သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန် စစ်ဘေးရှောင်တွေအတွက် လုံခြုံရေးအာမခံချက်လို


ကချင်ဒုက္ခသည်များ
ကချင်ဒုက္ခသည်များ

ကချင်စစ်ပြေးစစ်ရှောင်တွေကို နေရပ်ရင်းပြန်ပို့ဖို့ စီစဉ်နေချိန်မှာပဲ အရေးပေါ် လိုအပ်နေဆဲ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးမှု မရှိပဲ အမြန်ဆုံးပေးဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်ရှောင်တွေပြန်သွားကြတဲ့ အခါမှာလည်း ဒေသတွင်း ဘေးကင်းလုံခြုံမှု အာမခံချက်ရှိဖို့အတွက် အစိုးရ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ဖို့လိုတယ်လို့ ကချင်လူမှုခေါင်းဆောင်ကပြောပါတယ်။ လက်ရှိမှာတော့ ကချင်စစ်ဘေးဒုက္ခသည်တွေအရေး တောင်းဆိုဆန္ဒထုတ်ဖော်သူတွေလည်း တရားစွဲဆိုခံထားရတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ၂၀၁၁-ခုနှစ်ကစလို့ ကချင်ပြည်နယ်တွင်း တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့လို့ ကချင်ဒေသခံပြည်သူ တသိန်းကျော်ဟာ အစိုးရ ထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေနဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ဘေး စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံနေထိုင်နေခဲ့ရတာ ရှစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ကချင်စစ်ရှောင်စခန်းတွေထဲ အရေးပေါ်လိုအပ်ချက်တွေ များစွာရှိနေတုန်းပဲလို့ ကချင်ဒုက္ခသည် လူငယ်တဦးဖြစ်တဲ့ ကိုအင်ခွမ်ဂွမ်ဂျာနော်က ပြောပါတယ်။

"အခု ကျနော်တို့က နှစ်ပေါင်း ရှစ်နှစ်ကျော်လာတဲ့ အချိန်မှာ ကျနော်တို့ရဲ့ IDPs ရဲ့ တကယ့် လက်တွေ့ဘဝဟာ အခက်အခဲတွေ အများကြီးရှိတာ ဖြစ်တယ်။ အဲ့လို အခက်အခဲတွေ အများကြီးရှိတဲ့ ကျနော်တို့ရဲ့ ဒီ IDPs တွေရဲ့ လက်ရှိ အခြေအနေ အနေအထားကိုလည်း တခြားစစ်ရှောင်မဟုတ်တဲ့ ပြည်သူတွေ၊ နောက်ပြီးတော့ အစိုးရတွေ နားလည်ပြီးတော့ ကျနော်တို့ကို အမြဲတမ်း ကူညီပြီးတော့ တတ်နိုင်သမျှ ကျနော်တို့ကို အားပေးကူညီပေးမယ်ဆိုရင် ကျနော်တို့ အများကြီး သက်သာရာရမှာပါလို့ အဲ့လိုပဲ ပြောချင်ပါတယ်။"

အခုလို စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခအခက်အခဲ ဘဝအခြေအနေတွေကို ကချင်စစ် ရှစ် နှစ်ပြည့်ချိန် မြစ်ကြီးနားမြို့မှာ ကချင်စစ်ရှောင်လူငယ်တွေက သရုပ်ဖော်တင်ဆက်ခဲ့ကြလို့ မြစ်ကြီးနားမြို့နယ် ရဲမှူးက တရားလိုလုပ်ပြီး ဦးဆောင်သူ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲထားပါတယ်။ ဒီလို မြစ်ကြီးနား တရားစွဲဆိုထားသလို ရန်ကုန်မှာလည်း စစ်ပွဲရပ်ရေးငြိမ်းချမ်းစွာ ဆန္ဒပြလူငယ် ငါး ဦးကိုလည်း ပန်းဘဲတန်းရဲစခန်းက တရားစွဲဆိုထားပါတယ်။ ဒါကို ဒုက္ခသည်လူငယ်တွေက အပြင်းအထန် ရှုတ်ချကန့်ကွက်ပြီး တရားစွဲထားတာကို အမြန်ဆုံးရုပ်ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

လက်ရှိကြုံနေရဆဲ ကချင်စစ်ရှောင်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပြည်သူတွေ အစိုးရတွေ နားကြားနိုင်အောင် မြင်သိနိုင်အောင် ငြိမ်းချမ်းရေး လိုလားသူက စစ်ရှောင်တွေရဲ့တကယ့်ဖြစ်ရပ်မှန်တွေကို ထုတ်ဖော်ပြသခဲ့ကြတာလို့ ကိုအင်ခွမ်ဂွမ်ဂျာနော်ကပြောပါတယ်။

"IDPs ရဲ့ ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျနော်တို့ တကယ်ပဲ IDPs ရဲ့ ဒီဘဝမှန်ကိုပေါ့နော် ခံစားချက်ကို ပြည်သူတွေအားလုံး မြင်အောင် ချပြတဲ့ ဒီသရုပ်ဖော်ပြဇာတ် ဖြစ်တဲ့ အတွက် ဒါကို တကယ်ပဲ ဒီ သူတို့ တရားမစွဲဘဲနဲ့ လွှတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့တွေရဲ့ ယုံကြည်မှုကလည်း ပိုပြီးတော့ ရှိလာနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့ နောင်အခါမှာလည်း အဲ့လိုမျိုး ခဏခဏ ဖမ်းဆီးတာမျိုး မလုပ်ဖို့ အားလုံး ပွင့်ပွင့်လင်းလင်းနဲ့ တယောက်နဲ့တယောက် တယောက်ရဲ့ ခံစားချက်ကို ပိုပြီးတော့ ပြနိုင်တဲ့ အနေအထားကို အစိုးရ၊ တာဝန်ရှိတဲ့လူတွေ အကုန်လုံးက အားပေးသင့်တယ်လို့ ကျနော်က အဲ့လိုပဲ ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ ဆန္ဒကို ဖော်ထုတ်တဲ့အချိန်မှာ အဲလိုပဲ ဖော်ထုတ်ခွင့်မပေးဘဲနဲ့ ဒီလို ခဏခဏပဲ ဖမ်းတာ ဆီးတာတွေ လုပ်နေမယ်ဆိုရင် ကျနော်တို့ ဒီပြဿနာက ပိုပြီးတော့ ဆိုးလာနိုင်တယ်ပေါ့နော်။ နောက်ပြီးတော့လည်း ဒီအစိုးရ အပေါ်မှာ ကျနော်တို့ရဲ့ ယုံကြည်မှု ကလည်း တဖြည်းဖြည်း ပိုပိုပြီးတော့ လျော့သွားနိုင်တယ်ဆိုတဲ့ဟာကို ပြောချင်ပါတယ်။"

နှစ်ဘက်ထိန်းချုပ်နယ်မြေတွေထဲက ကချင်စစ်ဘေးရှောင်စခန်းတွေထဲ အရေးပေါ်လူသားချင်းစာနာမှု အကူညီတွေ ပေးနိုင်အောင် ကြိုးစားနေကြပေမဲ့ စားဝတ်နေရေးနဲ့ ရိက္ခာ လိုအပ်ချက် အခက်အခဲတွေကတော့ ရှိနေတုန်းပဲ လို့ ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။

"လိုအပ်ပါတယ်။ လိုအပ်တယ် ဆိုတာကတော့ အခု ဒီ ရှစ်နှစ်၊ ကိုးနှစ် လောက်ကြာလာတဲ့အချိန်မှာ နေတဲ့ ကျနော်တို့ ဒီ shelter တွေ၊ မလုံမခြုံတဲ့ ပြဿနာတွေ၊ အခုဆို မိုးများရင် မနေနိုင်တဲ့၊ နေလို့မရတဲ့၊ လေ-ပါရင် နေလို့မရတဲ့တွေ အခြေအနေမှာ ရှိတယ်။ ပြီးရင် စားနပ်ရိက္ခာပိုင်းကတော့ နဂိုထဲကနေ လျော့လာပြီဆိုတော့ ဒီ IDPs က ကိုယ်တိုင် ရှာဖွေ စားသောက်ရတာက ပိုများလာတာပေါ့။ အကူအညီတွေကတော့ အရင်ကထက်စာရင် အများကြီးနည်းသွားတာပေါ့။"

ခိုလှုံနေထိုင်ရဆဲ ဒုက္ခသည်စခန်းတွေထဲက အခက်အခဲတွေကိုလည်း ပြေလည်အောင် ဝိုင်းပြီး ကြိုးစားဆောင်ရွက်ပေးနေသလို နှစ်ချီစစ်ရှောင်ခဲ့ကြရတဲ့ ကချင်ပြည်သူတွေကို ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ရင်းပြန်ပို့ဖို့ ဆောင်ရွက်နေတာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ကပဲ-

"အစိုးရဘက်က NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ဒီကျေးရွာရွေးတဲ့ နေရာမှာ ကျနော်တို့ ပြန်ပြီးတော့မှ ဆွေးနွေးဖို့ ရှိပါတယ်။ တချို့တော့ ကျနော်တို့ ဒီအဆင်သင့်ဖြစ်နေတာတွေ ရှိနေပါပြီ။ ပြန်တဲ့ဟာတွေလည်း ရှိနေပြီဆိုတော့ International ရဲ့ Assistant ဆက်လက်သွားဖို့ပဲ လိုတယ်။ ခက်တာက International အဖွဲ့အစည်းတွေကလည်း ဒီ KIA နဲ့ အစိုးရနဲ့ Bilateral မထိုးမချင်း သူတို့ရဲ့ Access မရောက်နိုင်သ၍ ကတော့ နည်းနည်း ကြန့်ကြာအုံးမယ်လို့တော့ ထင်တာပဲ။"

ဒီစစ်ရှောင်တသိန်းကျော် နေရပ်ရင်း ပြန်လည်အခြေချနေထိုင်ရေးတွေ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပေမဲ့လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်းကို ကောင်းကောင်းမွန်မွန်နဲ့ ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေးနဲ့ ပြန်လည်အခြေချနေထိုင်မှု လုပ်ငန်းတွေမှာ ဒုက္ခသည်တွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ဖို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေအရေးဆောင်ရွက်သူတွေက အခုကချင်တကျော့ပြန် စစ် ရှစ်နှစ်ပြည့်ချိန် တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG