သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တနိုင်းစစ်ရှောင်ဒုက္ခသည်တွေ ဘုရားကျောင်းမှာ လာရောက်ခိုလှုံ


မေ ၈ ရက်နေ့တုန်းက တနိုင်းမှ စစ်ရှောင်များရောက်လာစဉ် (KBC KACHIN)

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့အကြားဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်း (၂)လနီးပါးပိတ်မိနေတဲ့တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာသားတချို့ဟာ တနိုင်းမြို့ဘာသာရေးအသင်းတော်ကို တိမ်းရှောင်ရောက်ရှိလာပါတယ်။ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ရွာသားတွေဟာ စားသောက်နေထိုင် ရေးမှာအခက်ခဲတွေ နဲ့ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန် ကပြောပြ ပေးမှာပါ။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းတိုက်ပွဲကြောင့် တောတောင်ထဲမှာပိတ်မိနေတဲ့ အောင်လော့ဒ်ကျေးရွာသား (၆၀)ကျော်ဟာ မနေ့ကညနေပိုင်းမှာ တနိုင်းမြို့ရိုမန်ကက်သလစ်(RC) ခရစ်ယာန်ဘုရားကျောင်းကို ရောက် ရှိလာတယ်လို့ တနိုင်းမြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ကော်မတီဝင် ဦးနော်တောင်က ပြောပါတယ်။

"မနေ့က (၆၄)ယောက်တော့ တနာရီလောက်ကရောက်လာတယ်။ အသက်ကြီးရွယ်အိုရယ် ကလေးနို့စို့တွေရယ် အားလုံးပေါင်း(၆၄)ယောက်ရှိတယ်။ ဒီရောက်တော့ တောမှာလဲ ၀မ်းလျောဝမ်းပျက်တွေ အဲဒီမှာတော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်လို့ ပြောတယ်။ အသက်ကြီးတဲ့(၉၀)ပါတ်ဝန်းကျင်ရှိတဲ့ လမ်းသိပ်မလျှောက်နိုင်တဲ့ အသက်ကြီးအဖွါးနဲ့အဖိုးနှစ်ယောက်ပါတယ်။ နို့တိုက်ကလေးတွေပါတယ်။ သူတို့က တောလမ်းကပြန်လာရတယ် ဆိုတော့ တချို့ကလေးတွေဆို အသားတွေတောင်နေပူလောင်ပြီးမှ အခက်ခဲတွေကြုံတာသိရပါတယ်။"

အောင်လော့ဒ်ရွာသားစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း တပ်မတော်နဲ့ကေအိုင်အိုတို့တိုက်ပွဲကြောင့် နေရပ် ကနေတိမ်းရှောင်နေရပြီးတောတောင်ထဲမှာပိတ်မိနေခဲ့တာပါ။

ဒီတိုက်ပွဲအတွင်းစစ်ရှောင်ရွာသား(၂၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ တပ်မတော်ဘက်က ပိတ် ပင်ထားတာကြောင့်တောတောင်ထဲမှာ နှစ်လနီးပါးကြာမြင့်စွာနေထိုင်လာခဲ့ရတာပါ။

မေလအစောပိုင်းက တောထဲတွင် ပိတ်မိနေသူအချို့ကို အစိုးရ၊ ဌာနဆိုင်ရာနဲ့ဘာသာရေး အဖွဲ့အစည်းတွေ လူငယ် အဖွဲ့တွေကနေ သွားရောက် ကယ်ထုတ်ခဲ့နိုင်ခဲ့ပြီး မြစ်ကြီးနားမြို့ရှိ ယာယီစစ်ဘေးရှောင်စခန်းနဲ့ တနိုင်းမြို့ပေါ် ယာယီစစ်ဘေးရှောင်စခန်းတွေမှာခိုလှုံနေကြရပါတယ်။

လက်ရှိတောတောင်ထဲမှာ ရွာသားဦးရေ(၃၀၀)ကျော် သောင်တင်နေဆဲလို့ ဦးနော်တောင်က ပြောပါတယ်။

တနိုင်းမြို့ခရစ်ယာန်ဘာသာရေးအသင်းတော်မှာ စစ်ရှောင်ဦးရေ(၁၃၀၀)၀န်းကျင်ရှိနေတဲ့အတွက် သူတို့ရဲ့စား သောက် နေထိုင်ရေးအခြေအနေကိုတော့ ဦးနော်တောင်က အခုလိုဆက်ပြောပါတယ်။

"အားလုံးပေါင်းတော့(၁၃၀၀)ပါတ်ဝန်းကျင်လောက်ရှိမယ်။ အစိုးရအနေနဲ့သူတို့IDPအသိမှတ်မပြုသေးတဲ့အတွက် ကျွန်တော်တို့ဒီမှာအဆောက်အဦးတွေ ထပ်မံဆောက်ပိုင်ခွင့်မရှိတဲ့အတွက် နဂိုကသူတို့ယာယီဆောက်ထားတဲ့ မိုးကတဲတွေက အားလုံးပျက်စီးကုန်တော့ သူတို့နေထိုင်ရေးကိစ္စမှာတော်တော်လေး ဆိုးဆိုးဝါးဝါးအခက်ခဲရှိနေ တာကိုတွေ့ရတယ်။ စားတာသောက်တာကျတော့ NGOအဖွဲ့အစည်းတွေက အခြေခံအစားအစာအတွက် လစဉ်နဲနဲပါးပါးထောက်ပံ့ပေးတာတွေတော့ရှိတယ်။"

အလားတူ အင်ဂျားယန်မြို့နယ်နဲ့ချီဗွေမြို့နယ်တွေမှာ တပ်မတော်နဲ့ကေအိုင်အိုတို့တိုက်ပွဲကြောင့် ကျေးရွာသား ထောင်ကျော်ဟာ မြစ်ကြီးနားမြို့နယ်တန်ဖဲကျေးရွာကက်သလစ်ဘုရားကျောင်းမှာစစ်ဘေးတိမ်းရှောင်နေရပါတယ်။

တန်ဖဲစစ်ရှောင်စခမ်းအခြေအနေကိုတော့ တန်ဖဲကက်သလစ်ကျောင်း သိက္ခာတော်ရဆရာတော် ဦးဆွပ်အောင်က အခုလိုပြောပါတယ်။

"စုစုပေါင်း(၁၃၀၀)ကျော်လောက်ရှိမယ်။ ရွာပေါင်းက(၂၀)ကျော်ကျော်(၃၀)နီးပါးလောက်ရှိပါတယ်။ ဒီအင်ဂျား ယန်မြို့နယ်အောက်ကလဲပါတယ်။ မလိနောင်ဝလောင်ပေါ့။ မလိနောင်ဝလောင်ဆိုတာက မေခနဲ့မလိခကြားရွာ တွေပေါ့။ လောလောဆယ်အထိတော့ အကုန်လုံးပေါင်းချက်စားနေပါတယ်။ ရေရှည်အတွက်တော့အများကြီးစဉ်းစား ရဦးမယ်။ လောလောဆယ်ဆယ်က စာသင်ဖို့ကျောင်းဆောင်အခက်ခဲရှိတယ်။ မိုးရွာတယ်ဆိုတော့။"

ဧပြီလကုန်ပိုင်း အင်ဂျန်းယန်မြိုနယ်အတွင်းမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့လို့ ဒေသခံအများအပြား တန်ဖဲကျေး ရွာ ကက်သလစ်ဘုရားကျောင်းမှာ စစ်ဘေးတိမ်းရှောင်လာခဲ့ကြတာပါ။ ဒီစစ်ရှောင်တွေအထဲမှာ ကျောင်းနေအရွယ် ကလေး ၅ဝဝ ကျော်ပါရှိနေတဲ့အတွက် ကလေးတွေပညာ သင်ကြားရေး မှာ အခက်တွေ့နေတယ်လို့သူကဆိုပါတယ်။

လက်ရှိအင်ဂျားယန်မြို့နယ်ထဲက အင်ဂိုင်းကောင်ရွာ အင်လောက်ယန်ရွာက စစ်ရှောင်(၆၀၀)ကျော်ရှိနေပြီး သူတို့ရဲ့ လက်ရှိအခြေအနေကိုတော့ ကချင်နှစ်ခြင်းအသင်းတော်အထွေထွေအတွင်းရေးမှူးဒေါက်တာခလန်ဆမ်ဆွန်က အခုလိုပြောပါတယ်။

အဲဒီမှာက (၄၀၀)ကျော်ရှိတယ် အားလုံးအင်ဂျားယန်ကဘဲ။ သူတို့ဒီလိုပိတ်မိနေတယ်လို့ပြောတာထက် တခေါက် ကျွန်တော် တို့သွားတုန်းက သူတို့ကမလိုက်လာဘူး။ အခြေအနေကကောင်းမလိုလိုဖြစ်ခဲ့တာပေါ့။ နိုင်ငံရေးပါတီ တွေကလဲ သူတို့ရဲ့မဲဆန္ဒနယ်ဆိုတော့ လိုအပ်တာတွေပံ့ပိုးပေးမယ်ဆိုပြီးမှ အဲဒီလိုနေခဲ့တဲ့အဖွဲ့ဖြစ်တယ်။ ခုနောက်ပိုင်းတိုက်ပွဲနဲနဲရှိလာတယ်ဆိုတော့ သူတို့ကပြန်ထွက်လာချင်တယ်။

အင်ဂျန်းယန်မြို့စစ်ရှောင်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေး မှူးအဖွဲ့တွေ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာန ကြက်ခြေနီအဖွဲ့တို့ သွား ရောက်တွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာအကူညီတွေပေးဆောင်ခဲ့ပါတယ်။

ဧပြီလအတွင်း ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ကားမိုင်း မိုးကောင်းနဲ့ အင်ဂျန်းယန် မြို့နယ်ကKIAအခြေပြုနေရာ တွေဖြစ်တဲ့ မံဝယ်ဒေသ၊ အောင်လောဒ့်ဒေသ၊ ကဆုန့်ဒေသနှင့် အင်ဂျန်းယန် ဒေသတွေမှာ တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ရှောင်ရွာသားတွေအနေနဲ့ KIAနဲ့အဆက်အသွယ်မရှိတဲ့တဲ့သူတွေ နေရပ်ရင်းကိုပြန်နိုင်ကြောင်း တပ်မတော်က နေ ပြီးခဲ့တဲ့လကကြေညာထားပေမဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် နေရပ်ရင်းကိုမပြန်နိုင်သေးတဲ့ အခြေ အနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG