သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင် ကယ်ဆယ်ရေး ပြည်ပရောက် ကချင်များ တောင်းဆို


ပိတ်မိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအရေး ဆန်ဖရန်စစ္စကိုမြို့ရောက် ကချင်၊ မြန်မာ တိုင်းရင်းသားများ ဆန္ဒပြတောင်းဆိုနေစဉ် (မေလ ၅ ရက်)
ပိတ်မိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအရေး ဆန်ဖရန်စစ္စကိုမြို့ရောက် ကချင်၊ မြန်မာ တိုင်းရင်းသားများ ဆန္ဒပြတောင်းဆိုနေစဉ် (မေလ ၅ ရက်)

ကချင်ဒေသမှာ မြန်မာစစ်တပ်ရဲ့ အပြင်းအထန်ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ နေထိုင်နေတဲ့ ကချင်နဲ့ မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး မနေ့ စနေနေ့က ဆန်ဖရန်စစ္စကို မြို့လယ် လူစည်းကားတဲ့ Union Square မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်က ပိတ်ဆို့ထားတဲ့စစ်ဘေးဒုက္ခသည်တွေကို ဘေးလွတ်ရာ သွားခွင့်ပြုဖို့ တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြပွဲ ဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ Hpauwunt Hkawn Sam က ဗွီအိုအေကိုပြောပါတယ်။

“ကျမတို့ အဓိက ဆန္ဒထုတ်ဖေါ်ရတဲ့ အဓိက အကြောင်းအရာကလည်း ကချင်ပြည်နယ်မှာ အခုဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ တသားတည်းရှိတယ်ဆိုတာ ဖေါ်ပြချင်တာလည်း ပါပါတယ်။ ဘာလို့လည်းဆိုတော့ဝန်ကြီးချုပ်ကနေပြီး ကယ်လို့ရတယ်၊ သွားပြီးခေါ်လို့ရတယ် ဆိုတဲ့ ခွင့်ပြုမိန့်နဲ့ သွားခဲ့ပြီးမှ လမ်းရောက်မှ တပ်မတော်ကနေပြီး ခွင့်မပြုနိုင်ဘူးဆိုပြီး ပြန်လာတာက ကျမတို့ ပြည်သူပြည်သားတွေရဲ့ အစိုးရကို၊ တပ်မတော်ကို ယုံကြည်မှုကို အများကြီး ဆုတ်ယုတ်စေတယ်။ မယုံကြည်မှုတွေကို ဖြစ်စေတဲ့အတွက် ဒီလိုမျိုး နောက်ထပ်မလုပ်ဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။”

အခုလို ပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခွင့်မပေးမချင်း ကမ္ဘာ့အနှံမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေအနေနဲ့လည်း ဆက်လက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် တော၊ တောင်တွေထဲ ပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည် ၅၀၀၀ နီးပါးရှိနေပြီး စနေနေ့အထိ မြန်မာစစ်တပ်က စစ်ဘေးဒုက္ခသည်တွေဆီရာ ကို သွားရောက်ခွင့်မပြုသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG