ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ထဲထဲဝင်ဝင် ပါဝင်ခွင့်မရတဲ့ အကန့်အသတ်တွေ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကို ခေတ္တရောက်ရှိစဉ်မှာ ဒေါ်ခွန်ဂျာကို VOA Studio မှာ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ အခုဆိုရင် တကျော့ပြန် စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့တယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုကြည့်ရင် ရခိုင်ပြည်နယ်ဘက်က အရေးကိစ္စတွေပြီးတော့ အခု ကချင်ပြည်နယ်မှာ စစ်က ပြန်ပူလာသလို ဖြစ်လာတယ်။ အဲဒီတော့ ဒေါ်ခွန်ဂျာတို့ရဲ့ အရပ်ဖက်လူမှု့အဖွဲ့အစည်း (CSO) တွေအနေနဲ့က ဒီစစ်ပွဲတွေ ကယ်ဆယ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ဆောင်ရွက်နေတာတွေ ရှိပါလဲ။ ဘယ်လိုမျိုးအပိုင်းတွေ ရှိပါလဲ။
ဖြေ ။ ။ အခုအချိန်မှာတော့ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာ ပမာဏ အင်မတန်နည်းပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက သူတို့အနေနဲ့ စုပေါင်းပြီးတော့ Statement တွေ ထုတ်ပြီးတော့ သက်ဆိုင်ရာဌာနတွေကို ပို့ပေးတာလောက်ပဲ ရှိပါတယ်။ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့အတွက်လည်း လမ်းကြောင်းကတော့ မရှိဘူးဆိုတာကို မြင်ရပါတယ်။
မေး ။ ။ အဲဒီတော့ ဒေါ်ခွန်ဂျာတို့ရဲ့ အထူးသဖြင့် ကချင်တိုင်းရင်းသားတွေရဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ပြည်နယ်အစိုးရဖြစ်ဖြစ်၊ ဗဟိုပြည်ထောင်စု အစိုးရကိုပဲဖြစ်ဖြစ် ချည်းကပ်ပြီးတော့မှ စစ်ပွဲတွေ ရပ်စဲရေးကိစ္စ - ဒုက္ခသည်တွေကိစ္စ ဖြေရှင်းပေးဖို့ အဲဒီလို ချဉ်းကပ်ဆောင်ရွက်မှုတွေ မလုပ်ဘူးလား။
ဖြေ ။ ။ ဒီဟာမျိုးတွေကို တောက်လျှောက်လုပ်ဆောင်နေပါတယ်။ ၂၀၁၁ ကတည်းက ကျမတို့ ပြည်နယ်အစိုးရနဲ့လည်းကောင်း။ ပြည်ထောင်စုအစိုးရလို့ ပြောတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာန။ ဒါမှမဟုတ်လို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ပူးပေါင်းလုပ်ဆောင်တဲ့ ကဏ္ဍလည်း ရှိသလို၊ တဘက်ကနေ ဖိအားပေး၊ တွန်းအားပေးတဲ့ ပုံစံမျိုးနဲ့ဖြစ်အောင် ဆန္ဒဖော်ထုတ်တဲ့ လုပ်ငန်းမျိုးတွေလည်း ကျမတို့ လုပ်ခဲ့ကြပါတယ်။ ဥပမာဆိုလို့ရှိရင် ၂၀၁၅ မတိုင်ခင်မှာ ကျမတို့ MPC ကို စာပို့တာမျိုး။ တဘက်ကနေလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်တွေဆိုရင် UNFC ကို သွားပြီးတော့မှ ကျမတို့ Advocacy, Lobby လုပ်တာမျိုးတွေ အကြိမ်ကြိမ်များစွာ လုပ်ခဲ့ပါတယ်။
သို့သော်လဲ ၂၀၁၆ နောက်ပိုင်းမှာတော့ ကျမတို့ ဒီလိုလုပ်နိုင်ဖို့ အခွင့်အလမ်းတွေက အင်မတန် နည်းပါးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက MPC မှာ လုပ်နိုင်သလို၊ အခုအချိန်မှာ NRPC မှာ တန်းတူလုပ်နိုင်ဖို့အတွက် ကျမတို့ ဘယ်သူကို ဆက်သွယ်ဆောင်ရွက်ရမလဲ ဆိုတာကိုက Contact point ကိုတောင်မှ ပျောက်နေသလို ဖြစ်နေပါတယ်။ တပြိုင်နက်ထဲမှာလည်း (၂၁) ရာစု ပင်လုံ Process က သွားမယ်ဆိုရင်လဲ အခုအချိန်မှာတော့ ဒီဟာက show piece တခုလို ဖြစ်နေတဲ့အခါ ထိရောက်စွာ စစ်ရပ်စဲမှုတွေကို တားဆီးနိုင်ဖို့အထိ လွှမ်းမိုးနိုင်မှု မရှိဘူးဆိုတာကို တွေ့ရပါတယ်။ တပြိုင်နက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလို့ ပြောတဲ့အခါမှာတော့ UNFC က မရှိတော့ ဒီလောက်ဖြစ်လာတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဦးတည်ပြီး ကျမတို့ Advocacy လုပ်ရမယ်ဆိုရင်၊ ဘယ်ကိုသွားလုပ်ရမလဲဆိုတဲ့ Contact Point စုံမက်တခုကတော့ ပျောက်ဆုံးနေသလို ဖြစ်နေပါတယ်။
ဒါကြောင့်မို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အခုအချိန်မှာ လုပ်နိုင်တာဆိုရင် Statement ဝိုင်းထုတ်တာမျိုး၊ ဆန္ဒဖော်ထုတ်တာမျိုး, Open letter ရေးတာမျိုး ဒီလောက်ပဲ လုပ်ဆောင်နေပါတယ်။
မေး ။ ။ အဲဒီတော့ ဒီစစ်ပွဲတွေ အဓိကက ကချင်ပြည်နယ်မှာ ဖြစ်နေရတာက တချို့ဝေဖန်သုံးသပ်သူတွေ ပြောတာက သယံဇာတကြောင့်လို့ ပြောတယ်။ တပ်မတော်ဘက်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့က တကယ်ပဲ သယံဇာတတွေပေါ်မှာ ပိုပြီးတော့ အာရုံစိုက်နေလို့ ဒီစစ်ပွဲတွေက တကယ်ဖြစ်နေတာလား။
ဖြေ ။ ။ အခုအချိန်မှာကြည့်မယ်ဆိုရင် သယံဇာတလို့ ပြောလို့ရှိရင် ထည့်သွင်းစဉ်းစားစရာတောင် မလိုတော့လောက် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ထိန်းချုပ်မှုတွေက အကုန်လုံးရှိပြီးသား ဖြစ်နေပြီလို့ ယူဆရတယ်။ သို့သော်လဲ ဒီသယံဇာတဟာ အကြောင်းရင်းတွေ အများကြီးထဲက တခုလောက်ပဲ ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေ များစွာရှိပါသေးတယ်။ ဥပမာ ဒီတခေါက်မှာ တိုက်ပွဲဖြစ်သွားတဲ့ ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ တနိုင်းမြို့တွေကို ကြည့်လိုက်မယ်ဆိုရင် တရုတ်ရဲ့ One Belt One Road စီမံကိန်းတွေ လမ်းကြောင်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထိဆက်နေတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကချင်ပြည်နယ်ဟာ လူဦးရေအများကြီးရှိတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်ခုစလုံးကို ကုန်းလမ်းကနေ အတိုဆုံးဆက်သွယ်ပေးနိုင်တဲ့ လမ်းကြောင်း၊ နေရာဒေသတခု ဖြစ်နေပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာတိုင်းဟာ အဲဒီလမ်းကြောင်းပေါ်မှာ မလွတ်မကင်း ဖြစ်နေတဲ့ နေရာတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှု၊ သူတို့ရဲ့ ရင်းနှီးမြုပ်နံှမှု၊ စိတ်ပါဝင်စားမှုကို ကျမတို့ မေ့ထားလို့ မရပါဘူး။ အဲဒီတော့ နောက်ဆုံးကြည့်လိုက်မယ်ဆိုရင် ဒါက အကြောင်းရင်းတွေအမျိုးမျိုးကြောင့် ဖြစ်တယ်။ သို့သော်လဲပဲ နောက်ဆုံး မိမိတို့ရဲ့ နိုင်ငံတော်အစိုးရကသာ ဆန္ဒရှိတယ်ဆိုရင်တော့ ဖြေရှင်းလို့ရတဲ့ ပြဿနာတခု ဖြစ်တယ်လို့လည်း မြင်ပါတယ်။
မေး ။ ။ အဲဒီတော့ တချို့က ဝေဖန်သုံးသပ်တာတွေ ရှိပါတယ်။ NLD အစိုးရက တပ်မတော်ပေါ်ကို သြဇာမညောင်းတဲ့အတွက်ကြောင့်မို့ ဒီစစ်ပွဲတွေက ဆက်ရှိနေရတယ်လို့ တချို့တိုင်းရင်းသား လက်နက်ကိုင် နိုင်ငံရေးခေါင်းဆောင်တွေက ကျနော်တို့ကို ဖြေကြားဖူးတာတွေ ရှိပါတယ်။ ဆိုတော့ လက်တွေ့အခြေအနေမှာ စစ်ပွဲတွေ တကယ်ရပ်သွားဖို့က အဓိက ဘယ်လိုအချက်တွေကို ဖြေရှင်းမယ်ဆိုရင် ရနိုင်မယ်လို့ မြင်မိပါသလဲ။
ဖြေ ။ ။ တကယ်တမ်းတော့ ဖြေရှင်းဖို့ဆိုရင်တော့ တပ်မတော်၊ ပြီးရင် နိုင်ငံတော်အစိုးရ၊ ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး သူတို့ကိုယ်တိုင်ကိုယ်က ဖြေရှင်းလိုတဲ့ ဆန္ဒတခုရှိရင်တော့ ဖြေရှင်းလို့ ရပါလိမ့်မယ်။ လောလောဆယ်တော့ ၂၀၀၈ အခြေခံဥပဒေကို ကျမတို့ Excuse တခုအနေနဲ့ ညွှန်ပြပြီးတော့ ဒီဟာနဲ့ပဲ ကိုင်ပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲနဲ့ ထားထားလိုက်တယ်ဆိုတာကိုလည်း မြင်သာပါတယ်။ အဲဒီတော့ ဒီဆန္ဒတခုရှိမယ်ဆိုရင်တော့ အကုန်လုံးကို ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ အားလုံးဆွေးနွေးကြမယ်ဆိုရင်တော့ အဆင်ပြေဆုံးပဲ ဖြစ်ပါတယ်။
ပြန်ပြီးပြောမယ်ဆိုရင်လည်း ၂၀၀၈ အခြေခံဥပဒေကို လုံးဝပြုပြင်ပြီးတော့မှ အရပ်သားအစိုးရအောက်မှာ တပ်မတော်က နာခံတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်မှပဲ အဆင်ပြေပါလိမ့်မယ်။
မေး ။ ။ အခုပြောသွားသလို အရပ်သားအစိုးရအောက်မှာ တပ်မတော်က ဝန်ထမ်းအဖွဲ့အစည်းတရပ်အနေနဲ့ လိုက်ပါပြီးတော့ ဆောင်ရွက်နိုင်ဖို့ တပ်မတော်ရဲ့ စိတ်နေသဘောထားက အဆင်သင့်အနေအထား ရှိနေတယ်လို့ မြင်မိပါသလား။
ဖြေ ။ ။ လက်တွေ့ ကျမတို့ရဲ့ဒေသမှာ ရှိနေတဲ့ ပြဿနာတွေကိုကြည့်မယ်ဆိုရင် ဒီဆန္ဒကိုတော့ ကျမတို့ မမြင်ရပါဘူး။ ဒါပေမဲ့လဲ တပ်မတော်လို့ ပြောတဲ့အခါမှာ Institution ဖြစ်တဲ့အတွက်ကြောင့် ဒီ Institution အနေနဲ့ ဘယ်လိုမူဝါဒ ရေးဆွဲထားသလဲဆိုတာကို တပ်မတော်ဘက်ကပဲ သိနိုင်မယ်လို့ ယူဆပါတယ်။ သို့သော်လဲပဲ ဒီ Institution ထဲမှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တယောက်ချင်းဆီရဲ့ စိတ်ဆန္ဒပေါ်မှာလည်း အများကြီးမူတည်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံအများကြီးထဲမှာလည်း ဒီလိုမျိုး Institutionalize ဖြစ်နေပြီသား တပ်မတော်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အုပ်ချုပ်သူတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပြီး စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။
မေး ။ ။ အဲဒီတော့ တပ်မတော်က ပြောလေ့ပြောထ ရှိပါတယ်။ နိုင်ငံတော်ကို သူတို့က ကာကွယ်စောင့်ရှောက်ရမယ်။ ပြီးတော့ နိုင်ငံတော်မှာ ပိုင်ဆိုင်တဲ့အရာတွေဟာ နိုင်ငံသူနိုင်ငံသားတွေ အားလုံးအတွက် ဖြစ်တာကြောင့်မို့ ဒါကို သူတို့က ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ ဒါကြောင့်မို့ ဒီလိုစစ်ပွဲတွေ ဖြစ်လာတာမျိုးလို တခါတလေ ပြောတတ်ပါတယ်။ အဲဒီတော့ ဒီအချက်ပေါ် ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ။ ကာကွယ်မှုလို့ ပြောတဲ့အခါမှာ ပြည်ပရန် ကာကွယ်မှုတခုတည်း လိုအပ်တာ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ဒီလိုကာကွယ်ရေးလို့ ပြောတဲ့အခါမှာ ကျမတို့ လုံခြုံရေးကို ပြောမယ်ဆိုရင် တခြားကဏ္ဍတွေ အများကြီး ရှိပါတယ်။ ဥပမာမှာဆိုရင် ကျမတို့ Energy Security ဒါမျိုးတွေပဲ စဉ်းစားကြည့်ပါအုံး။ ပြီးရင် Food Security ဒါတွေအကုန်ကြည့်မယ်ဆိုရင်တော့ ကျမတို့ ကာကွယ်ဖို့ လိုအပ်တာဟာ ပြည်ပရန်က ကာကွယ်ဖို့ လိုအပ်တာထက် ပြည်တွင်းထဲမှာ တကယ်တမ်းရှိနေတဲ့အရာတွေကို ကာကွယ်ဖို့ တကယ်လိုအပ်နေပါတယ်။ အဲဒီတော့ လောလောဆယ် မြန်မာနိုင်ငံမှာ ကာကွယ်ရေးလို့ ပြောတဲ့အခါမှာ အာရုံစိုက်တာကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ လက်နက်ကိုင်အခန်းကဏ္ဍ တခုကိုပဲ ကျမတို့က အာရုံစိုက်ပြီး ဒါကိုပဲ ကြီးထွားအောင် လုပ်ဆောင်နေတာကို တွေ့ရတယ်။
သို့သော်လဲ အခုအချိန်မှာ လယ်သမားတွေ လယ်သိမ်းခံနေရတယ်။ ပြီးတော့ တော်တော်များများ မြေနေရာတွေက စီမံကိန်း မရှိတဲ့အခါမှာ ရွှေ့ပြောင်းပေးနေရတာမို့ ဒီနေ့ ကျမတို့ ပိုင်ဆိုင်ထားတဲ့အရာတွေ ကိုယ့်ရဲ့ချွေးနည်းစားနဲ့ ပိုင်ဆိုင်ထားတဲ့ အရာတွေက နောက်တနေ့မှာ နိုင်ငံတော်ကို ကာကွယ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ ဆုံးရှုံးရမယ့်အခြေအနေမှာ ဖြစ်နေပါတယ်။ အာမခံချက် မရှိပါဘူး။ ဒါကို ကာကွယ်တယ်လို့ မဆိုလိုနိုင်ပါဘူး။
မေး ။ ။ လက်တွေ့အခြေအနေကို ပြန်ကြည့်ရင် ရိုဟင်ဂျာအရေး၊ ရခိုင်အရေး ကိစ္စတွေ နိုင်ငံတကာမှာ မြန်မာနိုင်ငံအစိုးရက ဖိအားပေး အတော်လေးခံရပါတယ်။ ဆိုတော့ ဒီလိုအခင်းအကျင်းတွေ အနည်းငယ် ငြိမ်သွားတဲ့အခြေအနေမှာ ကချင်ဒေသမှာ တကျော့ပြန် စစ်ပွဲတွေ ဖြစ်လာတာကို သတိပြုမိပါတယ်။ ဆိုတော့ တပ်မတော်က နိုင်ငံရေးအရ မြန်မာနိုင်ငံက ရှေ့ကို ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးအရ ချောချောမွေ့မွေ့ သွားနိုင်အောင်လို့ သူတို့က ဒီပေါ်မှာ သိပ်ပြီးတော့ လိုက်ပါဆောင်ရွက်လိုတဲ့ ဆန္ဒ မရှိတာမျိုးလို့ ပြောနိုင်ပါလား။
ဖြေ ။ ။ ကျမအနေနဲ့ကတော့ ကချင်စစ်ပွဲက ၂၀၁၁ ဇွန်လမှာ စတင်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးကြတော့ ၂၀၁၂ ဇွန်လမှာ ပြန်လည်ပြီး ကြီးထွားလာတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီနှစ်ခုက တခုဘက်မှာ နည်းနည်းအားသာ၊ တိုက်ပွဲများလာရင် နောက်တနေရာမှာ နည်းနည်းအေးတယ်။ နောက်တနေရာမှာ နည်းနည်းအေးတဲ့အချိန်မှာ နောက်တနေရာမှာ ပြန်ဖိတိုက်တယ်။ တလှည့်ဆီ လုပ်ဆောင်နေတာ။ ဒါကို ကျမတို့ သတိပြုမိကြပါတယ်။ ဒါပေမဲ့ ဒီ Pattern ကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ သုံးစွဲပြီးသား၊ အောင်မြင်တဲ့ Pattern တခုလို ဖြစ်နေတယ်။ ဥပမာဆိုရင် ၁၉၉၀ ကျော်မှာ ကျမတို့ ကချင်ဒေသမှာ အေးအေးဆေးဆေး ကျမတို့ KIO အပါအဝင် အေးအေးဆေးဆေး နေထိုင်နိုင်ခဲ့တယ်။ ပြီးရင်တော့ National Convention အဲဒီအချိန်တုန်းက အခြေခံဥပဒေကို ရေးနေခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ကရင်ဒေသနဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ အများကြီးတိုက်ခိုက်ခံခဲ့ရပါတယ်။ တလှည့်ဆီပေါ့။ ပြီးရင်တော့ အဲဒီကာလအတွင်းမှာ မြန်မာပြည်အတွင်းမှာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတဲ့လူတွေ နည်းနည်းအားကောင်းလာရင် နယ်စပ်မှာ တိုက်ပွဲဖြစ်တဲ့အခါမှာ ကျမတို့ အာရုံတွေက အမြဲတမ်း ကွဲပြားသွားတယ်။ အခုအချိန်မှာ ဒီ Pattern မျိုးပဲ ပြန်တွေ့တယ်။ နေရာကွာသွားတယ်။ ဒေသကွာသွားတယ်။ အချိန်ကွာသွားတယ်။ ဦးဆောင်သူတွေ ကွာသွားတာပဲ ရှိပါတယ်။
မေး ။ ။ အဲဒီတော့ တချိန်တခါတုန်းကတော့ ကချင်လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရဆိုတာထက် တပ်မတော်အစိုးရတို့ ညှိနှိုင်းနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး အခြေအနေတခုကို ထိန်းထားနိုင်ခဲ့တယ်။ အဲဒီတော့ ဒီဟာမျိုးတွေက ပြန်မဖြစ်လာနိုင်တော့ဘူးလား။ ဘာတွေက လိုအပ်ချက်တွေ ဖြစ်နေပါလဲ။
ဖြေ ။ ။ ပြန်ဖြစ်လာနိုင်ပါတယ်။ ဆန္ဒရှိရင်တော့ ပြန်ပြီးတော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါပေမဲ့ KIO အနေနဲ့ ကျမ မြင်တာကတော့ ပါဝင်နိုင်ဖို့ဆိုရင်တော့ သူ့အနားမှာရှိတဲ့ မိတ်ဆွေတွေကိုပါ ခေါ်မှရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဥပမာဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်းကိုကြည့်ရအောင် မြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၃၅) ဆိုပြီးမှ အသိအမှတ်ပြုထားတဲ့ လူမျိုးတွေထဲက (၄၀) ရာခိုင်နှုန်းက အဲဒီဒေသမှာ နေထိုင်နေတာ ဖြစ်တယ်။ ပြီးရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ Active ဖြစ်တယ်လို့ပြောတဲ့ အဖွဲ့တွေအားလုံးက အဲဒီနေရာမှာ ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ KIO က လက်မှတ်ထိုးသွားပြီး၊ ဘေးနားမှာရှိနေတဲ့ မိတ်ဆွေ၊ အဖွဲ့အစည်းတွေ၊ လက်မှတ်မထိုးထားဘူး။ လက်မှတ်ထိုးခွင့် မရဘူးဆိုလို့ရှိရင် အဲဒီအခြေအနေနမှာ တကယ်တမ်း ဖြစ်ပွားမယ့် Conflict ဟာ KIO နဲ့ တပ်မတော် မဖြစ်နိုင်တော့ဘူး။ တပ်မတော်နဲ့ တခြားအဖွဲ့အစည်းတွေလည်း မဖြစ်နိုင်တော့ဘူး။ အဲဒီဒေသမှာရှိတဲ့ လက်မှတ်ထိုးအဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကြားထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာမယ်လို့ မြင်တယ်။
ဘာဖြစ်လို့လဲဆိုရင်တော့ ကျမတို့ နယ်မြေအခြေအနေကို ကြည့်မယ်ဆိုရင် KIO တပ် အုပ်ချုပ်တဲ့နေရာ၊ ပြီးရင် ရှမ်းတပ်၊ ပလောင်တပ်ဆိုပြီး နေရာခွဲခြားထားတာ မရှိဘူး။ နေရာတွေက ရောယှက်နေတာတွေ ရှိတယ်။ ပြီးရင် ရှမ်းရွာ၊ ကချင်ရွာ၊ ပလောင်ရွာတွေက အတူရောယှက်နေကြတာ ဖြစ်တယ်။ ရှမ်းရွာနဲ့ နီးတဲ့နေရာမှာ ရှမ်းတပ်ရှိမယ်။ ကချင်ရွာနဲ့ နီးတဲ့နေရာမှာ ကချင်တပ်ရှိမယ်။ ဒီလိုအခြေအနေမျိုးတွေမှာ တဖွဲ့က လက်မှတ်ထိုးသွားပြီး ကျန်တဲ့အဖွဲ့တွေ လက်မှတ်မထိုးဘူးဆိုရင် ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်တာတင် မကဘဲ။ အောက်ခြေမှာရှိနေတဲ့ ရွာသူရွာသားတွေကြားထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပြီးမှ Communal Conflict ပုံစံမျိုး ဖြစ်သွားမှာကို ကျမတို့ အင်မတန် စိုးရိမ်နေပါတယ်။
မေး ။ ။ အဲဒီတော့ NLD အစိုးရက နောက်ထပ် သက်တမ်း (၂) နှစ် ကျန်ပါသေးတယ်။ NLD အစိုးရရဲ့ ဒီသက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေး တကယ် ရမယ်လို့ ဒေါ်ခွန်ဂျာ ခန့်မှန်းမိပါလား။
ဖြေ ။ ။ အကယ်လို့များ ဆောင်ရွက်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ သို့သော်လဲပဲ အခုအချိန်အထိ လုံလောက်တဲ့ အားစိုက်ထုတ်မှုကို မမြင်ရသေးပါဘူး။ ဒါပေမဲ့ NLD အစိုးရကို ကျမတို့ တောင်းဆိုချင်တာကလည်း ဒီ (၂) နှစ်ကာလအတွင်းမှာ Landmark အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ ဘာတွေများ ရှိပါသလဲပေါ့။ အခုအချိန်အတိုင်း ကြည့်မယ်ဆိုရင်တော့ ဘယ်အရာကိုမှ ထိထိရောက်ရောက် Landmark ဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တာကို မတွေ့ဘူး။ လုပ်ဆောင်ဖို့ အစီအစဉ်ရှိတာကိုလည်း မတွေ့ရတဲ့အခါမှာ ကျမတို့လည်း နည်းနည်းတော့ စိတ်ဓါတ်ကျပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ NLD အစိုးရဟာ (၆၅) ရာခိုင်နှုန်းလောက် လွှတ်တော်နေရာကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ တကယ်တမ်း လုပ်မယ်ဆိုရင် လုပ်ဆောင်လို့ ရပါတယ်။