သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့တွေ့ဆုံခဲ့တဲ့ ကချင် KBC အဖွဲ့ချုပ် ဥက္ကဌကို အရေးယူဖို့ ကြိုးပမ်းမှုအပေါ် ဥပဒေအရ သုံးသပ်ချက်


KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် (Credit -KBC Kachin )
KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် (Credit -KBC Kachin )

အခုလို ကချင် နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC ) ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို အရေးယူဖို့ မြန်မာစစ်တပ်က မြစ်ကြီးနားမြို့နယ် တရားရုံးကို ပုဒ်မ ၂၀၀ နဲ့ ဦးတိုက်လျောက်ထားမှုမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်နေတယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို အရေးယူဖို့ တပ်မတော်ဘက်က ဥပဒေပုဒ်မ ၂၀၀ နဲ့ မြစ်ကြီးနားတရားရုံးကို ဦးတိုက်လျောက်မှုနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးမင်းလွင်ဦးက အခုလို စပြောပါတယ်။

ဦးမင်းလွင်ဦး။ ။ အဲဒါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ အမှုကို လက်ခံစစ်ဆေးပေးဖို့အတွက် တရားရုံးကို ဦးတိုက်လျောက်တဲ့ လျောက်လွှာဖြစ်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ သူတို့က နည်းဥပဒေအရ ဒီအမှုကို တင်တယ်ဆိုတော့ ဒါဆိုရင် မြန်မာတပ်မတော်ဘက်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက် တင်ပြထားတဲ့ အမှုဖြစ်ပွားပုံဆိုတဲ့ အချက်မှာ KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် ကနေ အမေရိကန်ပြည်ထောင်စုကို လာတဲ့အချိန်မှာ သမ္မတ Donald Trump နဲ့ တွေ့တာရယ် နောက်တခါ နိုင်ငံတကာ ဘာသာရေးခေါင်းဆောင် တွေနဲ့ တွေ့ဆုံပွဲမှာ အဓိကတော့ အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့တဲ့အခါ ဒေါက်တာ ခါလမ်ဆမ်ဆွန် ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့ သူတို့က ဥပဒေအရ အရေးယူဖို့ မြန်မာတပ်မတော်က လျောက်ထားတယ်ဆိုတော့ သူတို့ စွဲချက်တွေကိုကြည့်ရင် တကယ့်ဥပဒေနဲ့ အကျုံးဝင်သလား။ မြန်မာနိုင်ငံတရားဥပဒေမှာ အဲဒီလို တရားစွဲလို့ရလား။

ဦးမင်းလွင်ဦး။ ။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ စကားတခွန်းအပေါ်မှာ မူတည်ပြီးတော့ တရားစွဲဆိုနိုင်တဲ့အကြောင်းအရာ ရှားပါးလိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ အဲဒီလို လုပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ဘာသာတရား လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်မရှိဘူးဆိုတာလည်း ပိုမိုပေါ်လွင်သွားတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်လိုမှ သည်းမခံဘူး ၊ အရေးယူတာခံရမယ် ၊ လွပ်လပ်စွာ ပြောဆိုခွင့်လည်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ပတ်သက်လို့ ဆိတ်သုဉ်းနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြသလိုက်တယ်လို့ ကျနော်မြင်တယ်။ အရေးယူဖို့အကြောင်းအရာကတော့ တရားလိုရဲ့ လျောက်လွှာကို စစ်ဆေးမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်တယ်လို့ မြင်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင် ။ ။ အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့တဲ့ ဒေါက်တာ ခါလမ်ဆမ်ဆွန် ကနေပြီးတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ပြောခဲ့တဲ့ သူ့ရဲ့ ပြောဆိုချက်တွေမှာရော ဘယ်လိုသုံးသပ်ပါသလဲ။

ဦးမင်းလွင်ဦး။ ။ CNN မှာလာတဲ့အချိန် ကျနေ်ာတို့ ကြည့်ရပါတယ်။ မြန်မာနိုင်ငံက လာတဲ့ ကိုယ်စားလှယ် ၂ ဦးမှာ တဦးက ပြောတာက တိုးတိုးလေးဖြစ်တယ် အချိန်ဘယ်လောက်မှ မကြာပါဘူး။ သမ္မတ Donald Trump နဲ့ တွေ့တဲ့အချိန်မှာ ပြောတာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေတယ်ဆိုတဲ့ စကားလောက်ပဲ အဲဒီအချက်အလက်တွေမှာ မူတည်ပြီး အမှုကို တည်ဆောက်ပြီးဆွဲမယ်ဆိုရင်တော့ တော်တော်လေး ခဲယဉ်းမယ်လို့ ကျနေ်ာမြင်တယ်။ မြန်မာနိုင်ငံမှာလည်း အစိုးရအဆက်ဆက် တခါမှ ဒီလို စွဲဆိုတာမျိုး မကြားဖူးဘူး။ ဒါပထမဦးဆုံးအမှု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ မြန်မာတပ်မတော်ရဲ့ တရားစွဲချက်မှာ အမှုဖြစ်ပွားပုံဆိုတဲ့နေရာမှာ ဖော်ပြထားတာက ဒေါက်တာ ခါလမ်ဆမ်ဆွန် က သမ္မတ Trump ကိုပြောတဲ့ ပြောကြားချက် တွေက World News Now Facebook Page မှာဖေါ်ပြထားတာကို တွေ့ရသဖြင့် ဥပဒေအရ အရေးယူပေးပါရန် ဆိုတဲ့ကိစ္စမှာ ဒီလို Facebook Page သက်သေအဖြစ်ယူပြီး အရေးယူဖို့ တရားရုံးကို ဦးတိုက်လျောက်ထားတဲ့ မြန်မာတပ်မတော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲ။

ဦးမင်းလွင်ဦး။ ။ ဥပဒေအရ ပြောရမယ်ဆိုရင်တော့ ဒါက စီရင်ပိုင်ခွင့်အာဏာကို လွန်ပြီးတော့မှ ဖြစ်တဲ့နေရာက အမှုကို မြန်မာပြည်တွင်းမှာ အရေးယူဖို့ လျောက်တယ်ဆိုကတည်းက ဥပဒေနဲ့ မညီညွတ်ဘူးလို့ မြင်တယ်။

XS
SM
MD
LG