သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းဒေသ စစ်ပြေးဒုက္ခသည် ၃၀၀၀ နီးပါး ပိတ်မိနေ


တနိုင်ဒေသ စစ်ပြေးဒုက္ခသည်များ (Father Vincent Zinwa)
တနိုင်ဒေသ စစ်ပြေးဒုက္ခသည်များ (Father Vincent Zinwa)

ကချင်ပြည်နယ် တနိုင်းမြို့နယ်က တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အရပ်သားတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာကို ရောက်ရှိလာခဲ့ကြပေမယ့်၊ မြန်မာစစ်တပ်ဖက်က လက်မခံပဲ သူတို့ကို မူလနေရာကို ပြန်ခိုင်းနေပါတယ်။ ဒါကြောင့် စစ်ပြေးဒုက္ခသည် သုံးထောင်လောက်ဟာ ပဋိပက္ခဖြစ်တဲ့နှစ်ဖက်ကြားမှာ ပိတ်မိနေပြီး၊ ဘယ်သွား ဘယ်လာရမှန်းမသိ အခြေအနေဆိုးဆိုးဝါးဝါးရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ သူတို့အများစုဟာ အဲဒီဒေသမှာ သွားပြီး အလုပ်လုပ်ကြတဲ့ ပြည်မဖက်က အလုပ်သမားတွေဖြစ်တာမို့၊ KIA ဖက်ကလည်း သူတို့ကို ပြန်လက်ခံလိုတဲ့သဘောမရှိပါဘူး။ အခြေအနေအသေးစိတ်ကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။

တနိုင်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက် ပယင်းမှော်နဲ့ ရွှေမှော်တွေမှာ အလုပ်လုပ်ကိုင်နေသူ ၃၀၀၀ကျော်ဟာ နှစ်ဖက် တိုက်ပွဲအကြားမှာ ပိတ်မိနေရာက မနေ့ညနေပိုင်းမှာတော့ အစိုးရတပ်မတော်ထိန်းချုပ်ရာနေရာကို ရောက်ရှိလာကြပါတယ်။

လတ်တလော တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့သူတွေရဲ့အခြေအနေကို လက်ရှိ တိမ်းရှောင်လာတဲ့ ဦးဆေးယုံက အခုလို ပြောပါတယ်။

“ ဒီတိုင်းကားလမ်းပေါ်ပဲ အိပ်နေရပါတယ်ခင်ဗျ။ အားလုံးက ၃၄၀၀ကျော်တယ်ဗျ။ အခုလမ်းမှာဆို ရေလည်း ပြတ်လပ်နေတယ်။ စားဝတ်နေရေးလည်းပြတ်လပ်နေတယ်။ အခက်အခဲတော်တော်ကြုံနေရတယ်။”

စစ်ရှောင်တွေဟာ တနိုင်းမြို့နယ်အတွင်းက ရွှေမှော်၊ပယင်းမှော်တွေမှာ မြန်မာပြည်နေရာဒေသအသီးသီးက လာရောက်အလုပ်လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။

စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကိုဆိုင်းခွန်ကတော့ စစ်ရှောင်ဒုက္ခသည်တွေကို တပ်မတော်က ထိန်းသိမ်းထားပြီး တနိုင်းမြိုကို ပို့ဆောင်ဖို့ လုပ်နေကြောင်း ပြောပါတယ်။

“ အခုနောက်ဆုံးပြောတာက စစ်တပ်ကနေ တာဝန်ယူပြီးမှ ကယ်ထုတ်မယ်ပေါ့။ တနိုင်းဘုန်းကြီးကျောင်းကို ပို့ပေးမယ်တဲ့ အဲဒီကမှ ကိုယ့်ဌာနေကို စနစ်တကျ ပြန်ခွင့်ပေးမယ်လို့ပြောလိုက်တာ။ ”

လက်ရှိ စစ်ရှောင်တွေ ရောက်ရှိနေတဲ့နေရာဟာ စစ်တပ်က သိမ်းယူထားတဲ့ စမတ်ခေါ် KIA စခန်းဖြစ်ပြီး အဲဒီနေရာကနေ တနိုင်းချောင်း၊ တနိုင်းချောင်းကမှ တဆင့် စက်လှေနဲ့ တနိုင်းမြို့ကို သွားရမှာဖြစ်ပါတယ်။

တိမ်းရှောင်လာသူတွေထဲမှာ အနည်းဆုံး ၃ဦးမိုင်းထိပြီး တဦးသေဆုံးခဲ့ကြောင်းနဲ့ မိုင်းထိသူတွေကို တပ်မတော်က ဆေးကုပေးနေကြောင်းလည်း ကိုဆိုင်းခွန်က ပြောပါတယ်။

“မနေ့ကတော့ မိုင်းထိတဲ့လူ ၂ယောက်။ ၂ယောက်ထဲက တယောက်ကတော့ ဆုံးပြီ၊ ဒီနေ့ လမ်းဘေးမှာပဲ သင်္ဂြ ိုလ် လိုက်တယ်။ တယောက်တော့ သူတို့ ခေါ်ပြီးမှ ဆေးကုပေးနေတယ်။ နောက် ဒီမနက်ပိုင်းမှာ နောက်ထပ် မိုင်းတလုံးထိတယ်။ သူ့ကိုလည်း စစ်တပ်က ဆေးတွေ ဘာတွေ ကုပေးတယ်။ ”

ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ တပ်မတော်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတယောက်သေဆုံးပြီး အသက် ၂နှစ်အရွယ် ကလေး တဦးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Kachin Alliance အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

တပ်မတော်ကတော့ KIA အဖွဲ့က ရွှေနဲ့ပယင်း စတဲ့ သယံဇာတတွေနဲ့ အဖိုးတန်သစ်တွေကို တရားမဝင် ထုတ်လုပ်နေတာကြောင့် တနိုင်းဒေသအတွင်းကို ဇန်နဝါရီလ ၂ရက်နေ့ကစတင်ပြီးနယ်မြေရှင်းလင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒီလိုဆောင်ရွက်စဉ်မှာ ထိတွေ့မှု ၁၀ကြိမ်၊ မိုင်းပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့သလို နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ဖားကန့်နဲ့ မန်စီမြို့နယ်ဖက်တွေမှာလည်း အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အခု နောက်ဆုံးရတဲ့သတင်းအရတော့ အမျိုးသမီးနဲ့ အသက်၅၀ကျော်အရွယ် လူ ၇၀၀ ကျော်ကို တပ်မတော်က တနိုင်းကို ပြန်ပို့ဖို့ ခေါ်သွားသလို၊ ကျန်နေတဲ့သူတွေကိုလည်း ညနေ ၄ နာရီကျော်မှာ လုံခြုံရေးစိတ်မချလို့ဆိုပြီး နောက်ကြောင်းပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။ စစ်တပ်ကလည်း လက်မခံ၊ KIA ဖက်ကလည်းသူတို့နယ်ထဲ ပြန်အဝင်မခံဖြစ်ပြီး ဒုက္ခသည်တွေဟာ နှစ်ဖက်အကြား ဘယ်သွားရမှန်းမသိ အခြေအနေပိုဆိုးလာနေတယ်လို့ ဒေသခံ ကူညီရေးသမားတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေမှာ သူတို့အရင်ညက အိပ်ခဲ့ရတဲ့လမ်းမပေါ်တွေကို ပြန်ဖို့ ပြင်ဆင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG