သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းဒေသ ကချင်ဒုက္ခသည်နှစ်ထောင်နီးပါး အဆက်ပြတ်


 ကချင်ဒုက္ခသည် (KBC KACHIN)
ကချင်ဒုက္ခသည် (KBC KACHIN)

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လေ့ာဒ်ရွာက တိမ်းရှောင်သွားတဲ့ ဒုက္ခသည် ၂ထောင်လောက်ဟာ တောတောင်တွေထဲမှာ ပုန်းရှောင်နေပြီး အဆက်အသွယ်ပြတ်တောက်နေတာ သီတင်း၃ပတ်နီးပါးရှိပြီလို့ တနိုင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဘာသာရေးခေါင်းဆောင်တဦးကတော့ သူတို့ ဆက်သွယ်လာမယ့်အချိန်ကိုသာ စောင့်ဆိုင်းနေရတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဧပြီလ ၁၁ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် တနိုင်း၊ ဖားကန့်၊ နမ္မတီးနဲ့ အင်ဂျန်းယန်စတဲ့မြို့နယ်က စစ်ရှောင်တွေဟာ မြစ်ကြီးနား၊ နမ္မတီးမြို့ပေါ်ကို တိမ်းရှောင်လာတာတွေ ရှိသလို တချို့တွေဟာလည်း တောတောင်တွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဖားကန့်မြို့နယ် လိုင်နောင်ခူးမှာ ပိတ်မိနေသူ ၁၄၈ယောက်ကို ခေါ်ယူနိုင်ခဲ့ပေမဲ့ တနိုင်းမြို့နယ် အောင်လေ့ာဒ်ရွာက တိမ်းရှောင်သွားသူတွေကတော့ ဘယ်ဆီကို ရောက်နေတယ်ဆိုတာ အတိအကျမသိရဘဲ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

ဒီအခြေအနေကို တနိုင်းမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျာတန်က အခုလို ပြောပါတယ်။

“ ကျနော်လည်း အဆက်အသွယ်ပြတ်နေတယ်။ ပထမ စစခြင်းကတော့ တပ်က အရင် ဝင်လာတဲ့အခါ လယ်ကွင်းမှာ ပိတ်နေတယ်။ လယ်ကွင်းမှာပိတ်နေတော့ အမြှောက်တွေ ပစ်လိုက်တဲ့အခါ ရှောင်ပြီးမှ ဘယ်ဖက်ရောက်သွားမှန်းတောင် မသိတော့ဘူး။ ၂ပတ်၊ ၃ပတ်တောင်ရှိပြီ အဆက်အသွယ်ပြတ်သွားတယ်။ သူတို့ ဆက်သွယ်လို့ ရတဲ့အချိန်က လူဦးရေ ၂ထောင်လို့ ပြောတယ်။ ”

တိမ်းရှောင်သွားသူတွေမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ထိခိုက်ဒဏ်ရာရသူအချို့လည်း ပါဝင်ကြောင်း ပြောပါတယ်။

ဒီလို ပိတ်မိနေချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက သူတို့ကို ကယ်ထုတ်ဖို့အတွက် တပ်မတော်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး ။ ဧပြီ ၁၉ရက်နေ့လောက်မှာတော့ အောင်လော့ဒ်ရွာသားတွေ နေရပ်ပြန်လို့ ရပြီဖြစ်ကြောင်းတပ်မတော်က ကချင်ပြည်နယ်အစိုးရက အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက်မှာ ရွှေမှော်လုပ်သား ၂၀၀လောက် နေရပ်ပြန်တာရှိခဲ့ပေမဲ့ အောင်လော့ဒ်ရွာသားတွေဟာ နေရပ်ကို မပြန်ရဲတာဘဲ ဆက်လက်တိမ်းရှောင်နေခဲ့တယ်လို့ ဦးဂျာတန်က ပြောပါတယ်။

“ သူတို့က ဒီလိုဖြစ်နေတယ်။ ဒီဒေသခံ အောင်လော့ဒ်ရွာက လူတွေကို တနိုင်းဖက်ပဲဖြစ်ဖြစ် တနေရာကို ရှောင်ခွင့်မပေးဘူးလေ။ နဂိုနေရာကို နေရမယ်ဆိုတော့ အောင်လော့ဒ်နေရာမှာပဲ နေရမယ်ဆိုတဲ့ အမိန့်တွေ ထုတ်ထားတော့ အောင်လော့ဒ်နေရာမှာ နေဖို့ က ကြောက်နေတာ။ ဘယ်နားရောက်မှန်း ကျနော်တို့လည်း မပြောနိုင်တော့ဘူး။ KIA ထိန်းချုပ်နေရာပဲ ရောက်သလား။ ဒါမှ မဟုတ် ဟိုဖက် ထွက်သွားတဲ့ပုံစံဆိုလို့ ရှိရင်တော့ ကစင့်ကလျားနဲ့ ဘယ်ချောင်ဘယ်နားတွေ ရောက်သွားလဲတော့ မသိဘူး။ ဒီကနေ မြစ်ကြီးနားတို့ နမ္မတီးတို့ ထွက်ဖို့ ဆိုတာ လမ်းခရီးတော်တော်ကြမ်းတယ်လို့ ပြောတယ်။ ”

တိမ်းရှောင်သူတွေကိုလိုက်လံရှာဖွေဖို့ကလည်း ခွင့်ပြုချက်မရတာ၊ စစ်ပွဲဒေသမှာ မြေမြုပ်မိုင်းတွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိကြောင်းလည်း ပြောပါတယ်။

တနိုင်းမြို့က ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဘာသာရေးဆရာတဦးကတော့ တိမ်းရှောင်နေသူတွေ ဆက်သွယ်လာမယ့်အချိန်ကိုပဲ စောင့်ဆိုင်းနေရကြောင်း ပြောပါတယ်။

“ ၁၇ရက်နေ့ မနက်ကစပြီး နောက်ပိုင်းဆက်သွယ်လို့ မရဘူး။ ဒါပေမဲ့ ရာသီဥတုက မိုးတွင်းရောက်လာပြီဆိုတော့ သူတို့ကတော့ ဒီတနိုင်းမြို့ကို ရောက်လာဖို့ နည်းလမ်းတော့ ရှာနေမယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ အဲဒါကြောင့် မိုးတွင်းမရောက်ခင်မှာသူတို့ တယောက်ယောက်နဲ့ ဆက်သွယ်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့အနေနဲ့ကတော့ သူတို့ဆက်သွယ်လာအောင်ပဲ စောင့်ရမယ့်အနေအထားမှာ ရှိတယ်ခင်ဗျ။ ”

သူတို့ရောက်ရှိလာရင် ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။

ဒီလ ၅ရက်နေ့ကတော့ ဒုက္ခသည်တွေကူညီရေးအတွက် ပြည်နယ်အစိုးရကစေလွှတ်တဲ့ လုပ်ငန်းကော်မတီဟာ အောင်လော့ဒ်ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိစဉ်မှာ အောင်လော့ဒ်ရွာမှာ ဒေသခံပြည်သူတွေကို မတွေ့ရဘဲ ကျွဲ၊နွား၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပျက်ဆီးတာမရှိတဲ့ နေအိမ်တွေကိုသာ တွေ့ရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG