သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ဘေးရှောင်တွေ ဒုက္ခမငြိမ်းသေး


ကချင်စစ်ဘေးရှောင်တွေ
ကချင်စစ်ဘေးရှောင်တွေ

ကချင်ပြည်နယ်မှာ IDP လို့ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တသိန်းနီးပါးဟာ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသက ဒုက္ခသည်စခန်းတွေမှာ နေနေကြပါတယ်။ ကချင်ဒေသမှာ တကြော့ပြန်စစ်ပွဲတွေ ဖြစ်လာတာ အခုဆိုရင် ၈နှစ် ပြည့်လာပြီဖြစ်ပြီး၊ အစိုးရတပ်နဲ့ KIA တပ်တွေကြား စစ်ဖြစ်နေတဲ့ အကြောင်းရင်းခံထဲမှာ ကျောက်စိမ်းနဲ့ ရေအားလျှပ်စစ်လို စီမံကိန်းအပါဝင် သဘာဝသယံဇာတ ထိန်းချုပ်နိုင်ရေး ရည်မှန်းချက်တွေလည်းပါဝင်ကြောင်း၊ Steve Sandford ကချင်ပြည်နယ်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသမှာ တကြော့ပြန်စစ်ပွဲ ဖြစ်လာတာ ၈နှစ်ပြည့်အဖြစ် ဒေသခံပြည်သူတွေက ဒီလထဲမှာ အထူးဝတ်ပြု ဆုတောင်းပွဲ လုပ်ကြပါတယ်။ နယ်မြေစိုးမိုးရေးအတွက် မြန်မာ့တပ်မတော်နဲ့ KIA တပ်တွေကြား ဖြစ်နေတဲ့စစ်ပွဲကြောင့် ကလေး အတော် များများဟာလည်း ခုချိန်ထိအောင်ပဲ IDP တွေဖြစ်နေကြပါတယ်။

အသက် ၈၆ နှစ်အရွယ်ဒေသခံ ဦး Jang Maw Gam Maw ကတော့ ၁၉၆၂ ခု စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကတည်းက စစ်နဲ့ပတ်သက်လို့ အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ပါတယ်။

“ကျနော်တို့ အခုလိုမျိုး ဖိနှိပ်ခံနေရာတာအတွက် အရမ်း စိတ်ဓါတ်ကျမိပါတယ်။ အခြားကလေးတွေလိုပဲ ကျနော်တို့ ကလေးတွေကိုလည်း ကောင်းမွန်တဲ့ ပညာသင်ကြားခွင့် ရစေချင်တယ် ဆိုပေမဲ့ ၊ အခုလိုမျိုး ဖိနှိပ်ခံနေရတော့ သူတို့ ပညာသင်ခွင့် မရကြပါဘူး။”

ပြီးခဲ့တဲ့နှစ်တွေကစလို့ IDP စခန်းတွေဆီ သွားရောက်ကူညီခွင့်ကို ပိတ်ပင်ထားပြီး ပဋိပက္ခဇုံထဲက အစိုးရစစ်တပ်ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာရဖို့ အခက်ခဲတွေ တိုးလာနေတယ်လို့ အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေ တချိန်က ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာတွေဟာ အခုတော့ အစိုးရထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီအသစ်တွေက ဖွံ့ဖြိုးရေးတွေ လုပ်နေကြပါပြီ။ မရော်ဆန်းဟာ စစ်ပြေးဒုက္ခသည်တဦးပါ။

“ကျမတို့ ပိုင်ဆိုင်ခဲ့တဲ့အိမ်ကို အခုချိန်မှာပြန်သွားခဲ့ရင် ဘဝကို သုညကနေ ပြန်စရမှာပါ။ ပဋိပက္ခ မတိုင်ခင်က ကျမတို့ရှိခဲ့ဖူးတဲ့ အခြေအနေမျိုး ပြန်ရလိမ့်မယ်လို့ ကျမ မထင်ပါဘူး။ ကျမတို့ဘဝတွေကို တစ်ကနေ ပြန်စရမှာပါ။”

မြန်မာစစ်တပ်နဲ့ KIA ကြား လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း ဒေသတွင်း သယံဇာတ ထိန်းချုပ်နိုင်ရေးပေါ် အခြေခံစဉ်းစား နေကြတာကြောင့် အောင်မြင်မှုသိပ်မရပဲဖြစ်နေပါတယ်။ KIA တပ်က ဗိုလ်ချုပ် မရန်ဇော်တောင်က ခုလိုပြောပါတယ်။

“လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရရ ၊ မျှတစွာ စဉ်းစားလုပ်ဆောင်ပေးဖို့နဲ့ တိုင်းရင်းသားတွေအပေါ် နားလည်မှုပေးဖို့ လိုသလို၊ မြန်မာအစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားအုပ်စုကြား တရားမျှတမှုအတွက် တိကျတဲ့ရည်မှန်းချက်တခု ရှိဖို့လိုပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်သွားမယ်လို့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးထားပေမယ့် တန်းတူညီမျှခွင့်နဲ့ ဟန်ချက်ညီအောင် ဘယ်လို ထိန်းညှိသွားကြမလဲ ဆိုတာကတော့ ဆက်ပြီးကြီးစားနေရဦးမှာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG