သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲကန့်ကွက်ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ


ကချင်စစ်ပွဲကန့်ကွက်ဆန္ဒပြသူများ (ရန်ကုန်)
ကချင်စစ်ပွဲကန့်ကွက်ဆန္ဒပြသူများ (ရန်ကုန်)

မန္တလေးမြို့မှာ ကချင်ပြည်နယ်တွင်း ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းဒေသက ထိုးစစ်တွေရပ်ပေးဖို့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားခဲ့သူ ကိုအောင်မှိုင်းဆန်းအပါအဝင် လှုပ်ရှားသူတချို့ကို ဒီကနေ့ ရဲလုံခြုံရေးတွေဘက်က အင်အားသုံးဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တာဝန်ခံက ပြောပါတယ်။ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ တရားစွဲဆိုမှုတွေအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပိတ်မိပြည်သူတွေ လွှတ်မြောက်ရေး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက် လှုပ်ရှားသွားမယ်လို့ ကချင်လူငယ်သပိတ်ခေါင်းဆောင်တွေကလည်းပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် အသက်ဘေးလုထွက်ပြေးကြရပြီး တောတောင်တွေထဲပိတ်မိနေတဲ့ ထောင်ချီတဲ့ပြည်သူတွေ လွှတ်ပေးရေးနဲ့ စစ်မီးမငြိမ်းနိုင်သေးတဲ့ တိုင်းရင်းဒေသတွေကို တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရန်ကုန်-မန္တလေးနဲ့ မြို့ကြီးတချို့မှာ ဒီမိုကရေစီအင်အားစုတွေ၊ လူငယ်တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ပြည်သူလူထုက ငြိမ်းချမ်းရေးစွာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွေကို ဦးဆောင်သူတချို့ကို သက်ဆိုင်ရာ ရဲစခန်းတွေဘက်က ခွင့်ပြုချက်မရပဲ ဆန္ဒပြခဲ့ကြတယ်ဆိုပြီး အရေးယူနိုင်ဖို့ အမှုဖွင့် ခဲ့ပါတယ်။

မန္တလေးတိုင်း ဈေးချိုတော်အနီးမှာ ဆန္ဒပြခဲ့တဲ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးအောင်ခေါ် ဒိန်းဒေါင်နဲ့ ကလစ်တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ မန္တလေး နယ်မြေခံအမှတ်(၈)ရဲစခန်းက အမှုဖွင့်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီကနေ့ မေလ ၈ရက်နေ့မှာ သူတို့ကို လူမြင်ကွင်း လက်ဘက်ရည်ဆိုင်မှာ အင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ကိုကောင်းထက်ကျော်က အတည်ပြုပြောဆိုပါတယ်။

"လက်ဘက်ရည်ဆိုင်ထဲမှာ ဝင်ဖမ်းသွားတာပါ။ ကိုအောင်မှိုင်းဆန်းတို့က အခမ်းအနားတခု လုပ်ဖို့ အစည်းအဝေးလုပ်တယ်။ အဲဒီအချိန်မှာ ပြင်ပမှာ SP တို့ အာဏာပိုင်အဖွဲ့အစည်းတွေက ခြေချင်းလိမ်နေတာကိုတွေ့တယ်။ တွေ့တဲ့အခါမှာ လက်ဘက်ရည်ဆိုင်ထဲက ကိုအောင်မှိုင်းဆန်း၊ကို ဒိန်းဒေါင်ရယ်ကိုငြိမ်းစုစီအမှုနဲ့ဖမ်းတယ်လို့ ကျနော်တို့ သိရတာပေါ့နော်။ ကျနေ်ာ့အမြင်ကတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အင်အားစုနဲ့ ငြိမ်းချမ်းရေကို မလိုတဲ့အင်အားစုတိုက်ပွဲလို့ပြောရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အင်အားစုကတော့ ငြိမ်းချမ်းရေးအတွက်တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီ။ ငြိမ်းချမ်းရေးကို မလိုတဲ့အင်အားစုတွေက အမျိုးမျိုးဖျက်မယ်။ ပြီးတဲ့အခါမှာ အာဏာကိုအသုံးပြုပြီးတော့ ငြိမ်းချမ်းရေးဆောင်ရွက်နေသူတွေကို လူမြင်ကွင်းမှာ ဝင်ဖမ်းတာက ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူတွေနဲ့ ငြိမ်းချမ်းရေကို မလိုတဲ့လူတွေ ကြားထဲမှာ တိုက်ပွဲစပြီလို့ ပြောရမယ့်အနေအထားဖြစ်ပါတယ်။ "

အခုလို ကချင်စစ်ဘေးဒုက္ခသည်တွေအရေး ငြိမ်းချမ်းစွာလှုပ်ရှားကြတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေအပေါ် အမှုဖွင့်အရေးယူတာ ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်ဆောင်တဲ့အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ကချင်လူငယ်တွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ကချင်လူငယ်တွေအနေနဲ့ကတော့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည်ပြည်သူတွေ လွတ်မြောက်ရေး ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဆက်လက်လှုပ်ရှားသွားကြမယ်လို့ ကချင်လူငယ်ထု သပိတ်စခန်းဦးဆောင်သူ ကို Lum Zawng က ပြောပါတယ်။

"ကျနော်တို့ကတေ့ာ အခုကချင်ပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်ဘက်ကနေ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကျနော်တို့ ပြည်သူတွေ ဆင်းရဲဒုက္ခနဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုနဲ့ သူတို့နေရာမှာ ဝိုင်းဝန်းပူးပေါင်းပါပြီးမှ ကျနော်တို့ ကချင်တိုင်းရင်းသားတွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ သွေးချင်းညီအကိုတွေကို တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို လုပ်နေတဲ့ နိုင်ငံတော်အစိုးရကနေ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ကိစ္စတွေကို ခြိမ်းခြောက်မှုတွေ ၊ မတရား တရားစွဲဆိုမှုတွေကို ကျနော်တို့ကတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကျနော်တို့ကချင်လူထုတွေကလည်း အခုလို ဖမ်းဆီးခြိမ်းခြောက်မှုတွေ ဆက်လက်ပြီးရှိနေမယ်ဆိုရင်တော့ ကျနော်တို့ ဒီအတွက် တုံ့ပြန်မှုတခုခုတော့ လုပ်လာရပါလိမ့်မယ်။ ဆိုတော့ ကျနော်တို့က ဖမ်းဆီးခံရတဲ့လူငယ်တွေ သွေးချင်းညီအကိုတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပါတယ်။"

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးအကောင်အထည်ဖော်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက် စစ်ပွဲအရှိန်မြင့်လာသလို တိုင်းရင်းဒေသတွေမှာ မတည်ငြိမ်မှုတွေနဲ့ ဒေသခံပြည်သူတွေ အတိဒုက္ခရောက်နေကြရတဲ့အနေအထားကို သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့အနေနဲ့ လျစ်လျူမရှု့ထားသင့်ဘူးလို့လည်း ကချင်လူငယ်ခေါင်းဆောင်က ပြောပါတယ်။

"မြန်မာ့တပ်မတော်ကနေ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ ရှိနေတာကို နိုင်ငံတော်အစိုးရပေါ့နော် သမ္မတ ဦးဝင်းမြင့်ရော၊ State Counsellor ဖြစ်တဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရော ၊ လွှတ်တော်ဥက္ကဋ္ဌ တွေရော ဒီအပေါ်မှာ နှုတ်ဆိတ်နေတာတွေက ကျနော်တို့တွေ ကချင်လူငယ်ထုတွေကနေ တော်တော်လေး မေးခွန်းအကြီးဖြစ်နေတာပေါ့။ ဘာကြောင့် သူတို့တွေဟာ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေအပေါ်မှာ သူတို့တွေ နှုတ်ဆိတ်နေရတာလဲပေါ့နော်။ လွှတ်တော်မှာလည်း ဒီအပေါ်မှာ ဘာမှ ရှင်းလင်းမှုတွေ ဆုံးဖြတ်ချက်တွေ မရှိတာကိုတွေ့ရပါတယ်။ ဆိုတော့ ကျနော်တို့ နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ တိုက်ပွဲတွေကို ဆက်တိုက်ဖန်တီးလာတာက ကျနော်တို့ တိုင်းပြည်မှာဦးဆောင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အနှောင့်အယှက်ဖြစ်ပါတယ်။ နောက်ပြီးအားလုံးရဲ့ တပ်မတော်ပေါ်မှာလည်း ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုတွေက ပိုပြီးမှ ကျလာမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ အစိုးရကနေ ဒီလိုမျိုး လျော့လျော့ရဲရဲကိုင်တွယ်ဖြေရှင်းတာမဟုတ်ပဲနဲ့ ခိုင်မာနဲ့ အစိုးရနဲ့ တပ်မတော်ကြားမှာ ကောင်းကောင်းမွန်မွန် ဒီအပေါ်မှာ လုပ်ဆောင်သင့်တယ်လို့ ကျနော်တို့က ဒါကို တောင်းဆိုချင်ပါတယ်။"

အခုလို ငြိမ်းချမ်းစွာဆန္ဒပြချီတက်လှုပ်ရှားမှု ဦးဆောင်သူတချို့ကို ဖမ်းဆီးနေပေမဲ့လို့ စစ်ပွဲရပ်တန့်ရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေကို လွတ်လပ်စွာ ကူညီနိုင်ရေး ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုတွေကို ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာ လာမယ့် မေလ ၁၂ရက်နေ့မှာ ချီတက်လမ်းလျှောက်သွားကြဖို့စီစဉ်ထားကြတယ်လို့လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှု ဦးဆောင်စီစဉ်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG