သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လှုပ်ရှားသူ ဒေါ်နန်ပူ ကျန်းမာရေးကြောင့် အကျဉ်းထောင်က စောပြီးပြန်လွတ်မည်


ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ ဒေါ်နန်ပူ ( Nang Pu Facebook )
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ ဒေါ်နန်ပူ ( Nang Pu Facebook )

စစ်တပ်ကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ခြောက်လ နဲ့ငွေဒဏ် ချခံလိုက်ရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးထဲက ဒေါ်နန်ပူကတော့ ကျန်းမာရေးကြောင့် ဒီရက်ပိုင်းထဲ ထောင်ဒဏ်လျော့ပေါ့ပြီး ပြန်လွတ်လာဖို့ရှိချိန်မှာတော့ ထောင်ကျခံနေရဆဲ ကချင်ခေါင်းဆောင်နှစ်ဦး အမှု သူတို့မှာ အပြစ်မရှိတဲ့အတွက် တရားဥပဒေလမ်းကြောင်းအတိုင်း ပြည်ထောင်စုတရားလွှတ်တော်ရုံးကနေ သမ္မတအထိ ဆက်အယူခံ ဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ မြစ်ကြီးနား အကျဉ်းထောင်မှာ လက်ရှိအကျဉ်းချခံထားရတဲ့ ကချင် ခေါင်းဆောင်တွေ ကို မနက်ဖြန်မှာ သွားရောက်တွေ့ဆုံဖို့ရှိပြီး သူတို့အပြစ်မရှိကြောင်း တရားဥပဒေကြောင်းအရ တရားဝင်ရလဒ် ထွက်လာနိုင်ရေး အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေက ဆိုပါတယ်။။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေ လွတ်မြောက်ရေး ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှုရဲ့ ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ကို Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ သူတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံးကနေ သူတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် (၆) လနဲ့ ငွေဒဏ် ငါးသိန်းကျပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထောင်ဒဏ်လေးလ ကျခံခဲ့ပြီးဖြစ်တဲ့ ကချင်လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်နန်ပူကတော့ ကျမ်းမာရေးအခြေအနေ ဆိုးဝါးတဲ့အတွက် သူ့ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ ခြောက်လအစား ဧပြီလ (၇)ရက်နေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ဖို့ ရှိတယ်လို့ကို Lum Zawng ဦးဇော်ဂျတ်တို့ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးမုန်စိုင်းထူးက အတည်ပြု ပါတယ်။

“ဒေါ်နန်ပူက လွတ်တယ်ဆိုတဲ့နေရာမှာ ၆ လဆိုတဲ့နေရာမှာ သူက နေမကောင်းဘူး ။ ပြီးတော့ အမျိုးသမီးလည်းဖြစ်တယ် အားနွဲ့တယ်ဆိုပြီးတော့ ၆ လအစား ၄ လ ပြစ်ဒဏ်ပြောင်းပေးတာ ။ ဧပြီလ (၇)ရက်နေ့မှ ၄ လပြည့်မှာ။ ပုဒ်မကြီး အပြစ်မရှိလို့ လွတ်တယ်ဆိုတာမျိုးမဟုတ်ဘူး အဲလိုမသုံးသပ်ဘူး။ ကို Lum Zawng ဦးဇော်ဂျတ်တို့က ပြစ်ဒဏ် မပြောင်းဘူး၆ လအတိပဲ နေရမှာ။ ကို Lum Zawng ဦးဇော်ဂျတ်တို့ကတော့ ပြည်နယ်လွှတ်တော်မှာ တစုံတရာအမိန့်မကျေနပ်ဘူးဆိုရင် ပြည်ထောင်စုအထိ တက်ဖို့ ကျနော်အစကနေ ဆွေးနွေးပြီးသား။ မနက်ဖြန်ကနေစပြီး ကျနေ်ာစီစဉ်တော့မယ် ဒါက ကျနော်တို့ မျှော်လင့်တဲ့အခြေအနေက ရိုးရိုးလွတ်လာဖို့ဆိုတာထက် ကျနော်တို့က မတရား အပြစ်မရှိပဲနဲ့ ထောင်ချခံရတယ်လို့ ကျနော်ခံယူထားတာကြောင့် ကျနော်တို့ ပုဒ်မလွှတ်အောင်တော့ ကြိုးစားသွား မှာပါ မျှော်လင့်ချက်က အဲဒါပါ။”

ဧပြီလ (၇)ရက်နေ့မှာ ပြန်လွတ်မြောက်ဖို့ရှိတဲ့ ငြိမ်းချမ်းရေးအတွက်လှုပ်ရှားသူ ဒေါ်နန်ပူကို အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော အပြောင်းအလဲ အတွက် အမျိုးသမီးများဆု (Women of Change Award) ဆုရှင်နှစ်ဦးထဲက တဦးအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့ကပဲ ဂုဏ်ပြုအခမ်းအနားနဲ့ ဆုပေးတာကို ဒေါ်နန်ပူရဲ့ ဖခင်ကြီး ဦးအန်ဘောင်နော်က သမီးကိုယ်စား လက်ခံရယူခဲ့တာပါ။

ဒေါ်နန်ပူ အခုလိုပြန်လည်လွတ်မြောက်လာမှာကို ဝမ်းသာကြိုဆိုသလို အခုလို မိမိတို့ဒေသတွင်း စစ်မီးတွေငြိမ်းသတ်ရေး ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို မတရား ပုဒ်မတွေနဲ့ တရားစွဲထောင်ချအပြစ်ပေးနေတာကို ရပ်တန့်စေလိုပါတယ်လို့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေသူ ဒေါ်မေရီတွမ်ကတော့ အခုလို ပြောပါတယ်။

“လဆန်း ၇ ရက်နေ့မှာ ပြည့်မှာ အခုထိတော့ မလွတ်လာသေးဘူးရှင့်။ သူထွက်လာတဲ့အချိန်မှာ ကျမတို့ အားလုံး ဝမ်းသာကြိုဆိုဖို့ ရှိပါတယ်။ မတရားပဲနဲ့ ဒီလိုပြစ်ဒဏ် ချတာက ကျမတို့နိုင်ငံတရားစီရင်ရေးနဲ့ ပတ်သက်ပြီးမှ အင်မတန်မှ အဆင့်ဆင့်ပေါ့လေ ။ ဒီလူသားချင်းစာနာမှုဆိုင်ရာအဓိကဒေသဆရာမနန်ပူ လုပ်နေတာက ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ ပတ်သက်ပြီးမှ ဒါပြုလုပ်တာ ဖြစ်တယ်။ ဒါကို မတရားသဖြင့် ပြစ်ဒဏ်ချတယ်။ ဒါ ကျမမှ မဟုတ်ဘူးပေါ့နော် ဒီမြစ်ကြီးနား သော်လည်းကောင်း ဒီမှာရှိနေတဲ့ လူတွေအားလုံးက ခံပြင်းနေတယ်ပေါ့နော် မသက်သာလို့ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေ။ အဓိကတော့ ကျမတို့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံလည်း အမြဲပြောတယ် တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတာ တကယ်ဖြစ်လာဖို့အတွက်က လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ သော်လည်းကောင်း ဒါကို တာဝန်ယူပြီးလုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ကျမကတော့ အဲလိုမြင်တယ်။”

ဒီလို ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးကို ထောင်ဒဏ်ချမှတ်လိုက်ချိန်တုန်းကလည်း အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများနဲ့ EU ဥရောပသမဂ္ဂတို့ကပါ စိုးရိမ်မကင်းဖြစ်မိကြောင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ တည်ဆောက်နေတဲ့ ဒီမိုကရေစီစနစ်ကို များစွာထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို ချက်ခြင်းဆိုသလို သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG