သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်ကယ်ထုတ်နေတဲ့ လူကယ်ပြန်ဝန်ကြီးနဲ့မေးမြန်းခြင်း


ကချင်ပြည်နယ်တွင်း ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း တောတောင်ထဲ ထောင်ချီပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ ကယ်ထုတ်ရေး ကချင်ပြည်နယ်အစိုးရ အခက်တွေ့နေချိန်မှာ ပြည်ထောင်စုအစိုးရဘက်က သမ္မတရုံးနဲ့ တပ်မတော် ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။ နယ်မြေခံတပ်ရဲ့ ခွင့်ပြုချက်နဲ့ လတ်တလောမှာတော့ ပိတ်မိနေတဲ့ ကာမိုင်းဒေသထဲက ဒေသခံပြည်သူတစ်ရာကျော်ကိုတော့ စက်လှေတွေ၊ ကားတွေနဲ့ လတ်တလော ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်နေသေးတဲ့ ပိတ်မိပြည်သူတွေရဲ့ စာရင်းအတိအကျရနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဝန်ကြီးကပြောပါတယ်။ ကချင်ပြည်နယ်တွင်း တိမ်းရှောင်နေတဲ့ဒုက္ခသည်တွေဆီအထိ ကိုယ်တိုင်သွားရောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့လိုအပ်တဲ့ဟာတွေအကုန်ကို ညှိနှိုင်းတယ်။ ကျနော်တို့ရောက်တာနဲ့လူငယ်တွေကလည်း သူတို့ဆန္ဒတွေဖော်ထုတ်တယ်။ သပိတ်စခန်းလည်းလုပ်ထားတာလည်းတွေ့တယ်။ အဲဒီလူငယ်လေးတွေနဲ့ ကျနော်ခေါင်းဆောင်တွေကိုခေါ်ပြီးတော့ ဆွေးနွေးတယ်။ သူတို့ကလည်း ရှင်းရှင်းလေးပဲ တခုပဲ ပိတ်မိနေတဲ့လူတွေကိုကယ်ထုတ်ပေးဖို့ တခုပဲ တောင်းဆိုတာပါတဲ့။ ဒါဆိုရင်တော့သိပ်ကောင်းတယ် ကျနော်တို့လည်း ဒီအတွက်ကို ရည်ရွယ်ပြီးတော့လာတာပဲဆိုပြီးတော့ သူတို့နဲ့ ပြေလည်သွားတယ်ပေါ့နော် ။ နောက်တခုကလည်း ပြည်နယ်အစိုးရနဲ့ ။ ပြည်နယ်အစိုးရလည်း ဒါကိုသူတို့ကြိုးစားနေပါတယ် သူတို့နည်းသူတို့ဟန်နဲ့ ဒါကို ပြည်ထောင်စုအစိုးရက ဘာလုပ်ပေးရသလဲဆိုတော့ သမ္မတရုံးနဲ့ တပ်မတော်နဲ့ညှိနှိုင်းတာပေါ့နော် ဒါကို ကျနော်တို့ ဆောင်ရွက်ပေးရတယ်ခင်ဗျ။ အဲဒီတော့ ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါကျတော့ ဒီကိစ္စအဆင်ပြေသွားပါတယ်။

မဆုမွန်။ ။ ဒါဆို ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးတယောက်အနေနဲ့ ကချင်ပြည်နယ်အစိုးရနဲ့ နယ်မြေခံတပ်ကြား လတ်တလော အခက်အခဲဖြစ်နေတဲ့ ဝင်ပြီးတော့ ညှိနှိုင်းဖြေရှင်းပေးတဲ့အနေအထားပေါ့နော်။

ဒေါက်တာဝင်းမြတ်အေး။။ဟုတ်ကဲ့ အမှန်မှန်တော့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ပိုမှန်ပါတယ်။ ပူးပေါင်းလိုက်လို့သာ ရတာပေါ့နော်။

မဆုမွန်။ ။ အခု ဝန်ကြီးက ကချင်ပြည်နယ်ထဲက ပိတ်မိနေတဲ့ပြည်သူတွေကို ကိုယ်တိုင်သွားပြီးတော့လည်း တွေ့ခဲ့တယ် အဆင်ပြေအောင်လည်း ညှိနိုင်ခဲ့တယ်ဆိုတော့ အခု ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ နောက်ဆုံးအခြေအနေလေး ပြောပြပေးပါဦး။

ဒေါက်တာဝင်းမြတ်အေး။ ။နောက်ဆုံးကတော့ အခုလောလောဆည် အားလုံးစိတ်ပူနေတဲ့ နေရာပေါ့နော် မလုံခြုံဘူးလို့ယူဆပြီး အားလုံးစိတ်ပူနေတဲ့ ကားမိုင်း၊ မန်ဝေ ပေါ့ အဲဒီကလူတွေကိုတော့ ကယ်ထုတ်လို့ရပြီ ။ ဒီနေ့ မှာအကုန်လုံးဒီဘက်ကို ထွက်လာပြီပေါ့နော် ။ သူ့သဘောနဲ့ သူ ဘယ်လိုမှမဖြစ်ဘူး နေခဲ့ချင်ပါတယ်ဆိုတဲ့ ၅ ဦးပဲ ကျန်တာပေါ့နော်။ မနေ့တုန်းက ၆ ရက်နေ့ပေါ့ ကျနော်တို့ရောက်သွားတာက ၅ ရက်နေ့ပေါ့ မနေ့တုန်းက ၆ ရက်နေ့က စက်လှေ ၂ စီးနဲ့ ၂၃ ယောက် ၊ ဒီနေ့ ၇ ရက်နေ့မှာတော့ စောစောပိုင်းက စက်လှေ၂ စီးနဲ့ ၃၁ ယောက် နောက် ၄ ယောက်။ နောက်ပြီးတော့ လုံခြုံရေးတပ် ၄၂၄ တပ်ရင်းအကူအညီနဲ့ လမ်းလျောက်ထွက်လာပြီးတော့ ကားလမ်းပေါက်တဲ့နေရာကနေ ကားနဲ့ ရွေ့လိုက်တာက ၄၀ အားလုံးပေါင်း ၁၄၈ ယောက် ထွက်လာပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဒါဆိုရင် ပိတ်မိပြီး ကျန်နေခဲ့သေးတဲ့ ဒုက္ခသည်တွေအတွက်ကိုရော ဝန်ကြီးတို့ ဘယ်လိုများ ဆက်ပြီးတော့ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါလည်း စာရင်းအရ ကျနော်တို့ တပ်နဲ့လည်း ညှိနှိုင်းဆောင်ရွက်ထားတာတွေရှိတယ်။ ပြီးတော့လည်း ဒီကိစ္စကို ဆောင်ရွက်ဖို့ လုပ်နေပါတယ်ခင်ဗျ ။ ဒီနေ့ကတော့ ဒီဟာအထိပဲပေါ့နော် ။ နောက်ရက်မှာ တခြားကိစ္စတွေ ထပ်လုပ်ဖို့ရှိပါတယ်။

မဆုမွန်။ ။ ဆိုတော့ လတ်တလော ဒုက္ခသည်တွေ အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ ၊ စားဝတ်နေရေးနဲ့ စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးစောင့်ရှောက်မှုတွေ နဲ့ပတ်သက်လို့ လူကယ်ပြန်ဝန်ကြီးဌာနဘက်က ဘာတွေ ဆောင်ရွက်ပေးနေပါလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။တနေ့ကရယ်၊ မနေ့ကရယ် ကျနော်တို့ အပြည့်အစုံပေါ့နော် ဆန်၊ ဆီ အကုန် နောက်ပြီးတော့ ငွေကြေးထောက်ပံ့မှုတွေ လုပ်တယ် ဘာဖြစ်လို့လဲဆိုတော့ အသားငါး ဝယ်စားဖို့အတွက်ကို ငွေကြေးရော အပြည့်အ၀ ကျနော်တို့ ထောက်ပံ့ထားတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေလည်း ထောက်ပံ့တာတွေ ရှိတယ်။ ပြည်နယ်အစိုးရလည်း ထောက်ပံ့တာရှိတယ်ခင်ဗျ ။ ထောက်ပံ့မှုကတော့ အခုလက်တလောမှာ တော်တော်ကို လုံလောက်ပါတယ်။ ကျနော်တို့ကတော့ မြန်မြန်ကိုယ့်ဒေသကို ပြန်ဖို့ဆိုတာ ဒါကိုအဓိက ပြည်သူတွေကလည်း ဒါပဲတောင်းဆိုတယ်။ ဆိုတော့ ကျနော်တို့ အဲဒါကိုကြိုးစားမယ်။ နောက်တချက်ကတော့ အကယ်၍များ ခေတ္တနေရဦးမယ်ဆိုရင်လည်း အဓိကတော့ ကျောင်းပညာရေးပေါ့။ ဒါကိုလည်း ပြည်နယ်အစိုးရနဲ့ ပေါင်းပြီးတော့ စီမံပြီ ဒါကတော့ ကျောင်းသုံးပစ္စည်းတို့ ပညာရေးတို့ ဒါတွေကို အခမဲ့ဝေမယ့်အပြင်ကို အဲဒီပတ်ဝန်းကျင် အခုစခန်းနဲ့နီးတဲ့ ကျောင်းတွေမှာ တက်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားတာရှိတယ်။ ကျန်းမာရေးအတွက်ကိုလည်း အခုလက်ရှိ သင့်တော်တဲ့ ကျန်းမာရေးကုသမှုတွေ ရရှိအောင်လုပ်ခဲ့တယ်။ နောက်ပြီးတော့ ဆက်ပြီးတော့ ပြည်နယ် ကျန်းမာရေးဦးစီးတွေနဲ့ လည်းဆောင်ရွက်ခဲ့တယ်။

မဆုမွန်။ ။ အခု သွားကူနေတဲ့အဖွဲ့တချို့ကို လမ်းမှာ လက်နက်ကိုင်တချို့က ပစ်ခတ်တာမျိုး ရှိခဲ့တော့ လုံခြုံရေးအနေအထားကရော လတ်တေ လာ အဲ့ဒီ့ဒေသမှာ ဘယ်လိုများအနေအထား ရှိပါသလဲရှင့်။ ဝန်ကြီးက ကိုယ်တိုင်လည်း သွားခဲ့တာဆိုတော့ လုံခြုံရေးက စိုးရိမ်ရတုန်းအနေအထားပဲလားရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့အခုပြောသလိုပေါ့နော် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမှာပဲ ရှေ့ဆက်ပြီးတော့လည်းလေ ။ ကျနော်တို့ ညှိနှိုင်းရင်းနဲ့ ပြည်သူတွေ အန္တရာယ်ကင်းဖို့ ၊ နံပတ် ၁ ကတော့ အန္တရာယ်ကင်းဖို့ပေါ့နော် ၊ ပြည်သူတွေ အန္တရာယ်ကင်းဖို့နဲ့ စားဝတ်နေရေးပြေလည်ဖို့ ကျနော်တို့ကတော့ ဦးစားပေးပြီးတော့ ဆောင်ရွက်နေပါတယ်။

မဆုမွန်။ ။ အခုကတော့ ဒုက္ခသည်က တစ်ရာကျော်နီးပါးလောက် ဝန်ကြီးတို့ ကယ်ထုတ်လာနိုင်ပြီးပြီဆိုတော့-တချို့ အဆက်အသွယ်ပြတ်နေသေးတဲ့ တောတောင်ထဲ ပိတ်မိနေသေးတဲ့ ကျန်နေကြသေးတဲ့ ပြည်သူတွေ ဒေသခံတွေအတွက်ကိုရော ဆက်ပြီး ကယ်ထုတ်ပေးနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေ လုပ်ထားပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါနဲ့ပတ်သက်ပြီးတော့ အစီအစဉ်ရှိတယ် အဲဒါဘာလဲဆိုတော့ အဓိကတော့ ပြည်နယ်အစိုးရနဲ့ အခုဆက်ပြီးတော့ ဆောင်ရွက်နေတယ်၊ ညှိနှိုင်းတယ်။ တကယ်စာရင်းဇယား ရရှိဖို့ပေါ့နော်။ တကယ်ပဲ ဘယ်မှာ ဘယ်လိုဖြစ်နေတယ် သတင်းစကားတွေ ရရှိဖို့ပေါ့နော် ။ ဒါတွေလည်းသူတို့ကြိုးစားဆောင်ရွက်နေတယ်။ အဲလိုရပြီဆိုရင် ကယ်တင်ဆောင်ရွက်နိုင်ဖို့ကတော့ ခုနပြောတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်တာပဲ။ လူကယ်ပြန်ကလည်း ပါမယ် ၊ အခုပြည်ထောင်စုအစိုးရကလည်း ဒီလိုညှိနှိုင်းတာတွေလုပ်ပေးတယ် အပေါ်ကနေပြီးတော့။ နောက်တခုကလည်း ပြည်နယ်မှာရှိတဲ့ ဌာနပေါင်းစုံပေါ့ ပူးပေါင်းပါဝင်ကြတယ် ကြက်ခြေနီတွေ ဌာနပေါင်းစုံအကုန်ပူးပေါင်းဆောင်ရွက်ကြတယ်။ အဲလိုနည်းနဲ့ပဲကျနော်တို့ ဆက်လုပ်သွားမယ်။"

ဒါကတော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ကချင်ပြည်နယ် နယ်ခံတပ်နဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေ ကူညီကယ်ဆယ်ပေးနေတဲ့သူတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့တဲ့ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG