သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခလမ် ဆမ်ဆွမ်ကို ထောင် ၆ နှစ်ချ


Dr. Hkalam Samson
Dr. Hkalam Samson

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ် ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်က်ပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မ ၃ခုအတွက် ဒီကနေ့မြစ်ကြီးနားအကျဉ်းထောင်တရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာဖြစ်ပြီး အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေ အတွက် အယူခံဝင်သွားဖို့ပြင်ဆင်မယ်လို့ သူ့ရှေ့နေကပြောပါတယ်။ ရန်ကုန်ကပေးပိုတဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာခလမ် ဆမ်ဆွမ်အပေါ်စွဲဆိုထားတဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁ အတွက် ထောင်ဒဏ် ၂ နှစ်၊တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ ဆော်မှု ၅၀၅-က အတွက် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်တရားရုံးက ချမှတ်လိုက်တယ်လို့ ရှေ့နေဖြစ်သူက ဗွီအိုအေကို ပြောပါတယ်။ ဒီထောင်ဒဏ်တွေအတွက် အယူခံဝင်သွားမယ်လို့ ရှေ့နေက ပြောပါတယ်။

"၁၇/၁ နဲ့က ၂ နှစ်ပါ။ ၅၀၅-က နဲ့က ၁ နှစ်၊ ၅၂ (က) နဲ့က ၃ နှစ် စုစုပေါင်း ၆ နှစ် ပါရှင့်။ အယူခံမှာပါ။ သကြန်ရုံးဖွင့်တာနဲ့ကျမတို့လုပ်ဖြစ်မှာပါ။ အမိန့်ချတာကတော့သူတို့ချတာပေါ့ ရှေ့နေအလုပ်ကတော့ အယူခံပေးဖို့ဘဲရှိပါတယ်လို့ ဒီလောက်ဘဲပြောချင်ပါတယ်။"

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးသွားကုဖို့အသွား ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ ၂၀၂၃ ဇန်နဝါရီ ၁၁ ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော်ဆိုသူက မြစ်ကြီးနားရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုး လှုံ ဆော်မှု ၅၀၅-က တို့နဲ့ အမှုဖွင့်ခဲ့ပြီး တရားရင်ဆိုင်နေချိန်မှာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ NUG သမ္မတ ဒူးဝါလရှီးလ၊ သယံဇာတ ဝန်ကြီးအဆင့်ရှိတဲ့ ဦးတူးခေါင်၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမ ဒေါ်ဂျာထွယ်ပန် တို့တွေနဲ့ လိုင်ဇာမြို့မှာတွေ့ခဲ့တာကြောင့် အခုလိုတရားစွဲဆို ခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ တရားသူကြီးဘက်က ရှင်းပြခဲ့ပါတယ်။

ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့ ကြိုးစားနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ် ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ နှလုံးနဲ့သွေးတိုးရောဂါရှိတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားခဲ့ရပြီး မကြာခဏဆိုသလို ရင်ကြပ်တတ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။ လက်ရှိ သူ့ကျန်းမာရေးအခြေအနေကို သိရဖို့ မိသားစုအနေနဲ့ တွေ့ခွင့်ရချင်ပေမယ့် ဖမ်းသွားချိန်ကစလို့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးက VOA ကိုပြောပါတယ်။

မိသားစုဝင်တွေဘက်ကတော့ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ ဘုန်းတော်ကြီးတစ်ဦးဖြစ်တဲ့အတွက် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေ ရန်သူမရှိ အားလုံးကိုဆုတောင်းပေးရတဲ့အပေါ် အခုလို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာမဖြစ်သင့်ဘူးလို့ တုံပြန်ထားပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ် ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွမ် ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

{Unicode}








XS
SM
MD
LG