သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲရပ်တန့် ဦးဆောင်လှုပ်ရှားသူတွေအမှု စတင်စစ်ဆေး


တရားစွဲဆိုခံရသူ ကချင်အရေးလှုပ်ရှားသူတွေ (Kachin Youth Movement)
တရားစွဲဆိုခံရသူ ကချင်အရေးလှုပ်ရှားသူတွေ (Kachin Youth Movement)

တိုက်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးသင့်ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ ကချင်ခေါင်းဆောင် သုံးဦးကို တပ်မတော်ကို အကြည်ညိုပျက်အောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆိုခဲ့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီးကို တရားသူကြီးက ဒီကနေ့ စတင်စစ်ဆေးပါတယ်။ တရားစွဲဆိုခံရသူ ကချင်အရေးလှုပ်ရှားသူတွေရဲ့ ရှေ့နေတွေကတော့ ဒုဗိုလ်မှူးကြီးရဲ့ စွဲဆိုချက်တွေဟာ မခိုင်လုံတဲ့အတွက် ပလပ်ပေးဖို့ လျှောက်ထားကြပါတယ်။ မြစ်ကြီးမြို့ တရားရုံးမှာ စစ်ဆေးနေတဲ့ အမှုနောက်ဆုံးရ အခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကချင်စစ်ရေးပဋိပက္ခထဲ ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့တိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းကနေ စတင် လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ဦး Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆင့်ခေါ်တဲ့ ပထမနဲ့ဒုတိယရုံးချိန်းတွေမှာတော့ တရားစွဲဆိုခံရသူသုံးဦးကို အာမခံပေးခဲ့ပြီး ဒီကနေ့ တတိယအကြိမ်မြောက်ထုတ်တဲ့ရုံးချိန်းမှာတော့ စွဲဆိုခဲ့တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကို တရားသူကြီးက စတင်စစ်ဆေးခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီးဘက်က တပ်မတော်ကို ကိုယ်စားပြုစွဲဆိုတာမဟုတ်ပဲ တပ်ကို သိက္ခာကျအောင် လှုံ့ဆော်နေတာတွေကို တပ်မတော်သားတယောက်အနေနဲ့ ကန့်ကွက်တဲ့အနေနဲ့ စွဲဆိုတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးမှာ ဒီကနေ့ သွားရောက်ရင်ဆိုင်ခဲ့တဲ့ တရားစွဲခံရသူတဦးဖြစ်တဲ့ ကချင်လှုပ်ရှားမှုကော်မတီဦးဆောင်ကော်မတီဝင် ဦး Lum Zawng က ပြောပြပါတယ်။

"အဓိကတော့ ဒီနေ့ကတော့ ကျနော်တို့ကိုစွဲဆိုတဲ့ တရားလို ဒုဗိုလ်မှူးကြီး မျိုးမင်းဦးကို စစ်ပါတယ်။ ကျနော် Lum Zawng နဲ့ ကို ဇော်ဂျက် ၂ ယောက်ရဲ့ရှေ့နေ ဦးမုန်ဆိုင်းတူကို စစ်တယ်။ နောက် ဒေါ်နန်ပူ အတွက်ကတော့ ဆရာမ ဒေါ်ဒွဲဘူအနေနဲ့ အဓိကစစ်တယ် တရားလိုကို။ တရားလိုကို ကျနော်တို့ရှေ့နေတွေ မေးမြန်းတဲ့အချိန်မှာတော့ တပ်မတော်ရဲ့ တရားဝင်ညွှန်ကြားလွှာအမိန့်တွေနဲ့ စွဲဆိုတာမဟုတ်ပဲနဲ့ တပ်မတော်ရဲ့ အသရေဖျက်တယ်ဆိုပြီးတော့မှ သူဘက်က စွဲဆိုတာကို အဓိက ထွက်ဆိုသွားပါတယ်။ ဒီလိုထွက်ဆိုချက်တွေ တရားလိုကို စစ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ကတော့ ဒီအမှုက လုံး၀ ကျင့်ထုံးနဲ့မညီတော့ဘူး ဒါကို ပလပ်ဖို့အတွက်လျောက်ထားတာပေါ့နော်။ ဒါကို တရားသူကြီးက ဒါကို လက်မခံတဲ့ ပုံစံတော့ဖြစ်တာပေါ့နော်။ ဆိုတော့ ကျနော်တို့ရှေ့နေကတော့ ကချင်ပြည်နယ် တရားလွှတ်တော်ချုပ်ကို ဒီအမှုခြေဖျက်ဖို့အတွက် လျောက်လွှာတင်မယ်လို့ ပြောဆိုထားပါတယ် ကျနော်တို့ကို။"

အခုလို ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေကို တပ်မတော်ဘက်က စွပ်စွဲချက်တွေဟာ မမှန်ကန်တဲ့အတွက် အမှုကို ပလပ်ပေးဖို့ စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်တွေက တင်ပြခဲ့ပြီး ကချင်ပြည်နယ် တရားရုံးချုပ်လွှတ်တော်ကို တင်ပြသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ဦး Lum Zawngက ပြောပြပါတယ်။

အခုလို ဒုတိယဗိုလ်မှူးကြီးဘက်က စွဲဆိုမှုတွေဟာ မမှန်ကန်ကြောင်းနဲ့ သူတို့အနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေ ကယ်တင်နိုင်ရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လူထုက ဆန္ဒပြခဲ့ကြတာဖြစ်လို့ အမှုကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်တယ်လို့လည်း တရားစွဲဆိုခံရသူနောက်တဦးဖြစ်တဲ့ ဦးဇော်ဂျတ်က ပြောပါတယ်။

"တပ်မတော်သားထုရဲ့ ကိုယ်စားမပြုတဲ့အတွက်ကြောင့် ဒါက မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ဒီနေ့ချက်ချင်း ပလပ်သင့်တဲ့ အမှုတခုဖြစ်တယ်လို့ ကျနော်အဲလိုမျိုးယူဆမိတယ်။ သူတို့က ဂဃနဏ concrete မဖြစ်တဲ့ဟာကို ရောပြီးမှ သူတို့ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့လုပ်နေကြပုံစံအတိုင်းနဲ့ လုပ်တယ်လို့ ထင်တယ်။ အဲလိုမျိုးကျနော်တို့သုံးသပ်ပါတယ်။"

ငြိမ်းချမ်းစွာ လူထုဆန္ဒထုတ်ဖော်ဆန္ဒပြသူတွေကို အခုလို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုနေတာကတော့ တိုင်းရင်းဒေသက စစ်ရေးပြသနာတွေနဲ့ လူထုအခက်အခဲကို အမှန်တကယ် ပြေလည်စေမယ့် နည်းလမ်းအဖြေ မဟုတ်ဘူးလို့ တရားစွဲဆိုခံရသူတွေကပြောပါတယ်။

"အဓိကတော့ ကျနော်တို့ဟာ စစ်ကြောင့်ထိခိုက်နေတဲ့ ပြည်သူတွေအားလုံး၊ မိသားစုတွေအားလုံး၊ သက်ကြီးရွယ်အို ကလေးမိခင်တွေအားလုံး ကိုယ်ဝန်ဆောင်ကအစ အားလုံးရဲ့ ဒီလိုမျိုး ရင်ဆိုင်နေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဒီလိုမျိုးထွက်ပြေးပြီးမှ အန္တရာယ်ရှိနေတဲ့ နေရာကို နိုင်ငံတော်အစိုးရကနေ အမြန်ဆုံး ကယ်တင်ဆောင်ရွက်ပေးပါဆိုတာကို ကျနော်တို့က နိုင်ငံတော်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပဲ။ ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ပဲနဲ့ ကျနော်တို့က ပြည်သူတွေကို ကယ်တင်ပေးပါဆိုတဲ့ဟာကို ဆန္ဒထုတ်ဖော်တာပဲ။ ဒီအပေါ်မှာ ကျနော်တို့တပ်မတော်ဘက်ကနေ ကျနော်တို့ကို တဖက်က ပြောမယ်ဆိုရင် စိတ်ဓါတ်စစ်ဆင်ရေး ခြိမ်းခြောက်တဲ့ပုံစံ တရားစွဲဆိုမှုတွေ လုပ်တာကတော့ ကျနော်တို့ တော်တော်လေးဝမ်းနည်းမိပါတယ် ။ သူတို့ဘက်ကနေ ကျနော်တို့ကို ဒီလိုမျိုး တရားစွဲဆို စွပ်စွဲချက်တွေက ကျနော်တို့အပေါ်မှာ တိကျမှု ဘာမှမရှိပဲနဲ့ ကျနော်တို့ကို ဒီလိုမျိုး စွပ်စွဲပြီးမှ တရားစွဲဆိုမှုတွေက အဆင်မပြေဘူးလို့ ပြောလို့ရတာပေါ့နော်။"

ဦးLum Zawng-ပြောသွားတာပါ။

ဦးဇော်ဂျတ်ကလည်း

"ပိတ်မိနေတဲ့ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ဖို့အလီလီကြိုးစားပြီးမှ နောက်ဆုံးကျမှ ကျနော်တို့က တရားဝင် ငြိမ်းစုစီ တင်ပြီမှ လုပ်တဲ့ လုပ်ရပ်ပေါ်မှာ ပုဒ်မ (၅၀၀)နဲ့တပ်ပြီး စွဲတယ်ဆိုတာကတော့ တရားမျှတမှုက လုံးဝမရှိဘူး အဲဒါကြောင့် ဒါမျိုးလုပ်တာကတော့ လူတဦးတယောက်ရဲ့ပြောဆိုပိုင်ခွင့်ဆိုတဲ့နေရာမှာ တော်တော်လေးထိပါးလာတယ်လို့ ကျနေ်ာအဲလို သုံးသပ်ပါတယ်။"

အခုလို အသရေဖျက်မှုနဲ့ ကချင်ခေါင်းဆောင်သုံးဦးကို ပုဒ်မ (၅၀၀)နဲ့ တရားစွဲဆိုထားတဲ့ အမှုကိုတော့ လာမယ့်ဇွန်လ ၄ရက်နေ့မှာ ထပ်မံရုံးချိန်း သတ်မှတ်ထားပြီး တရားစွဲဆိုတဲ့ ဒုဗိုလ်မှူးကြီးနဲ့ တရားစွဲခံရသူတွေ ကချင်အရေးလှုပ်ရှားသူတွေကြား အပြန်အလှန် လျှောက်လဲကြဖို့ရှိပါတယ်။ ပုဒ်မ (၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကိုအသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG