သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းဒေသ ဒုက္ခသည် ၅၀၀ နီးပါး မြစ်ကြီးနားနဲ့ တနိုင်းမြို့ကိုရောက်ရှိ


တနိုင်းဒေသ ဒုက္ခသည်များရောက်ရှိလာစဉ် (KBC KACHIN)
တနိုင်းဒေသ ဒုက္ခသည်များရောက်ရှိလာစဉ် (KBC KACHIN)

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး ပျောက်ဆုံးနေတဲ့ တနိုင်းမြို့နယ် အောက်လော့ဒ်ကျေးရွာက ဒုက္ခသည် နှစ်ထောင်နီးပါးထဲ ၅၀၀ လောက်ဟာ တနိုင်းနဲ့ မြစ်ကြီးနားမြို့တွေကို ရောက်ရှိလာပါတယ်။ ဒုက္ခသည်တွေဟာ ထွက်ပြေးတိမ်းရှောင်ရင်း အုပ်စုကွဲပြီး၊ တောတောင်တွေထဲမှာ ပိတ်မိနေခဲ့ကြတာလို့ သိရပါတယ်။ ဒါကြောင့် အဆက်အသွယ်ပြတ်ပြီး တောထဲမှာကျန်နေသေးတဲ့ ဒုက္ခသည်တွေအတွက်လည်း စိုးရိမ်စရာဖြစ်လာပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိမ်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

တလနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်လော့ဒ်ကျေးရွာက ဒုက္ခသည်တွေဟာ အုပ်စုကွဲပြီး၊ အဲဒီထဲက လူနှစ်ရာကျော်ပါတဲ့ အုပ်စုတစုဟာ တောလမ်းကနေတဆင့် တနိုင်းမြို့ကို ဒီကနေ့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီ ဒုက္ခသည်တွေကိုတော့ တနိုင်းမြို့ခံတွေက အကူအညီပေးထားတယ်လို့ တနိုင်းမြို့ ဘာသာရေးအသင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဆရာနော်တောင်က ဗွီအိုအေကို ပြောပါတယ်။

“ ဒီနေ့တနာရီလောက်မှာတနိုင်းမြို့ ကက်သလစ်ဘုရားကျောင်းမှာရောက်နေပြီး ဦးရေက(၂၆၈)ဦးလောက်ရှိတယ်။ တနိုင်းမြို့ RC ဘုရားကျောင်းမှာ။ လောလောဆယ် အသင်းတော်ကဘဲ ဦးဆောင်ပြီးမှ သူတို့ကိုအကူညီတွေ ပေးနေ တယ်ခင်ဗျ။”

ဒီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ဧပြီလက မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အောင်လော့ဒ်ကျေးရွာသားတွေဖြစ်တယ်လို့သူကဆက်ပြောပါတယ်။

“သူတို့ကတော့(၁၁)နေ့ကတိုက်ပွဲဖြစ်တယ်။ စစ်ရှောင်အနေနဲ့ သူတို့တောထဲမှာ ပုန်းနေတယ်။ အဲဒီမှာပိုဆိုးတာက တော့ သူတို့(၁၇)ရက်နေ့ကစပြီးတော့ အောင်လော့ဒ်ကျေးရွာ မှာ တိုက်ပွဲပြန်ပြင်းထန်လာတဲ့အတွက် ခြေဦးတဲ့ရာ အုပ်စုခွဲပြီးမှ သွားကြတယ်။ ဒါကလဲ အုပ်စုတခုပေါ့။”

မြစ်ကြီးနားမြို့မှာလည်း မနေ့တုန်းက အောင်လော့ ရွာသားစစ်ရှောင်တွေရောက်ရှိ လာတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်က အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

မြစ်ကြီးနားကိုရောက်လာတာ(၂၀၀)နီးပါးလောက်ရှိတယ်။ ကျွန်တော်တို့ ဒီသက်ဆိုင်ရာအသင်းတော်တွေက တာဝန် ယူ ထားတယ်။ သူတို့တလနီးပါး တောထဲမှာအိပ်လိုက်စားလိုက်နဲ့ သစ်ဥသစ်ဖုတွေရှာစား ပါတဲ့ဆန်တွေလဲကုန် အဲတာမျိုးတွေပေါ့။ တော်တော်ဒုက္ခရောက်လာကြတာဖြစ်တယ်။ ကျန်းမာရေး အခြေအနေတော့ ဆိုးတယ်။ ခြေထောက် ယောင်တာတွေ အားပြတ် တာတွေတော်တော် ကို ဆိုးတယ်အခြေအနေ။”

လက်ရှိမြစ်ကြီးနားမြို့မှာ စစ်ဘေးတိမ်းရှောင်လာသူ စုစုပေါင်း တစ်ထောင်ကျော် ရှိနေပြီလို့သူကဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ် KIAတို့အကြားပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်နေ့တုန်းက ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် တနိုင်းမြို့နယ်က အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိယန်ကျေးရွာနဲ့ ဆွတ်ရာကျေးရွာသား (၂၀၀၀) နီးပါးခန့်ဟာ တောတောင်ထဲမှာပိတ်မိနေခဲ့သလို ရိက္ခာအကူညီပေးဆောင်ဖို့ကိုလဲ တပ်မတော်ကနေ ခွင့်မပြုပါဘူး။ ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေကတော့ တပ်မတော်နဲ့ညှိုနှိုင်းပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လက်ရှိတောတောင်ထဲမှာပတ်မိနေသူ(၃၀၀)ကျော်လောက်ကျန်နေသေးတယ်လို့ခန့်မှန်းကြောင်း ဒေါက်တာခလမ် ဆမ်ဆွန်က ပြောပါတယ်။

ဧပြီလကနေ မေလအထိ မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ် KIAတို့တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ကားမိုင်း မိုးကောင်းနဲ့ အင်ဂျန်းယန် မြို့နယ်က ဒေသခံပြည်သူ ငါးထောင်နီးပါး စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲအကြားပိတ်မိနေတဲ့စစ်ရှောင်တွေကိုကူညီပေးဖို့နဲ့ဘေးလွတ်ရာကယ်တင်ဖို့ကို တပ်မတော်ကနေ တားဆီး နေတဲ့အတွက် ကချင်လူငယ်တွေကချင်လူထုအခြေပြုအဖွဲ့တွေကနေ မေလ(၃)ရက်နေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒဖေါ် ထုတ်ခဲ့ကြပါတယ်။

ကားမိုင်းမြို့နယ်ခွဲလိုင်နောင်ခူးမှာပိတ်မိနေတဲ့စစ်ရှောင်(၁၂၅)ဦးကျော်ကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး မေလ(၇)ရက်နေ့မှာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မိုးကောင်း၊ ကာမိုင်း၊ မိုးညှင်း၊ မြစ်ကြီးနားစတဲ့ ဒေသတွေကဆွေမျိုးတွေရဲ့နေအိမ်တွေကိုပြန်ပို့ပေးခဲ့ပါတယ်။

ဒုက္ခသည်စခန်းမှာ နေရာချထားပေးဖို့ကို တပ်မတော်ဘက်က လက်မခံတဲ့အတွက် နီးစပ်ရာဆွေမျိုးနေအိမ်တွေကို ထားရှိတယ်လို့ ကားမိုင်းမြို့ခံဦးချင်ရမ်ကပြောပါတယ်။

စစ်ရှောင်စခန်းနောက်ထပ်တိုးမရဘူးပြောတော့ တချို့ကဟိုအိမ်မှာတွေ ဆွေမျိုးအိမ်မှာတွေ အဲဒီလိုဘဲ နေပြီး မှီခိုနေကြတာဘဲ။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲတွေရပ်စဲဖို့နဲ့ တိုက်ပွဲအကြားပိတ်မိနေတဲ့စစ်ရှောင်တွေ ဘေးလွတ်ရာကယ်တင်ဖို့ ကချင်ပြည်နယ် ရန်ကုန်တိုင်း မန္တလေးတိုင်း ပဲခူးတိုင်းတွေမှာဆန္ဒဖေါ်ထုတ်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG