သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ဥက္ကဋ္ဌ အပေါ်အရေးယူမှု မြန်မာစစ်တပ် ပြန်ရုပ်သိမ်းမှု ကန်ကြိုဆို


အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် Dr. Samson Hkalam
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် Dr. Samson Hkalam

မြန်မာနိုင်ငံတွင်း ဘာသာရေးနှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တရားစွဲဖို့ တပ်မတော်အရာရှိ တဦးက ဦးတိုက် လျှောက်ထားခဲ့မှုကို ပြန်ပြီး ရုပ်သိမ်းလိုက်တဲ့ အတွက် ကျေနပ်အားရ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက တုံ့ပြန်ပါတယ်။ ဒေါက်တာ ခါလမ်ဆမ်ဆွန် အရေး စိုးရိမ်ကြောင်း အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂတို့ကို စာရေးသား ပေးပို့ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ခဲ့ကြတဲ့ American Baptist Churches USA ကလည်း အခု ဆုံးဖြတ်ချက် အပေါ် ကြိုဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန် သမ္မတ Donald Trump နဲ့ ဇူလိုင်လ ၁၇ ရက်နေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်က တွေ့ဆုံပွဲမှာ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဌ ဒေါက်တာ Hkalam Samson က မြန်မာနိုင်ငံတွင်း ဘာသာရေး နှိပ်ကွပ်မှုတွေ အကြောင်း ပြောဆိုခဲ့ပြီး မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတွက် အထူး ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ဆရာ ဒေါက်တာ Hkalam Samson ကို တရားစွဲဆိုနိုင်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနား တရားရုံးမှာ သြဂုတ်လ ၁၆ ရက်နေ့မှာ ဦးတိုက် လျှောက်ထားခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မှာတော့ ပြန်ပြီး ရုပ်သိမ်းလိုက်ပါတယ်။ ဒီလို ရုပ်သိမ်းတဲ့ အတွက် ကျေနပ်အားရ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗွီအိုအေကို ပြောပါတယ်။

“ အခု ဆုံးဖြတ်ချက် အပေါ်မှာ ကျေနပ်အားရ ဖြစ်မိကြောင်း၊ ကမ္ဘာတလွှားမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင်တို့ကို အမေရိကန် ပြည်ထောင်စု အနေနဲ့ အခိုင်အမာ ထောက်ခံထားကြောင်း၊ အခု ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတို့ အပေါ် ပိုပြီး အပြုသဘောဆောင်လာတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ တဦးက တုံ့ပြန်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစားမှု ရှိမယ့် ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တရပ်ပေါ်ပေါက်လာရေး မြန်မာ ပြည်သူအားလုံးရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က ဆက်လက် ထောက်ခံသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

KBC ဥက္ကဌ ဒေါက်တာ Hkalam Samson ကို တရားစွဲဆိုဖို့ ဦးတိုက် လျှောက်ထားချက်ကို ပြန်ပြီး ရုပ်သိမ်းလိုက်တဲ့ အပေါ် American Baptist Churches USA- အမေရိကန် နှစ်ခြင်း ခရစ်ယာန်ကျောင်းတော်ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Lee Spitzer က ကြိုဆိုလိုက်ပါတယ်။

“ အမေရိကန် နှစ်ခြင်း ခရစ်ယာန် ကျောင်းတော် အနေနဲ့ မြန်မာနိုင်ငံရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဥက္ကဌ ဒေါက်တာ ဆမ်ဆွန် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် သီတင်းပတ်ပေါင်း များစွာ လှုပ်ရှား ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် တရားစွဲဖို့ လျှောက်ထားချက်ကို မြန်မာ စစ်တပ်က ရုပ်သိမ်းသွားတဲ့ အတွက် သိပ်ကို အားရကျေနပ် ဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ကျနော်တို့ရဲ့ နှစ်ခြင်းခရစ်ယာန် မဟာမိတ် အားလုံးရဲ့ လုံခြုံရေး အတွက်လည်း ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ စစ်တပ် အနေနဲ့ ကျနော်တို့ရဲ့ ရောင်းရင်း ညီအကိုတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားလိုက်နာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ဦးဆောင်ပြုလုပ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ရေးဆိုင်ရာ ဒုတိယ အကြိမ် နိုင်ငံတကာ ဝန်ကြီးများ အဆင့် အစည်းအဝေးတွေ တက်ရောက်ပြီး KBC ဥက္ကဌ ဒေါက်တာ Hkalam Samson နဲ့ သင်းအုပ်ဆရာ Lanjaw Gam Seng တို့ မြန်မာနိုင်ငံကို ပြန်ကြတာမှာ လုံခြုံရေး အတွက် စိုးရိမ်ကြောင်း အမေရိကန် နှစ်ခြင်း ခရစ်ယာန် ကျောင်းတော်က အမေရိကန် ဒုတိယ သမ္မတ Mike Pence အပါအဝင် အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres တို့ထံ စာပေးပို့ခဲ့တာပါ။ ဒေါက်တာ ဆမ်ဆွန် တရားစွဲဆိုခံရမယ့် အရေး အပေါ် စိုးရိမ်မကင်း ဝိုင်းဝန်းခဲ့ကြမှု အတွက်လည်း ကျေးဇူးတင်ကြောင်းလည်း အမေရိကန် နှစ်ခြင်း ခရစ်ယာန်ကျောင်းတော်ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Lee Spitzer က ပြောပါတယ်။

“အမေရိကန် နှစ်ခြင်း ခရစ်ယာန် ကျောင်းတော် အနေနဲ့ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်က တဆင့် နေ့စဉ်နဲ့ အမျှ ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့တာပါ။ ကုလသမဂ္ဂ အပြင် အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဒေါက်တာ ဆမ်ဆွန်နဲ့ တခြား ကချင် နှစ်ခြင်း ခရစ်ယာန် ခေါင်းဆောင်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တတပ်တအား စိတ်ဝင်စားမှုတွေ ပြသခဲ့ကြတဲ့ အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာတဝန်းလုံး နီးပါး နှစ်ခြင်း ခရစ်ယာန် မဟာမိတ် အဖွဲ့အစည်းတွေကလည်း ပါဝင်လှုပ်ရှားခဲ့တဲ့ အခုလို အခြေအနေကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုနဲ့ ဒီမိုကရေစီမှာ လူ့အဖွဲ့အစည်း အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် ရှိကြတယ်ဆိုတဲ့ အချက်ကို မြန်မာ အစိုးရနဲ့ စစ်တပ်ကို ရှင်းလင်း ပြတ်သားစွာ အသိပေးလိုက်ရာလည်း ရောက်ပါတယ်။”

ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဌကို စစ်တပ်ဘက်က တရားစွဲဆိုဖို့ လျှောက်ထားချက် ပြန်ပြီး ရုပ်သိမ်းလိုက်တဲ့ အပေါ် ကချင် မဟာမိတ် အဖွဲ့ ဥက္ကဌ Gum San ကတော့ အခုလို တုံ့ပြန်ပါတယ်။

“ဘာသာရေးအသင်းတော် ခေါင်းဆောင်တွေရဲ့ ဆရာကြီးတွေ ၊ ဆရာတော်တွေ ဆိုတာက အမှန်တရားမှာ ပြောရမယ့် တာဝန်ရှိပါတယ်။ တကယ်ဖြစ်ပျက်နေတာတွေ မမှန်တဲ့ဟာတွေ မမှန်ဘူးလို့ ပြောတာက ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ ပြောဆိုမှု မဟုတ်ဘူးဆိုတော့ ဒီအပေါ်မှာ စစ်တပ်ကနေ တရားစွဲတာ ဖြစ်လာခဲ့တယ် အဲဒါက နဂိုကတည်းကနေ မလုပ်သင့်တဲ့ဟာ။”

အမေရိကန် သမ္မတနဲ့တွေ့ဆုံပွဲမှာ ဒေါက်တာ Hkalam Samson မြန်မာနိုင်ငံတွင်း ခရစ်ယာန်တွေ အပေါ် မြန်မာ စစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်မှု၊ ဘာသာရေး လွတ်လပ်ခွင့် မရရှိတဲ့ အခြေအနေတွေ အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေက မြန်မာ အစိုးရကို တိုက်ခိုက်နေရကြောင်း၊ ဒါကြောင့် အမေရိကန် အစိုးရ အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်းသား ခေါင်းဆောင်တွေကို အကူအညီပေးဖို့ အရေးကြီးကြောင်း၊ မြန်မာ စစ်တပ် ခေါင်းဆောင် လေးဦးနဲ့ မိသားစုဝင်တွေ အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတွက်လည်း အထူး ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG