သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေရဲ့လျှောက်ထားချက် ပြည်နယ်တရားရုံးပယ်ချ


စစ်ပွဲတွေရပ်တန့်ရေးငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို စစ်တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ အသရေဖျက်မှုပုဒ်မနဲ့ တပ်က တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ တရားသူကြီးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအရေး တောင်းဆိုနေသူတွေအပေါ် အခုလို ပြည်နယ်တရားသူကြီးက အမိန့်ချလိုက်တာဟာ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တရားစွဲဆိုခံရသူတွေဘက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ကချင်စစ်ရေးပဋိပက္ခထဲ ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့တိုင်းရင်းဒေသကတိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံးလှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ဦး Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ်တရားရုံးမှာ သူတို့ကိုတရားစွဲဆိုထားတဲ့ အမှုမခိုင်လုံတဲ့အတွက် ပလပ်ပေးဖို့ ပြည်နယ်လွှတ်တော်တရားရုံးအထိ တက်ပြီး လျှောက်ထားခဲ့ကြတာကို ပြည်နယ်တရားသူကြီးဘက်က အမှုကို ချေဖျက်ပေးဖို့ လက်မခံပဲ ပယ်ချကြောင်း အမိန့်စီရင်ချက်ကို ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ချမှတ်ခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်တရားသူကြီးရဲ့ ဒီကနေ့ ချမှတ်လိုက်တဲ့ အမိန့်နဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ဦး Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့အတွက် အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ၊ နောက် မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ဦး Lum Zawng အတွက် ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသူ U Mung Seng Tu က VOA မြန်မာပိုင်းကို ပြောပါတယ်။

"လျောက်ထားချက်တွေက အမှုတရားစွဲဖို့ မလုံလောက်ဘူး တရားစွဲဖို့ဆိုတာလည်း မညီညွတ်ဘူးဆိုပြီးတော့ ကျနော်တို့က ပြည်နယ်လွှတ်တော်ကို အမှုတွဲချေဖျက်ပေးဖို့ တက်တာပေါ့နော်။ လွှတ်တော်ကလည်းလက်ခံတယ် လက်ခံပြီးတော့ ၂ ဖက် လျောက်လွှဲချက် လက်ခံပြီးတော့ ဒီနေ့တော့ အမိန့်ချတယ်ပေါ့ဗျာ။ အမိန့်ချတော့ ကျနော်တို့ ချေဖျက်ဖို့ တက်တဲ့ဟာကို လက်မခံဘူး ပလပ်တယ်ပေါ့ အဲလိုပါ။ ဥပဒေအရ အခွင့်အရေးတောင်းဆိုဖို့တက်တယ် အဲလိုတက်တာကို ဥပဒေက ကြားထဲကနေမှ ကျနေ်ာတို့ တက်တာကို လက်မခံဘူး ပယ်တယ်ဆိုတာက သူတို့အပိုင်းပေါ့ ။ ဒါပေမယ့် သူတို့ ပယ်တယ်ဆိုပေမယ့် ကျနော်တို့ ခံယူတာက မှားတယ်ဆိုတာကို လက်မခံသေးဘူးပေါ့ အဲလိုမျိုး ။ တကယ်လို့ ကျနော့်အမှုသည်တွေက ထက်ပြီးတော့ Supreme Court ကိုတက်ချင်တယ်ဆိုရင် ကျန်တာကတော့ သူတို့သဘောပဲ ကျနော့်အနေနဲ့ကတော့ ရှင်းပြဖို့ တာဝန်တော့ရှိတယ်။"

အခုလို ပြည်နယ်တရားလွှတ်တော် တရားသူကြီးဘက်ကနေ အမှုချေဖျက်ပေးဖို့ ပယ်ချလိုက်ပြီး ဆန္ဒပြသူတွေကို မြို့နယ်တရားရုံးမှာ စစ်တပ်အရာရှိဘက်က အမှုဆက်လက်တရားစွဲဆိုနိုင်ဖို့ ဆုံးဖြတ်လိုက်တာဟာ သူတို့အပေါ် မတရားစီချက်ချတာသာဖြစ်တယ်လို့ တရားစွဲခံရသူတွေကပြောပါတယ်။ ငြိမ်းချမ်းစွာလှုပ်ရှားသူတွေကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချဖို့ ကြိုးပမ်းနေမှုဟာ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဒီဆန္ဒပြမှုတခုတည်းနဲ့ ရဲလုံခြုံရေးဘက်ကရော စစ်တပ်အရာရှိဘက်ကပါ နှစ်ကြိမ်တိုင်တိုင်တရားစွဲဆိုခြင်းခံခဲ့ရတဲ့ ဦး Lum Zawng က ပြောပါတယ်။

"ဒီလိုမျိုးကျနော်တို့ကို နိုင်ငံတော်အစိုးရဘက်ကနေ တရားစွဲဆိုတဲ့အပေါ်မှာ တရားသူကြီးတွေက ဒီလိုမျိုး ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ကျနော်တို့ကတော့ တော်တော်ဝမ်းနည်းမိပါတယ်။ မူလတရားစီရင်ရေးအပေါ်မှာပေါ့နော် ဒီအမှုကို မတရားတရားစွဲဆိုခြင်းခံထားရတယ်လို့ပဲ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံတော်ပုန်ကန်တာလည်းမဟုတ်ဘူး။ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တာလည်းမဟုတ်ဘူး။ မိမိပြည်သူတွေ စစ်မျက်နှာပြင်ထဲမှာ ပိတ်မိခံထားရတဲ့အတွက်ကြောင့်မို့လို့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီနဲ့ သူတို့အသက်ကို အမြန်ဆုံးကယ်တင်ချင်လို့ ပိတ်မိပြည်သူလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော် အကူအညီတောင်းတာဖြစ်တယ် နိုင်ငံတော်အစိုးရကို။ ဒါပေမယ့်လည်း ကျနော်တို့က ပြည်သူကို ကယ်တင်ဖို့အတွက် ဆန္ဒထုတ်ဖော်တာကို ရာဇဝတ်မှုနဲ့ ကျနော်တို့ကို စွဲဆိုတယ်။ အဲဒီအပေါ်မှာ တရားသူကြီးတွေကလည်း ဒီလိုဆုံးဖြတ်ပေးတယ်ဆိုတော့ ဒါ ကျနော်တို့က မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာသော်လည်းကောင်း နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးစားအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာသော်လည်းကောင်း ဒီအပေါ်မှာ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားရမယ့်အရာတွေက ပိုပြီးမှ များလာတယ်လို့ ရှုမြင်မိပါတယ်။"

တရားစွဲဆိုခံရသူသုံးဦးကို အခုလိုပြည်နယ်လွှတ်တော်ကနေ ပယ်ချလိုက်ပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအထိ ဆက်လက်လျှောက်သွားဖို့ အခြေအနေရှိနေပြီး လာမယ့် ဇူလိုင်လ ၁၆ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တရားရုံးမှာ အမှုဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့လည်း ဦး Lum Zawng ကပြောပါတယ်။

"ကျနော်တို့က အောက်ရုံးမှာလည်း ရှေ့နေတွေနဲ့ ဒီအမှုကို ဆက်လက်ပြီးတော့ရင်ဆိုင်မှာဖြစ်တယ်။ လိုအပ်တဲ့ ဥပဒေတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ဘက်ကိုလည်း လုပ်သင့်တယ်ဆိုရင် ကျနော်တို့ ကော်မတီတွေနဲ့အတူ ဆွေးနွေးတိုင်ပင်ပြီးမှ ဥပဒေရေးအရ ကျနော်တို့ဆက်လက်အယူခံသွားမှာဖြစ်ပါတယ်။"

သူတို့ကိုစွဲဆိုထားတဲ့ ပုဒ်မ (၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကိုအသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲတွေရပ်ဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေအရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ မေလအတွင်း တရားစွဲဆိုခံထားရတဲ့ အမှုက (၁၅)မှုဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ကချင်ပြည်နယ်အတွင်းက တက်ကြွလှုပ်ရှားသူပေါင်း (၄၇)ဦး တရားစွဲဆိုထားတယ်လို့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအသံက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG