သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရပ်စဲရေးဦးဆောင်သူသုံးဦးကို မြန်မာစစ်တပ် တရားစွဲ


ကချင်စစ်ရပ်စဲရေးဆန္ဒပြနေစဉ် (Hkun Awng Nlam)
ကချင်စစ်ရပ်စဲရေးဆန္ဒပြနေစဉ် (Hkun Awng Nlam)

ကချင်စစ်ရေးပဋိပက္ခထဲ ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့တိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့ ဦးဆောင်လှုပ်ရှားသူ ကချင်ခေါင်းဆောင် သုံးဦးကို အသရေဖျက်မှုပုဒ်မ(၅၀၀)နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲဆိုလိုက်ပါတယ်။ ငြိမ်းချမ်းစွာ လူထုဆန္ဒထုတ်ဖော်ဆန္ဒပြသူတွေကို အခုလို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတာကတော့ တိုင်းရင်းဒေသက စစ်ရေးပြသနာတွေနဲ့ လူထုအခက်အခဲကို အမှန်တကယ် ပြေလည်စေမယ့် နည်းလမ်းအဖြေ မဟုတ်ဘူးလို့ တရားစွဲဆိုခံရသူတွေကပြောပါတယ်။ တရားစွဲဆိုခံရသူတွေဘက်ကတော့ တရားဥပဒေကြောင်း အတိုင်း ရင်ဆိုင်သွားဖို့ပြင်ဆင်နေကြပြီး တချိန်တည်းမှာလည်း အခက်တွေ့နေဆဲ ဒုက္ခသည်တွေအရေး တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေးနေကြတယ်လို့ဆိုပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ကချင်တိုက်ပွဲတွေတွင်း ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့ စစ်ပွဲတွေရပ်တန့်ရေး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းကနေ စတင် လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ဦး Lum Zawng ၊ ဦးဇော်ဂျတ် နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ကို သိက္ခာညိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ က ဒုတိယအကြိမ် တရားရုံးချိန်းမှာတော့-တရားစွဲဆိုခံရသူ ထွယ်ဂျဲဒါဖောင်ဒေးရှင်းက ကချင်အမျိုးသမီးခေါင်းဆောင်ဒေါ်နန်ပူကို အာမခံပေးလိုက်ပြီး ရှေ့လာမယ့်ရုံးချိန်း တရားစွဲသူနဲ့ အစွဲခံရသူတို့ကြား အပြန်လှန်ထွက်ဆိုပြီး တရားရင်ဆိုင်ကြဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဒေါ်နန်ပူက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျမ အာမခံ ၂ ယောက်ပေါ့နော်၊ ၂ ယောက်ကို ခေါ်ပြီးတော့ ကျမ အာမခံလုပ်ထားတယ်။ ဒီနေ့ ကျမကို စစ်ဆေးမယ်လို့ ပြောတယ်ဆိုတော့ ကျမက ထုချေဖို့ အတွက်သော်၎င်းပေါ့နော်၊ ကျမဖက်က အမှန်တရား ပြောနိုင်ခွင့် အတွက်သော်၎င်းပေါ့။ ကျမ ရှိနေလိုသေးတယ်။ အဲဒါကြောင့် အချိန်ပေးပါလို့ ကျမတောင်းဆိုထားတယ်။ အဲဒါနဲ့ နောက်တခုက တနင်္လာနေ့ပေ့ါ၊ ၂၈ ရက်နေ့ကို ရုံးချိန်းလုပ်ထားတယ်ရှင့်။ ကျမကို အပြစ်ရှိတယ်ပေါ့နော်။ အပြစ်ရှိတယ်၊ တပ်မတော်ကို အသရေဖျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်ပေါ့ ကျမဖက်ကနေတော့ တပ်မတော်ကို အသေရေပျက်အောင် လုပ်တာတော့မဟုတ်ဘူး။ ကျမက ရည်ရွယ်ချက်မရှိဘူး။ ကျမအနေနဲ့ကတော့ ပိတ်မိတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့အတွက်ကို ကျမပြောတာဖြစ်တယ်။ ကျမအနေနဲ့ ပြောချင်တာကတော့ ပိတ်ထားတာက တပ်မတော်ဖြစ်တယ်။ အဲဒါကြောင့် တပ်မတော်က ပိတ်မိတဲ့ ပြည်သူတွေကို လွှတ်ပေးလိုက်လို့ရှိရင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုပြီးတော့တောင်မှ တက်လာဖို့ရှိတယ်ပေါ့နော်၊ အဲဒီလိုပဲ ကျမကတော့ မြင်ပါတယ်။”

တပ်မတော်ရဲ့ တရားစွဲဆိုခံရသူနောက်တဦးဖြစ်တဲ့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌဦးဇော်ဂျတ်ကတော့ အခုလို ငြိမ်းချမ်းရေးလှုပ်ရှားမှု ဦးဆောင်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆို ဖမ်းဆီးအရေးယူနေတာကတော့ တိုင်းရင်းဒေသတွေက စစ်ရေးတင်းမာမှုတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေ အခက်အခဲပြေလည်စေမယ့် အဖြေမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ ရုံးချိန်းမှာ ကျနော်တို့ အဓိက စွပ်စွဲခံထားရတာ၊ ကျနော်တို့ ၃ ဦးပေါ့နော်။ အကုန်လုံးက ပုဒ်မ ၅၀၀ ပါပဲ၊ သူတို့က အသရေဖျက်မှုပေါ့။ ကျနော်တို့အနေနဲ့ ခံယူတာကတော့ ဒါက အသရေဖျက်တာ မဟုတ်ပါဘူး၊ ဒါက အမှန်တကယ် ဖြစ်ပျက်နေတဲ့၊ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ဥစ္စာကို ကျနော်တို့ ပြောဆိုရခြင်းဖြစ်တယ်။ ပုဒ်မ ၅၀၀တို့၊ နောက် ငြိမ်းစုစည်တို့နဲ့ စွဲဆိုတယ်ဆိုတာကတော့ ဒါက ကျနော် တခုစဉ်းစာမိတာကတော့ သူတို့က ဒီအလုပ်တွေက အမြဲတမ်းလုပ်နေကျအလုပ်ပဲ ဖြစ်တယ်။ အခု ရန်ကုန်မှာလဲ လုပ်တယ်။ မန္တလေးမှာလဲ အဲဒီလို တက်ကြွဦးဆောင်တဲ့လူတွေကို ချက်ချင်း ဖမ်းပစ်တယ်ဆိုတာက ဒါ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ အဲဒါကြောင့် ဒီဟာတွေကို ဘာဖြစ်လို့ ဒီကပြည်သူတွေ လမ်းပေါ် ထွက်ရပ်တယ်ဆိုတဲ့ ဒီအဖြေတခုတော့ မြန်မြန်ရှာရပါလိမ့်မယ်။ အဲဒါမှ မဟုတ်ရင် ကျနော်တို့ တိုင်းပြည်က အပေါ်ယံသာ ဒီမိုကရေစီ၊ အခု NLD အစိုးရလို ဖြစ်နေတာ။ ဒါပေမယ့် တကယ့်တကယ် ဖြစ်ပျက်နေတာကတော့ ထူးမခြားနားလို ပုံစံမျိုး ကျနော်တို့ ပြည်သူတွေ ခံစားရတယ်။ ”

ကချင်ပြည်နယ်တွင်း ပိတ်မိနေဆဲ စစ်ဘေးသင့်ပြည်သူတွေဟာ အခုအချိန်အထိ မိမိတို့နေရပ်ကိုလည်း မပြန်နိုင်ကြသေးပဲ နီးစပ်ရာတွေမှာ ယာယီခိုလှုံနေကြရဆဲအနေအထားဖြစ်တာမို့ သူတို့အတွက် ရာသီဥတုဒဏ်ခံနိုင်တဲ့ စားနပ်ရိက္ခာအပါအဝင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကတော့ အရေးတကြီးလိုအပ်နေတုန်းပဲလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်နန်ပူကပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ အခက်အခဲကတော့ အများကြီးရှိပါသေးတယ်ရှင့်။ ပြေးလာတဲ့သူတွေရဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ အခု မိုးတွင်းကလည်း ရောက်လာပြီဆိုတော့ သူတို့ နေဖို့ ထိုင်ဖို့ အဆင်မပြေဘူး။ အမိုးအကာအောက်မှာ အရမ်း ရာသီဥတုကလည်း အရမ်းပူတယ်။ မကြာခင် မိုးရွာတော့မယ်ဆိုတော့ မိုးကလည်း မလုံဘူးပေါ့နော်။ ပြီးတော့ ကလေးတွေလည်း ကျောင်းတက်တော့မယ်။ ပြီးတော့ လောလောဆယ် သူတို့ တွေ အခု သူတို့နေတဲ့ မြစ်ကြီးနားနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ Trinity တို့နောက်၊ Naung Nang တို့မှာ နေတဲ့နေရာတွေကို ကျမတို့ လိုက်ကြည့်တယ်၊ မြစ်ကြီးနားနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ နမ္မတီး၊ နန်းခွမှာ ရှိတဲ့ တချို့ ပိတ်မိတဲ့သူတွေ၊ လွတ်လာတဲ့ ကားမိုင်းမှာ ရှိတဲ့သူတွေ ဒီစစ်ပြေးတွေကို၊ လွတ်လာတဲ့သူတွေကို ကြည့်တဲ့အခါမှာ သူတို့ တနေရာထဲမှာ စုပြုံပြီး နေကြတယ်။ စားဖို့သောက်ဖို့ကို လူတစုက ချက်ပြုတ်ပေးမယ်ပေါ့နော်။ ဒါက ရေရှည်ကျရင် လုံးဝအဆင်မပြေဘူး။ ကြာလာလို့ရှိရင်လည်း အဲဒီချက်ပေးတဲ့လူတွေလည်း သူတို့က ဘယ်လောက်ထိ ကြာအောင် ချက်ပေးနိုင်မလဲပေါ့နော်။ လှူတဲ့ သူတွေကလည်း ဘယ်လောက်ထိ လှူနိုင်မလဲဆိုတာ ရှိတယ်။ အဲဒါကြောင့် သူတို့အတွက် အကယ်၍ စစ်ပြေးဒုက္ခသည်စခန်းဆိုရင်လည်း စခန်းအနေနဲ့ သေသေချာချာ လုပ်ပေးဖို့ လိုတယ်။ ရှေ့ရေးအတွက် သူတို့က အများကြီးပဲ မျှော်လင့်ချက်မဲ့နေသလို ဖြစ်ပြီးတော့ အတော်လေး စိတ်သောကရောက်နေကြတဲ့ အခြေအနေကို တွေ့ရတယ်။ ”

အခုလို အသရေဖျက်မှုနဲ့ ကချင်ခေါင်းဆောင်သုံးဦးကို ပုဒ်မ (၅၀၀)နဲ့ တရားစွဲဆိုထားတဲ့ အမှုကိုတော့ လာမယ့် မေလ ၂၈ရက်နေ့မှာ ထပ်မံရုံးချိန်း သတ်မှတ်ထားပြီး တရားစွဲဆိုတဲ့ မြန်မာတပ်မတော်နဲ့ တရားစွဲခံရသူတွေကချင်အရေးလှုပ်ရှားသူတွေကြား အပြန်အလှန် လျှောက်လဲကြဖို့ရှိပါတယ်။ ပုဒ်မ (၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကိုအသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

အခုလိုကချင်ပြည်နယ်အပါအဝင် မန္တလေးနဲ့ ရန်ကုန်နဲ့ အခြားမြို့တွေက စစ်ပွဲရပ်ရေး ဦးဆောင်လှုပ်ရှားကြတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း အာဏာ့ပိုင်တွေဘက်က ပုဒ်မတွေအမျိုးမျိုးတပ်ပြီး တရားစွဲဆိုမှုတွေရှိလို့ ရင်ဆိုင်နေကြရချိန်ပါတယ်။ ကချင်စစ်ရေးနဲ့ ကချင်ဒုက္ခသည်တွေအရေး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက်ထား ပြေလည်အောင်ဖြေရှင်းပေးစေချင်ပါတယ်လို့လည်း ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG