သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပြေးဒုက္ခသည်များ ကူညီရေးအခက်ကြုံ


အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တပ်တို့ကြား ဆက်ပြီးတော့ အပြင်းအထန်တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် တနိုင်း ၊ ဆွမ်ပရာဘွမ် စတဲ့ဒေသတွေမှ ပိတ်မိနေဆဲ အရပ်သားတွေ ကယ်ထုတ်ဖို့နဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက အကူအညီလိုအပ်နေသူတွေအတွက် လုံခြုံရေး အခြေအနေအရ သွားလို့ရတဲ့နေရာတွေအထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက် ကူညီပေးနေကြပါတယ်လို့လည်း လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။ စစ်ပြေး ဒုက္ခသည်တွေ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လို စီစဉ် ဆောင်ရွက် ပေးနေကြပါသလဲဆိုတာကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်ပြည်နယ်ထဲ အထူးသဖြင့်ကတော့ ကချင်ပြည်နယ် တနိုင်း၊ မန်စီ နဲ့ ဆွမ်ပရာဘွမ်ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ကစလို့ ဒီကနေ့အထိ အပြင်းထန် တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။ အစိုးရစစ်တပ်ဘက်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လက်နက်ကိုင်တပ် KIA တပ်စခန်းရှိတဲ့နေရာတွေကို လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အနည်းဆုံး အရပ်သားနှစ်ဦးသေဆုံးပြီး ဒေသခံပြည်သူ လေးဦးထက်မနည်း အပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ထောင်ချီတဲ့ ဒေသခံပြည်သူတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရသလိုရွှေမှော်ဟောင်းနဲ့ ပယင်းမှော်ထဲတဝိုက်မှာလည်း လူသုံးထောင်လောက် ပိတ်မိနေကြတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။


အသက်ဘေးလုပြီးတော့ တိမ်းရှောင်နေရဆဲဒုက္ခသည်တွေဆီ သွားရောက်ကူညီကယ်ထုတ်ဖို့နဲ့ လိုအပ်တဲ့အကူညီတွေပေးဖို့ အတော်လေး အခက်တွေ့နေတယ်လို့ - ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ကူညီပေးနိုင်ရေး ဒေသအခြေစိုက်လူမှုအဖွဲ့အစည်း (ကိုးဖွဲ့ )စုဖွဲ့ထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ် Joint Strategy Team အဖွဲ့ကလည်း အရေးပေါ်ကြေညာချက် ဒီကနေ့ ထုတ်ပြန်ပါတယ်။ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng က VOA ကို ကချင်စစ်ဘေးဒဏ်ခံနေရတဲ့ဒုက္ခသည်အခြေအနေ အခုလိုပြောပါတယ်။

“အခုတနိုင်းဘက်မှာ လွန်ခဲ့တဲ့ ၃-၄ရက်က တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်လာတယ်။ လက်နက်ကြီးရယ် ပြီးရင် လေယာဉ်နဲ့အပါ ဗုံးကြဲ တဲ့ကိစ္စတွေဖြစ်တော့ ဗုံးဆံကြောင့် အရပ်သား အသက်သေဆုံးတဲ့ အနေအထားအထိရှိခဲ့တယ်။ အခုဒီ တနိုင်းဒေသမှာ ကျတော့ တခြားဘက်ကနေ အလုပ်လာလုပ်တဲ့သူတွေလည်း များတာပေါ့နော် အဲဒီလူတွေဆိုရင် အဲဒီအထဲမှာ ပိတ်မိနေတဲ့အနေအထားရှိတော့ သူတို့အနေနဲ့ ဦးတည်ရာမဲ့ ပြေးလွှားနေတဲ့အနေအထားမှာရှိတာဖြစ်ပါတယ်။ မနေ့ညက အနေအထားမှာ လိုင်ဇာဘက်မှာပေါ့နော် ဝိုင်ကြိုင် IDP camp နဲ့ မလှမ်းမကမ်း မုံလှိုင်ခက်ဘက်မှာပေါ့နော် အမြောက်ဆံတွေ မနေ့ညက တောက်လျောက်ကျတော့ အဲဒီမှာ ရှိတဲ့ အရပ်သားနဲ့ IDP တွေတော်တော်လေး ထိန့်လန့်တုန်လှုပ်နေတဲ့အနေအထားပေါ့နော် တော်တော်လေး စိုးရိမ်နေတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။”

တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းတွေပိတ်ထားလို့ ဒုက္ခသည်တွေဆီ အရောက်သွားကူပေးဖို့အတွက် အတော်လေး အခက်အခဲတွေကြုံနေရလို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေဘက်က ကချင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရဆီက အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း U Gum Sha Awngက ပြောပါတယ်။

“နေရာ ၃-၄ နေရာ ဖြစ်နေတာပေါ့နော် အထူးသဖြင့် ဆွမ်ပရာဘွမ်နဲ့ တနိုင်း တကယ့် ပဋိပက္ခဖြစ်တဲ့ဧရိယာမှာဆိုရင် ကျနော်တို့ လက်ရှိ အကူအညီပေးတဲ့ ဒေသခံအဖွဲ့အစည်းကအစ ကျနော်တို့ သွားရောက်ပြီးမှ ကူညီနိုင်ဖို့ရန်အတွက် တော်တော်လေး စိန်ခေါ်မှုတွေရှိတာဖြစ်ပါတယ်။ သူတို့အတွက် အရေးပေါ်လိုနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ပေးနိုင်ဖို့ဆိုရင်တော့ သက်ဆိုင်ရာအစိုးရပေါ့နော် ပြည်နယ်၊ ဗဟိုအစိုးရကအစ လွှတ်တော် ကအစ ဝိုင်းဝန်းပြီးမှ အတတ်နိုင်ဆုံး ဒီဟာကို အမြန်ဆုံးလုပ်ဖို့လိုတာဖြစ်ပါတယ်။ ဒီဟာက လူသားချင်းစာနာထောက်ထားမှု အရေးဖြစ်တဲ့အတွက်ကြောင့် ဒီအကူအညီပေးတဲ့ကိစ္စတွေ ချောမွေ့ပြီး အမြန်ရောက်ရှိနိုင်အောင် ကူညီနိုင်ဖို့အတွက်လည်း အင်မတန်အရေးကြီးတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ အများကြီးတာဝန်ရှိတာဖြစ်ပါတယ်။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတော့ လူကယ်ပြန် ဝန်ကြီးဌာနအနေနဲ့ စစ်ဖြစ်ပွားနေတဲ့နေရာတွေ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတဲ့ပြည်သူတွေဆီကို လုံခြုံရေးအရ သွားလို့ရတဲ့နေရာတွေအထိ ဒေသအခြေစိုက်ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေ အရောက်သွားပြီး ကူညီပေးနိုင်အောင် စီစဉ်ထားတယ်လို့ VOA ကို ပြောပါတယ်။

“အစိုးရအုပ်ချုပ်မှုအောက်က မရှိတဲ့နယ်မြေဆိုပြီးတော့ ရှိသေးတာကို အဲဒီနယ်မြေတွေမှာလည်း ကျနော်တို့က ထောက်ပံ့ချင်တာပေါ့နော် ဒါပေမယ့် ခက်ခဲတာပေါ့နော် ထောက်ပံ့တာတွေပို့တော့လေ များသောအားဖြင့် အမြန်ကူညီတယ် ကျနော်တို့ကတော့ ။ ဒါကလည်း ချက်ချင်းဆောင်ရွက်ပေးရမယ်ဆိုတဲ့ကိစ္စတွေကြောင့် ဖြစ်တဲ့နည်းနဲ့ ကျနော်တို့သွားတယ်။ တခါတလေ သွားရခက်တဲ့နေရာကျရင် သက်ဆိုင်ရာလုံခြုံရေးနဲ့ ပတ်သက်တဲ့လူတွေကို အကူအညီတောင်းတယ်၊ ပေးတယ်ပေါ့နော်။ တခါတလေအဲလိုမျိုး ပို့ဆောင်ရတဲ့နေရာမှာ မသေချာဘူးဆိုရင် ခဏစောင့်လိုက်တယ်။ သေချာတယ်ဆိုရင် ကျနော်တို့ ထောက်ပံ့တာတွေလုပ်တယ်။

အခုလိုတိုက်ပွဲတွေ အပြင်းထန် ဖြစ်နေတဲ့အပေါ် ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးပေါ် ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေနဲ့ဒေသခံတွေက တောင်းဆိုကြောင်း Joint Strategy Team အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng ကပြောပါတယ်။

“အခုဒီလို ပဋိပက္ခဖြစ်လာပြီဆိုရင် အရေးအကြီးဆုံးတော့ ဒီပစ်ခတ်တိုက်ခိုက်နေတဲ့ ကိစ္စတွေ အမြန်ချုပ်ငြိမ်းဖို့လိုတာပေါ့နော်။ လက်တွေ့ဖြစ်နေတဲ့တပ်မတော် နဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ် ဒီဟာကို အမြန်ဆုံး ဒီပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းဖို့ရယ် အကယ်၍ မလွဲမရှောင်သာ တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ဒီအရပ်သားပြည်သူလူထုတွေကို အကာအကွယ်ပေးဖို့ သူူတို့ကို ထိခိုက်စေမယ့်ဟာ၊ သူတို့လုံခြုံရေးဟာ နံပတ်၁ ဖြစ်တဲ့အတွက်ကြောင့် အထူးဂရုစိုက်ပြီးမှ လေးစားလိုက်နာပြီး ကာကွယ်ပေးဖို့ ပေါ့နော် တနိုင်းဧရိယာမှာသော်လည်းကောင်း ဒီ ဆွမ်ပရာဘွမ်ဧရိယာမှာ ရှိတဲ့လူထုအတွက်သော်လည်းကောင်း ကျနော်တို့ တော်တော်လေး စိုးရိမ်ပူပန်တာဖြစ်ပါတယ်။”

အခုလို ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေမှာ ပြည်သူတွေဆီတဲ့နေရာတွေအထိ လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပေးဖို့ NLD အစိုးရကို တောင်းဆိုကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပစ်ခတ်မှုကို အမိန့်ပေးသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေ နစ်နာမှုတွေအတွက် ဆောင်ရွက်ပေးဖို့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG