သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကချင်ဆန္ဒပြသုံးဦး ပြန်လွှတ်ပေးဖို့ Amnesty တောင်းဆို


A blast is seen in the TV tower amid Russia's invasion of Ukraine, in Kyiv.
A blast is seen in the TV tower amid Russia's invasion of Ukraine, in Kyiv.

မြန်မာနိုင်ငံမြောက်ပိုင်း မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူညီပေးနိုင်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ် တရားစွဲဆိုထားတာကို ချက်ချင်းရုပ်သိမ်းပေး ဖို့ Amnesty International က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့တဲ့ ကို Lum Zawng၊ ဒေါ်နန်ပူနဲ့ ဦးဇော်ဂျတ်တို့ ၃ ဦးကို တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် အကြည်ညိုပျက်အောင်လုပ်ခဲ့တယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ ၅၀၀နဲ့ စက်တင်ဘာလ ၃ ရက်နေ့က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ဧပြီလ အစောပိုင်းက မြန်မာစစ်တပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တဲ့ နောက် သူတို့ဟာ ဧပြီလ ၃၀ မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာဖြစ်ပြီး နောက်တနေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း ဖြစ်ပွါးတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တိမ်းပြီး ထွက်ပြေးရသူပေါင်း ၅၀၀၀ လောက်ရှိတဲ့ထဲမှာ အောင်လှရွာနားက တောအုပ်ထဲမှာ သီတင်းပတ် အတော်ကြာ ပိတ်မိနေသူက ၂၀၀၀ လောက်ရှိခဲ့တာပါ။

ဒီစစ်ဘေးရှောင်တွေကို ကယ်ဆယ်ဖို့၊ လူသားချင်းစာနာမှု အကူညီတွေ ပေးနိုင်ဖို့နဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ဧပြီလ ၃၀ ရက်နေ့က မြစ်ကြီးနား မြို့ပေါ်မှာ ထောင်နဲ့ချီစုဝေးပြီးငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အရပ်သားတွေကို စစ်တပ်က မတိုက်ခိုက်ဖို့ တောင်းဆိုခဲ့ကြတဲ့ ဒီဆန္ဒပြပွဲကို စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ရှေ့နေ ကို Lum Zawng နဲ့ ဆန္ဒပြပွဲအပြီး နောက်တနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ HGDF ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူနဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဂျက်တို့က ဖားကန့်ဒေသက စစ်ဘေးရှောင်တွေရဲ့ အခြေနေနဲ့ မြန်မာစစ်တပ်က အရပ်သားတွေ အပေါ်ခြိမ်းခြောက်မှုရှိနေကြောင်း ပြောဆိုခဲ့တာမို့ တပ်မတော်ကို အကြည်ညိုပျက်အောင်လုပ်ခဲ့တယ် ဆိုပြီး သရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးအတွက် ရုံးချိန်းက အောက်တိုဘာလ ၁၅ ရက်နေ့မှာ သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ အတွင်း ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံပေါင်း တသိန်းကျော် ရှိနေပြီး တချို့ဟာ အကြိမ်ကြိမ် ထွက်ပြေးနေ ကြရတယ်လို့ လူ့အခွင့်ရေး အဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG