံးအနီးမှာ KIA က ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ လေကြောင်းက တိုက်ခိုက်တဲ့ အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG