သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခလမ်ဆမ်ဆွမ် အမြန်ဆုံးလွှတ်ပေးဖို့ ကန်တောင်းဆို


Dr. REV Hkalam Samson (KBC KACHIN)
Dr. REV Hkalam Samson (KBC KACHIN)

ဧပြီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွမ်ကို အမြန်ဆုံးနဲ့ခြွင်းချက်မရှိပြန်လွှတ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာပါ။ အကြမ်းဖက်မှုပါပုဒ်မ၊ မတရားအသင်းဆိုင်ရာဥပဒေပုဒ်မ၊ တပ်မတော်ကို အကြည်ညိုပျက်အောင် ပြုမူတယ်ဆိုတဲ့ စွဲချက်ပုဒ်မ သုံးခုနဲ့ စုစုပေါင်း ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့တာပါ။ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား လေဆိပ်မှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးထိမ်းသိမ်းမှုခံခဲ့ရတာပါ။

၂၀၂၃ ဇန်နဝါရီလထဲမှာတော့ သူ့ကို စွဲချက်တွေစတင်ပြီး တရားစစ်ဆေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ Vedant Patel ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ အများလေးစားယုံကြည်တဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုအပါအဝင် သူ့ရဲ့ သတ္တိပြောင်မြောက်တဲ့လုပ်ရပ်တွေကြောင့် မြန်မာစစ်ကောင်စီက သူ့ကို အညှိုးပြစ်မှတ်ထားခဲ့တယ်လို့ ဖော်ပြပါတယ်။ သူဟာ ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တရားမျှတမှုဖော်ထုတ်ရေးနဲ့ ကချင်လူမျိုးတွေအတွက် တန်းတူညီမျှမှုရရှိရေးကို ထောက်ခံကူညီခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအသိုက်အဝန်းတွေ၊ ဘာသာရေးအဆောက်အဦးတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေရပ်တန်ဖို့လည်း တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ မြန်မာနိုင်ငံမှာ မနေ့ နှစ်ဆန်းတရက်နေ့ကတော့ အကျဉ်းသားသုံးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ VOA က သိထားရသမျှ နိုင်ငံရေးအကျဉ်းသား သုံးဦးပဲ ရှိပါသေးတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ် အမြန်ဆုံးလွှတ်ပေးဖို့ ကန်တောင်းဆို
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG