သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းဒုက္ခသည်တွေအရေး ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ ဆွေးနွေး


 ပြည်ပရောက် ကချင်တိုင်းရင်းသားများ (World Kachin Congress) ကွန်ယက် (Kachin Alliance)
 ပြည်ပရောက် ကချင်တိုင်းရင်းသားများ (World Kachin Congress) ကွန်ယက် (Kachin Alliance)

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ တနေ့တခြားတိုးလာနေတာမို့ ပြည်ပရောက်နေတဲ့ ကချင်တိုင်းရင်းသားတွေ ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ကချင်တိုင်းရင်းသားများ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို သောကြာနဲ့ စနေနေ့ကကျင်းပခဲ့ပြီး ပြည်ပရောက် ကချင်တိုင်းရင်းသားများ (World Kachin Congress) ကွန်ယက် ကို ဖွဲ့စည်းခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

(၇)နှစ် ကြာလာတဲ့ ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်မှာ အနာဂတ်ပျောက်နေတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေရဲ့ အခြေအနေ၊ ကလေးတွေရဲ့ ပညာရေး ဆုံးရှုံးနစ်နာမှုတွေကို အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း စတဲ့ နိုင်ငံပေါင်း ၂၀ နီးပါးမှာ ရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ဒီညီလာခံမှာ အဓိကဆေးနွေးခဲ့ကြောင်း ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က ဗွီအိုအေကို ပြောပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်တွေအခြေအနေဟာ တနေ့တခြားပိုပြီး ဆိုးလာတဲ့အတွက် ပြည်ပရောက် ကချင်တွေအနေနဲ့ အတော်လေး စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း Gum San ကဆိုပါတယ်။

"အရင်တုန်းက နိုင်ငံအသီးသီးက ကိုယ်တတ်နိုင်သရွေ့ပါဝင်တာတွေများတယ်။ ဒါပေမယ့် အခုကတော့ နိုင်ငံအားလုံးခြုံလိုက်တော့ တကယ့် ပကတိအခြေအနေ ကောင်းကောင်းမွန်မွန်သုံးသပ်ပြီးမှပဲ တကယ့်လိုနေတဲ့နေရာတွေ ကဏ္ဍတွေမှာပါဝင်ဖို့ ကျနော်တို့ လုပ်ကြတာပေါ့။ ဥပမာ- ဒီဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ (၇)နှစ်တောင်ရှိလာတဲ့ ပဋိပက္ခပြည်တွင်းစစ်ဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီးမှ အင်မတန်ဒုက္ခရောက်တာပေါ့နော်။ သူငယ်တန်းတက်တဲ့ကျောင်းသားက အခု ၇ တန်းရောက်ပြီ ပညာရေးကိုကောင်းကောင်းမသင်ရဘူး။ ဒီဒုက္ခတွေကို ကျနော်တို့ ဘယ်လိုပါဝင်ကူညီမလဲဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။"

ကချင်ပြည်နယ်က ဒုက္ခသည်တွေအခြေအနေဟာ တနေ့တခြားပိုပြီး ဆိုးလာတဲ့အတွက် ပြည်ပရောက် ကချင်တွေအနေနဲ့ အတော်လေး စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း Gum San ကဆိုပါတယ်။

"အရင်တုန်းနဲ့မတူတာက ဒီနောက်ပိုင်းဖြစ်လာတဲ့ ပဋိပက္ခမှာက ရွာသားတွေကို လူသားဒိုင်းပမာ သုံးတာတဲ့ဟာတွေ ၊ဓါးစာခံလိုမျိုးသုံးတာတွေက ကျနော်တို့တွေ့နေရတယ်။ နောက်တခုကတော့ ထွက်ပြေးတိမ်းရှောင်သူတွေကို IDP Camp ဆိုပြီးမှ ဆောက်ခွင့်ပိတ်ပင်တာတို့ ၊ နောက်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ထွက်ပြေးခွင့်မပေးတာတို့က အခုက အရင်တုန်းကလိုမျိုးမရှိခဲ့တာတွေပါ။ အင်ဂျားယန်၊ တနိုင်း၊ ဖားကန့်တို့ဘက်မှာ ဖြစ်နေတဲ့ဟာတွေကို ပြောတာပါ။"

ကချင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ တစထက်တစ အရှိန်မြင့်တက်လာနေပြီး ကချင်ပြည်နယ်ထဲမှာ တင် အရပ်သားတသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အခြေအနေကို စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း အသီးသီးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်ပဋိပက္ခ ကို နိုင်ငံတကာပိုမိုသိရှိပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်အောင် ပိုမိုဖိအားပေးနိုင်ဖို့ အပြင် ကချင်တိုင်းရင်းသားတွေ အနာဂတ်တိုးတက်ဖို့ ပြည်ပရောက်ကချင်တိုင်းရင်းသားတွေ တစုတစည်းတည်းဆောင်ရွက်နိုင်ဖို့ World Kachin Congress( ခေါ်) ပြည်ပရောက် ကချင်တိုင်းရင်းသားများ ကွန်ဂရက် ကွန်ယက် ကိုလည်း ညီလာခံမှာ ဖွဲ့စည်းခဲ့ကြောင်း Gum San ကပြောပါတယ်။

"အကြီးဆုံးရလဒ်က နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ကချင်တိုင်းရင်းသားတွေ ကိုယ်ရှိတဲ့နိုင်ငံတွေမှာ အစိုးရအသီးသီးကို သတင်းအမှန်တွေဘယ်လိုဖြန့်ပေးမလဲ ၊ ဘယ်လိုဆက်သွယ်ပေးမလဲဆိုတဲ့ ကွန်ယက်တခုကို World Kachin Congress ဆိုတဲ့ ကွန်ယက်ကို ကျနော်တို့တည်ထောင်နိုင်တယ်။ နောက်တခုကတော့ ကျနော်တို့နဲ့ ရှေ့ဆက်ပြီးမှ ပြုလုပ်မယ့်အလုပ်တွေအားလုံးက အကုန်လုံးအတူတကွ ပူးပေါင်းပြီးမှ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှုကို ကျနော်တို့ရတယ်။ နောက်တခုက တိုင်းရင်းသားတွေ တိုးတက်ဖွံ့ဖြိုးလာဖို့က ပြည်ပရောက်တွေက ပါဝင်ပြီးမှ ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချလို့ရခဲ့ပါတယ်။"

အခု ကွန်ယက်အဖွဲ့ဟာ ပထမဆုံးအကြိမ် ပြည်ပရောက်ကချင်တိုင်းရင်းသားတွေ တညီတညွတ်တည်း ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၂၀ နီးပါးက ကချင်ပေါင်း ၁၀၀ ကျော်ပါဝင်တယ်လို့လည်း Gum San ကဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာ မေလ ၁၈- ၁၉ အထိ နှစ်ရက်တာကျင်းပတဲ့ ပြည်ပရောက်ကချင်တိုင်းရင်းသားများ ညီလာခံကို ကချင်မဟာမိတ်အဖွဲ့နဲ့ ကနေဒါ ကချင်အဖွဲ့အစည်းက ပူးပေါင်းပြီး ကမကထပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG