သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေးဒုက္ခသည်များကူညီရေး လူကယ်ပြန်ဝန်ကြီးကြားဝင်ညှိနှိုင်း


လူကယ်ပြန်ဝန်ကြီး ကချင်ပြည်နယ်ရှိတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ (ProfWin Myat Aye)
လူကယ်ပြန်ဝန်ကြီး ကချင်ပြည်နယ်ရှိတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ (ProfWin Myat Aye)

ပြည်ထောင်စုအစိုးရရဲ့ အကူအညီနဲ့ ကချင်ပြည်နယ်ထဲက ထောင်ချီပိတ်မိနေတဲ့ စစ်ရှောင်ဒေသခံပြည်သူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကပြောဆိုလိုက်ပါတယ်။ နယ်မြေလုံခြုံရေးအကြောင်းပြ ပိတ်ပင်နေတဲ့ တပ်မတော်ဘက်ကလည်း အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကချင်နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကလည်း မျှော်လင့်နေကြပါတယ်။ တချိန်တည်းမှာပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဝန်ကြီးလည်း ကချင်ကိုရောက်လာပြီး စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တာတွေကို ဆောင်ရွက်ပေးနေပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တကျော့ပြန်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ကချင်ပြည်နယ်၊ လိုင်နောင်ခူးဒေသက ဒေသခံတွေကို ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုယ်တိုင်ဦးစီးပြီး အရေးပေါ်ကယ်ထုတ်ဖို့အစီအစဉ်တွေကို တပ်မတော်ဘက်ကနေ နယ်မြေလုံခြုံရေးအကြောင်းပြ ခွင့်မပြုခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေ နောက်ဆုတ်ပြန်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်ကို ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ ပိတ်မိပြည်သူတွေ ကယ်ထုတ်နိုင်ရေး ကချင်လူငယ်တွေနဲ့ လူကယ်ပြန်ဝန်ကြီးတို့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခလန်ဆမ်ဆွန်ကပြောပါတယ်။

"ဟုတ်ကဲ့ အခုအခြေအနေကောင်းလာပါပြီ။ အခုလူကယ်ပြန်ဝန်ကြီးရောက်လာတာနဲ့ NRPC ဘက်ကလည်း ပြန်ပြီးဆက်သွယ်လုပ်ဆောင်တဲ့အချိန်မှာ အခုအားလုံးကို ကယ်ထုတ်မယ်ဆိုတော့ အခုလောလောဆယ် လူတွေက စက်လှေစီးပြီး သွားနေပြီ။ ကျန်တဲ့လူတွေကို ပြန်ပြီးမှ ခေါ်ဆောင်မယ်လို့ပြောတယ် ဆိုတော့ ကျနော်တို့ လူငယ်တွေနဲ့ ခရစ်ယာန် ဂိုဏ်းတွေက လွန်ခဲ့တဲ့ ၂ ရက်မှာ ကျနေ်ာတို့ ပြည်နယ်အစိုးရနဲ့ လုပ်ကြည့်တဲ့အချိန်မှာ စစ်တပ်က ပိတ်ပင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ လွိုင်နောင်ခူးကို လမ်းလျောက်ပြီးတော့ ချီတက်ဖို့ အစီအစဉ်လုပ်ထားတာရှိတယ်။ ရှိတယ်ဆိုတော့ အခု တကယ်လို့ သူတို့ အားလုံးကို ကယ်ထုတ်မယ်ဆိုရင်တော့ ကျနော်တို့ကတော့ ပြန်စဉ်းစားရမှာပေါ့ ဖျက်သိမ်းရင်ဖျက်သိမ်းမယ် စောင့်ကြည့်ပြီးမှ အားလုံးကယ်တင်ပြီဆိုရင်တော့ ကျနော်တို့ဘက်ကတော့ ဘာမှ လုပ်ဆောင်စရာမလိုတော့ဘူးပေါ့။ အဲလိုစီစဉ်ထားပါတယ်။"

ကချင်ပြည်နယ် လွိုင်နောင်ခူးမှာ ပိတ်မိနေတဲ့ဒေသခံပြည်သူတွေ ကူညီကယ်ထုတ်နိုင်ရေး အဲ့ဒီ့မဲဆန္ဒနယ်မြေကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဘက်ကလည်း ကိုယ်တိုင်သွားရောက်ပြီး ဆောင်ရွက်ပေးနေတယ်လို့ပြောပါတယ်။ ဒါပေမဲ့လို့ နယ်မြေခံ စစ်တပ်တာဝန်ရှိသူတွေနဲ့ အခြေအတင် ညှိနှိုင်းဆောင်ရွက်နေရဆဲဖြစ်တယ်လို့လည်း ဖားကန့်ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကပြောပြပါတယ်။

" ကျနော်တို့အခုပြောနေတဲ့ လွိုင်နောင်ခူးလေ ဖားကန့်မြို့နယ်မှာပါခင်ဗျ။ ကျနော်တို့ PCG နဲ့ ကချင်ပြည်နယ် စည်ပင်သာယာရေးညွှန်မှူး အပါအဝင် ကျနော်တို့ လူ ၅၀ ကျော်လောက် သွားကယ်ထုတ်ဖို့သွားတာကိုလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ခွင့်ပြုချက်မရတော့ သွားတွေ့လို့တော့ရတယ်။ သွားခေါ်ထုတ်လို့မရဘူးဆိုတော့ အဲဒီမှာသွားတွေ့တဲ့ ကချင်ရိုးရာအဖွဲ့က ပုဂ္ဂိုလ် တွေ နောက်ဒီမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျနော်အမြဲမပြတ်အဆက်အသွယ် ရှိပါတယ်ခင်ဗျ။ ဆိုတော့ အဲဒီကိုလည်း ကျနော်ရောက်ပါတယ်ခင်ဗျ။ လွိုင်နောင်ခူးအပြင်ဘက်မှာ အုပ်စုရှိတယ်ခင်ဗျ။ အဲဒီမှာ ကျနော်ကိုယ်တိုင်ရောက်သွားပါတယ်ခင်ဗျ။ အဲဒီမှာက တော်တော်လေးရှားတယ်၊ ကားလမ်းလည်းမပေါက်ဘူး ။ လူလမ်းပဲ ရှိတယ် အဲဒါလည်း မိုင်းအန္တရာယ်တွေရှိတဲ့အခါကျတော့ သွားဖို့လာဖို့ တော်တော်လေးခက်ခဲတယ်။ အဲဒါမျိုးလေးအနေအထားရှိတဲ့အခါ ကျနော်တို့က ပေးဖို့အတွက်ကို စီစဉ်ထားတာရှိတယ်။ ဒါပေမယ့် သူတို့နေရာအထိသွားဖို့က အခက်အခဲလေးရှိတဲ့အတွက်ကြောင့် ကျနေ်ာသွားရောက်ပြီးတော့ ပေးနိုင်ခြင်းမရှိဘူးပေါ့ခင်ဗျ ။ အဲဒီအထိ ဝင်ခွင့်မရတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ပေးဖို့ အခက်အခဲလေးတွေရှိပါတယ်ခင်ဗျ။"

အခုကချင်ပြည်နယ်ထဲမှာ ဒီရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေပြီး ရာသီဥတုကလည်း ဆိုးရွားနေတာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နာမကျမ်းဖြစ်နေသူတွေပါဝင်တဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး သက်ဆိုင်ရာ တပ်မတော်ပိုင်းတာဝန်ရှိသူတွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးက တိုက်တွန်းပါတယ်။

"ကျနော်တို့အနေနဲ့က သွားတွေ့ချင်တယ်။ ဒါပေမယ့် အခုအနေအထားက တော်တော်လေး ခက်ခဲတယ်။ ရှင်းရှင်းပြောရင် ဒီမှာက တပ်မရှိတယ်ဗျ နောက်သူ့ဗျူဟာတွေရှိတယ်။ အဲဒီရဲ့ စီမံမှုအောက်မှာပဲလုပ်ရတဲ့အခါကျတော့ ကျနော်တို့စိတ်သွားတိုင်း ကိုယ်မပါဘူးလေ။ ကျနော်ဒီကိစ္စကို လွှတ်တော်ပိုင်းဆိုင်ရာနဲ့ တင်ပြမယ်ဆိုရင်လည်း လုံခြုံရေးအနေအထားကြောင့်ဆိုပြီး ပယ်ချခံရတာတွေက ကျနော်တို့မှာ အများကြီးရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီမှာ အဓိက မိုးကောင်း၊ ဖားကန့်၊ တနိုင်းကိုယ်စားလှယ်တွေက ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်ကို လာတဲ့အခါမှာ ကျနော်တို့ဒေသမှာဖြစ်နေတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ကျနော်တို့ တင်ပြပြီးတော့မှ ဒီအခက်အခဲတွေကို ကျနော်တို့ ဒုဝန်ကြီး ကနေ လုပ်ပြီးဖြေရှင်းမယ်၊ လမ်းပိတ်ထားရင်လည်း ကျနော်တို့ တင်ပြတယ် ။ အောက်ခြေမှာ တင်ပြလို့မရတာတွေကို ဒုဝန်ကြီး ကိုတင်ပြတယ် ။ တင်ပြပြီးတော့ သူတို့ညှိနှိုင်းပေးတာ ဒါတွေရှိတယ်။ ဆရာဝင်းမြအေး ဖားကန့်ကိုလာမလားလို့တောင် ကျနေ်ာတို့မျှော်နေသေးတယ်။ တွေ့တော့တွေ့ချင်တယ် ဒါပေမယ့် အခုဒီမှာ ရာသီဥတု တော်တော်ဆိုးဝါးနေတယ်၊ တနေကုန်မိုးရွာတယ်ခင်ဗျ။ အဲဒါမျိုးတွေ ဆို ဒုက္ခသည်တွေလည်း တော်တော်လေး ဒုက္ခရောက်ကြလိမ့်မယ်ခင်ဗျ။"

လောလောဆယ်မှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်KBC ရဲ့ ဦးဆောင်မှုနဲ့အတူ ဘာသာရေးအဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့အတူ အစိုးရပိုင်းတာဝန်ရှိသူတွေက ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် မြောက်ပိုင်းတိုင်းတိုင်းမှူးကနေ ပိတ်မိပြည်သူတွေကို စားနပ်ရိက္ခာပေးဖို့ အတွက်သာ ခွင့်ပြုနိုင်ပြီး လိုင်နောင်ခူးကျေးရွာကနေ ခေါ်ဆောင်သွားခွင့်မပြုသေးပါဘူး လူကယ်ပြန်ဝန်ကြီးဘက်က ပူးပေါင်းဆောင်ရွက်မှုနဲ့ အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ကတော့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက မျှော်လင့်နေကြပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်-မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာတော့ ပိတ်မိနေတဲ့ကချင်စစ်ဘေးရှောင်ပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဒီမိုကရေစီအင်အားစုတွေနဲ့ ကျောင်းသားလူငယ်တွေ ပြည်သူတွေ စုပေါင်းလှုပ်ရှားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG