မြန်မာပြည်ငြိမ်းချမ်းအောင် အစိုးရ ဦးဆောင်ဖော်ဆောင်နေချိန်မှာ ငြိမ်းချမ်းစွာ လူထုချီတက်ဆန္ဒထုတ်ဖော်တောင်းဆိုသူတွေကို ထောင်ချနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အနှောင့်အယှက်ဖြစ်ရုံမက ကချင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအပေါ် လူထုရဲ့ယုံကြည်မှုကိုပါ ကျဆင်းစေတယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်ကို အသရေဖျက်မှုနဲ့ ထောင်ချခံထားရတဲ့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ၃ ဦး အမှု ကချင်ပြည်နယ် တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းထားပြီး တရားစီရင်ရေးမှာ အာဏာပိုင်တွေဘက်က စွက်ဖက်မှုမရှိခဲ့ဘူးဆိုရင်တော့ သူတို့ပြန်လွတ်မြောက်ဖို့ မျှော်လင့်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကချင်ရှေ့နေတွေကပြောပါတယ်။ ရာသီဥတုဒဏ်ကြောင့် မြစ်ကြီးနား အကျဉ်းထောင်ထဲ အကျဉ်းကျနေသူတွေရဲ့ ကျန်းမာရေး လတ်တလော စိုးရိမ်စရာရှိနေပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆေးဝါးတွေရဖို့ တောင်းဆိုထားတယ်လို့လည်း သူတို့လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်တွင်းစစ်ရပ်တန့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေ လွတ်မြောက်ရေး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံး လှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ကို Lum Zawng ၊ ဦးဇော်ဂျတ် နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး ကနေ သူတို့ကို တပ်ကို အသရေဖျက်မှုက စွဲဆိုထားတဲ့အမှုကိုတော့ ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံးကနေ ပုဒ်မ ၅၀၀ ချိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် (၆) လ နဲ့ ငွေဒဏ် ငါးသိန်းကျပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းအောင် အစိုးရဦးဆောင် ဖော်ဆောင်နေချိန်မှာ အခုလို ငြိမ်းချမ်းစွာ လူထုချီတက်ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေကို အခုလို ပြစ်ဒဏ်တွေချမှတ်နေတာ၊ ထောင်ချနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အနှောင့်အယှက်ဖြစ်ရုံမက ကချင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအပေါ် လူထုရဲ့ယုံကြည်မှုကိုပါ ကျဆင်းစေတယ်လို့လည်း လူ့အခွင့်အရေးရှေ့နေကြီး ဦးခွန်နောင်က ရှု့မြင်ပါတယ်။
“ဒီ ၃ ယောက်ရဲ့လုပ်ဆောင်မှုက အဓိကလူသားချင်းစာနာမှုအနေနဲ့ ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ပေးဖို့အတွက်ဆိုပြီးတော့ အစိုးရကိုတောင်းဆိုတာပဲလေ။ ဘာမှနိုင်ငံရေးတို့ တခြားဘာအသွေးအရောင်မှ မပါဘူးပေါ့နော်။ လူသားချင်းစာနာမှုအနေနဲ့ ဒီလူတွေကိုကယ်ဖို့ တောင်းဆိုတဲ့အပေါ်မှာတောင်မှ တရားစွဲပြီးတော့မှ ဒီလိုပြစ်ဒဏ်တွေ ပေးနေတယ်ဆိုရင်တော့ ရှေ့ဆက်သွားရမယ့် ဒီမိုကရေစီ ဖက်ဒရယ်လို့ ပြောနေတဲ့ဟာတွေက လူထုအတွက်က ယုံကြည်ဖို့အခက်အခဲရှိတာပေါ့။ ရှိတဲ့အခါမှာ ဒီအစိုးရနဲ့ ပြည်သူလူထုနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ တော်တော်လေးအခက်အခဲရှိတယ်လို့တော့ ကျနော်တို့ကသုံးသပ်တာပေါ့လေ။”
အခုလက်ရှိမြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းချခံထားရသူ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးရဲ့အမှု တရားဥပဒေလမ်းကြောင်းအတိုင်း ကချင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းထားပြီး သူတို့လုံးဝလွတ်မြောက်တဲ့အထိ အဆင့်ဆင့် ဆက်ပြီးအယူခံဝင်သွားမယ်လို့ ကို Lum Zawng၊ ဦးဇော်ဂျတ်တို့အတွက် ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကြီး ဦးမုန်စိုင်းထူးက ပြောပါတယ်။
“မူလမြို့နယ်တရားရုံးကအမိန့်ကိုမကျေနပ်လို့ ပေါ့ဗျာ။ မြစ်ကြီးနားခရိုင်တရားရုံးမှာ အယူခံတက်တယ်၊ အယူခံတက်တော့ မြစ်ကြီးနားခရိုင်ရုံးက ချက်ချင်းပ,လပ် တယ်ပေါ့ဗျာ။ ပ,လပ်တော့ အခုလွှတ်တော်ကိုကြတော့ပြင်ဆင်ဖို့တက်တာပေါ့ဗျာ။ အမှုကတော့ ကချင်ပြည်နယ်တရားလွှတ်တော်က လက်ခံထားပါပြီ ကျနော်တို့တက်တာကို လက်ခံထားပြီဆိုတော့အခုသူတို့ နှစ်ပတ်လောက်ကြာလို့ရှိရင် လျှောက်လဲချက်ပေးဖို့ ရုံးချိန်းပါလိမ့်မယ်။ အဲဒါဆိုရင်လျှောက်လဲချက်ပေးဖို့ ရုံးချိန်းထွက်လာလိမ့်မယ်။ လျှောက်လဲချက်ပေးပြီးလို့ရှိရင်တော့ ပြည်နယ်၊ တရားလွှတ်တော်က သူတို့ကို တစုံတရာ အမိန့်ပြန်ချမှာပေါ့ဗျာ။ ကချင်ပြည်နယ်တရားလွှတ်တော်က တည်မတ်လို့ရှိရင် ပယ်ဖျက်လို့ရတယ်။ အဲဒီအာဏာသူတို့ဆီမှာရှိတယ်။ အဲဒီတော့ သူတို့တရားစီရင်ရေးအာဏာနဲ့အညီ ကောင်းကောင်းလွတ်လပ်ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်တော့။ ကို Lum Zawung တို့သုံးဦးကို လွှတ်လိုက်ဖို့သူတို့မှာအမိန့်ပေးပိုင်ခွင့်ရှိပါတယ်။ အမိန့်ချပိုင်ခွင့်လည်းရှိပါတယ်။”
အခုလက်ရှိမှာတော့ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးရဲ့ အမှုနဲ့ပတ်သက်ပြီး ပြန်ကြားလာမယ့် အခြေအနေကို စောင့်ကြည့်နေပြီး မြစ်ကြီးနားအကျဉ်းထောင်ကို သူတို့ရဲ့အမှုသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ လက်ရှိအကျဉ်းချခံထားရသူတွေရဲ့ အခက်အခဲနဲ့ အကျဉ်းကျခံထားရတဲ့ ဒေါ်နန်ပူရဲ့ ကျန်းမာရေးအခြေအနေကတော့ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်တယ်လို့လည်း ရှေ့နေကြီး ဦးမုန်စိုင်းထူးက ပြောပြပါတယ်။
“ဒေါ်နန်ပူနဲ့ ကျန်တဲ့မိသားစုတွေပြောတာကတော့ နည်းနည်းကျန်းမာရေးချူချာတယ်၊ ကျန်းမာရေး မကောင်းဘူး အဲဒါကြောင့်မို့ ဒီသူအတွက်အဆင်မပြေဘူးလို့- သူအနေနဲ့ ကျန်းမာရေးမကောင်းဘူး ဆိုပြီးမှ ပြောတယ်လို့ ကျနော်သိရပါတယ်။”
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးအတွက် အမြန်ဆုံးလွတ်မြောက်ရေး တီရှပ်ကမ်ပိန်းလို နောက် လူထုဝတ်ပြုဆုတောင်းတာမျိုးလို ကချင်လူထုက ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေ ဆောင်ရွက်နေသလို အကျဉ်းကျခံနေရသူတွေကိုလည်း လူကိုယ်တိုင်အားပေးပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးနေပါတယ်လို့ သူတို့လွတ်မြောက်ရေးအတွက်ဖွဲ့စည်းထားတဲ့ကော်မတီက လူ့အခွင့်အရေးရှေ့နေ ဦးခွန်နောင်က ပြောပြပါတယ်။
“သူတို့သုံးယောက်ပါတဲ့ တီရှပ်တွေပေါ့နော်-အဲဒါတွေကိုလည်းကျနော်တို့ ဖြန့်ဝေသွားဖို့ရှိတယ်။ ပြီးတော့မှ ဥပဒေနဲ့ ဆက်ပြီးတော့တက်စရာရှိတဲ့ အယူခံပြင်ဆင်မှုကျနော်တို့ တက်ဖို့အတွက် ကြိုးစားနေတယ်။ သက်ဆိုင်ရာအကြီးအကဲတွေပေါ့လေ သူတို့ကိုစာရေးဖို့တော့ ပြင်ဆင်နေတယ်အဲဒါတွေတော့ရှိတယ်။ ကျနော် အဓိက Message ပေးချင်တာက သူတို့ သုံးယောက်လွှတ်လာနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ် ဆိုတာလေး ပြောချင်ပါတယ်။ နောက်တခုကတော့ ဆရာမနန်ပူကတော့ နဂိုကတည်းက အမိန့်မချခင်ကတည်းက ကျန်းမာရေးက နည်းနည်းလေးအားနည်းနေတဲ့အခြေအနေဆိုတော့ ဆေးတွေကလည်း တကယ့်ထိရောက်တဲ့ဆေးတွေ မရရှိဘူး။ အဲဒီတော့ ကျနော်တို့ လည်း တတ်နိုင်သလောက်တော့လည်း တောင်းဆိုနေတာပေါ့လေ။ သူရဲ့ကျန်းမာရေးကောင်းလာဖို့အတွက်ကျန်းမာရေးကို သေချာစောင့်ရှောက်မှုဖြစ်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစားပြီးတော့ ဆောင်ရွက်နေတာတော့ရှိပါတယ်။”
သူတို့ကို အမိန့်ချမှတ်လိုက်ချိန်ကစလို့ သူတို့သုံးဦးကို အမြန်ဆုံးလွတ်ပေးဖို့ မြစ်ကြီးနား၊ မိုင်ဂျာယန်စတဲ့ ကချင်ပြည်နယ်တဝှမ်းဒေသအသီးသီးက ထောင်ချီတဲ့ကချင်ပြည်သူတွေကလည်း စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်၊ အဲ့ဒီ့ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တယ်ဆိုပြီး ရှေ့နေဆိုင်းခွမ်အောင်၊ မဆွတ်ဆိုင်းထွယ်၊ ဓမ္မဆရာ ဦးဘရန်မိုင် တို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲခဲ့သလိုလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုလမာဆန်အောင်နှင့် ဒေါ်လုဆန်တို့ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀နဲ့ မြစ်ကြီးနားမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ထပ်မံတရားစွဲခဲ့ပါသေးတယ်။