သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူများ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံ


ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူများ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံ (Kachin Youth Movement)
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူများ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံ (Kachin Youth Movement)

စစ်ရေးတင်းမာနေဆဲ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့နဲ့ တိုက်ပွဲတွင်းပိတ်မိပြည်သူတွေ IDP ဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု ကူညီပေးနိုင်ရေး အစိုးရကို သံတမန်ရေးနည်းလမ်းအရနိုင်ငံတကာဘက်က ဝိုင်းဝန်းတိုက်တွန်းကူညီပေးဖို့ EU၊ အမေရိကန်နဲ့ နိုင်ငံတချို့က သံအမတ်တွေကို ကချင်ငြိမ်းချမ်းရေးလူငယ်အဖွဲ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသူတွေကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုထားတဲ့ အမှုတွေ ကိုလည်း ပလပ်ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေရပ်ရေး နောက် မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းဒေသတွေက နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ IDP စစ်ပြေးဒုက္ခသည်တွေ ကူညီပေးရေး အပါအဝင်မြန်မာနိုင်ငံတဝှမ်း ငြိမ်းချမ်းရေးလှုပ်ရှားသူတွေရဲ့ တောင်းဆို ဆန္ဒပြမှုတွေကနေ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခံနေရတဲ့အခြေအနေတွေကို အဓိကထားပြီး ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက နိုင်ငံတကာသံအမတ်တွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စု၊ European Union(EU) ဥရောပသမဂ္ဂ၊ တရုတ်၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ပြင်သစ်နိုင်ငံ စတဲ့နိုင်ငံတွေက သံအမတ်တွေနဲ့တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေး သံတမန်ရေးနည်းလမ်းအရ တိုက်တွန်းကူညီနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ကချင်လူငယ်လူပ်ရှားမှုဦးဆောင်ကော်မီတီက ကိုLum Zawng က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ဒီမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တည်ဆောက်မှု ကြိုးစားနေတဲ့အချိန်မှာ မြန်မာ့တပ်မတော်ဘက်ကနေ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေကို ကချင်ပြည်နယ်ဒေသအနှံ့မှာ လုပ်ဆောင်လာတဲ့အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ်တိုက်ပွဲတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ပြန်လုပ်ဖို့အတွက်နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိဖို့အတွက် ကချင်လူငယ်တွေက ဦးဆောင်ပြီးမှ ဆွေးနွေးဖြစ်ပါတယ်။ ဒီသံအရာရှိတွေ ၊ သံအမတ်တွေအားလုံးကတော့ ကျနော်တို့လူငယ်တွေအပေါ်မှာ နွေးထွေးစွာ ကျနော်တို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပေါ့နော် မိသားစုပုံစုံပေါနော် ထိုင်ပြီးမှ လွတ်လွတ်လပ်လပ် ကျနော်တို့ သူတို့အမြင်သဘောထားတွေကို ဆွေးနွေးပြီးမှ ပွင့်လင်းစွာဆွေးနွေးခဲ့ပါတယ်။ သူတို့လည်း ကျေျနာ်တို့နဲ့အတူ ရှိနေတဲ့ဟာကို ပြောပါတယ်။ ဒီငြိမ်းချမ်းရေးကို ကို အမြန်ဆုံးဖြစ်စေချင်တာလည်း သူတို့ ဆွေးနွေးပါတယ်။ သူတို့လည်း သံတမန်ရေးရာအရ အတတ်နိုင်ဆုံး ကူညီပြီးမှ ကျနော်တို့နဲ့အတူ ရှိပေးမယ်ဆိုတာလည်း ကျနော်တို့ကိုပြောဆိုခဲ့ပါတယ်။"

သံအရာရှိတွေဘက်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ဘက်ကလည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးနေကြသလို မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုကိုလည်း နားလည်ကြောင်းနဲ့ လက်ရှိငြိမ်းချမ်းရေးအခြေအနေတွေအပေါ် လူငယ်တွေရဲ့ သဘောထားကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ကို Lum Zawng က ပြောပြပါတယ်။

သံအမတ်တွေနဲ့သွားရောက်တွေ့ဆုံကြချိန် လက်ရှိငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကြောင့် လက်ရှိတရားရင်ဆိုင်နေရတဲ့ကချင်လူငယ်တွေနဲ့ လှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ တရားရင်ဆိုင်နေရတဲ့အခြေအနေနဲ့ ကချင်ပြည်နယ် တရားလွှတ်တော်ရုံးကို တင်ပြထားတဲ့ အမှုအခြေအနေကိုလည်း တရားရင်ဆိုင်နေရတဲ့ ကချင်လူမှုဖွံ့ဖြိုးရေးအသင်းက ကိုဇော်ဂျတ်ကလည်း အခုလိုရှင်းပြပါတယ်။

"အမှုအခြေအနေကတော့ ဒီလိုရှိနေပါတယ်။ အခုကျနော်တို့ တရားလွှတ်တော်ရုံးမှာ ဒီအမှုကို ပယ်ဖျက်ဖို့ ကျနော်တို့ပြင်ထားတယ်။ အဲဒါကြောင့် သူတို့ အပေါ်ရုံးက တရားလွှတ်တော်က ရုံးချိန်းကို ဇူလိုင် ၃ ရက်နေ့လုပ်ထားတယ်။ ကျနော်တို့ အမြင်ပြောရမယ်ဆိုရင် ဒါက အမှန်တကယ် ပလပ်သင့်တဲ့အမှုလို့ သုံးသပ်ပါတယ်ခင်ဗျ။ဒါပေမယ့် တပ်ကလည်း တရားစွဲထားတယ်ဆိုတော့ သူတို့လည်း အခက်အခဲတော့ ရှိပါလိမ့်မယ်။ ငြိမ်းချမ်းရေးအတွက် ပြည်သူတွေလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်တဲ့အချိန်မှာ တဖက်က သက်ဆိုင်တဲ့ အာဏာပိုင်တွေက ပုဒ်မ ၅၀၀၊ ၁၉ တို့ ၂၀ တို့ တပ်ပြီးမှ တရားစွဲတာကနေ ကျနော်တို့ လွှတ်ချင်ပါပြီ။ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေတာ ပြည်သူတွေ အကုန်လုံး တင်မြောက်ထားတဲ့ လက်ရှိ NLD အစိုးရအနေနဲ့ ဒါကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးမှုရှိတယ်လို့ သုံးသပ်မိတယ်။"

ကချင်ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေဘက်ကတော့ တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ရင်ဆိုင်သွားဖို့ပြင်ဆင်ထားပါတယ်လို့လည်း ကို Lum Zawng ကပြောပါတယ်။

"ကျနော်တို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဒု ဗိုလ်မှူးကြီး မျိုးမင်းဦးတရားလိုလုပ်ပြီးမှ ကျနော်အပါအဝင် ကျနော်တို့ ၃ ဦး တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ တရားလိုကို စွပ်စွဲပြီးတဲ ့နောက်ပိုင်းမှာ ကျနော်တို့ရှေ့နေကတော့ ဒီအမှုက ဥပဒေအရ ခိုင်မာမှုမရှိတဲ့အတွက်ကြောင့်မို့ အမှုခြေဖျက်ဖို့ ၊ ပလပ်ဖို့အတွက် မြို့နယ်တရားသူကြီးကို နှုတ်နဲ့ ကျနော်တို့ လျှောက်တယ်။ ကချင်ပြည်နယ် တရားလွှတ်တော်ကို ဒီအမှုကို ခြေဖျက်ပေးဖို့ ကျနော်တို့ လျှောက်တင်တဲ့အချိန်မှာ ကချင်ပြည်နယ်တရားလွှတ်တော်ဘက်ကနေ ဒီအမှုကို လက်ခံတယ်။ လက်ခံပြီးမှ လာမယ့် ဇွန်လိုင် ၃ ရက်နေ့မှာတော့ ကျနော်တို့ ရှေ့နေဘက်ကနေ ဒီအမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ မြို့နယ်တရားရုံးကတော့ တရားသူကြီးဘက်နေ ကချင်ပြည်နယ် လွှတ်တော်ဘက်ကနေ တစုံတရာ ဆုံးဖြတ် ညွန်ကြားတာ ဘာမှမရှိတဲ့အတွက်ကြောင့်မို့ သူတို့ဘက်ကနေတော့ ရုံးချိန်းကိုပဲပေးတာဖြစ်ပါတယ်။"

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူတွေကို တရားစွဲဆိုမှုပေါင်း (၁၅)မှုရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း အနည်းဆုံး(၄၇)ဦး တရားရင်ဆိုင်နေကြရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအသံအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG