သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIAစစ်သားများ
ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIAစစ်သားများ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးစတင်ဖို့ နီးကပ်လာချိန်မှာ ကချင် ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA ရဲ့ တပ်စခန်း ၂၀ကျော်ကို အစိုးရတပ်မတော်က သိမ်းယူခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဟာ နှစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဒီနှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ် တနိုင်းနဲ့ မံစီမြို့နယ်တွေအတွင်းမှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာထောက်ကူရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

"ဒီရက်ပိုင်းက တနိုင်းမြို့နယ် မှာရှိတဲ့ ကောင်ရာ ရွာတောင်ဘက်အခြမ်းပေါ့ ပယင်းမှော်၊ ရွှေမှော် အဲဒီဒေသတွေမှာ ၂ ပတ်လောက်ရှိပြီ။ မံဝိန်းဘက်ကတော့ တိုက်နေတုန်းပဲ နားလိုက်တိုက်လိုက်နဲ့ အဲလိုပဲ။"

အစိုးရတပ်မတော်ဖက်ကတော့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီး- ကိုက်ထိပ်ဒေသအတွင်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၇ရက်နေ့ကနေ ဒီနှစ်ဇန်နဝါရီလ ၃ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ KIA စခန်းငယ် ၁၈ခုနဲ့ အဓိက စခန်း ၄ခုကို သိမ်းပိုက်ရမိကြောင်း၊ အဖိုးတန်သံယံဇာတနဲ့ သစ်တွေကို တဖက်နိုင်ငံကို တရားမဝင် ထုတ်ယူတဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်လိုက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဦးဒေါင်ခါးကတော့ ဒီသတင်းထုတ်ပြန်ချက်ဟာ အစိုးရက ထုတ်ပြန်တာမဟုတ်တာကြောင့် ပြန်လည် တုံ့ပြန်ဖို့ မရှိကြောင်း ပြောပါတယ်။

KIO/KIA အဖွဲ့ဟာ အရင် စစ်အစိုးရနဲ့ ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ် ဦးသိန်းစိန်ဦးဆောင်တဲ အစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အစိုးရ၊ တပ်မတော်နဲ့ KIO အကြားဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ အခုအချိန်ထိတော့ မအောင်မြင်သေးပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဦးဒေါင်ခါးက သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

"အခုဒီ ၆ နှစ်ကျော် - ၇ နှစ်ကာလအထိ ကြိုးပမ်းခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးရေး စသဖြင့်အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် အစိုးရအနေနဲ့လည်း တစုံတရာ အရေးယူပြောဆိုမှုတွေ လုပ်သင့်တယ်၊ လွှတ်တော်ထဲမှာလည်း ထိုနည်းလည်းကောင်းပဲ ဆွေးနွေးမှုတွေလုပ်သင့်တယ်။ တပ်မတော်အနေနဲ့လည်း ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ဆွေးနွေးရေးလမ်းကြောင်းကို ရှာသင့်တယ်။ နိုင်ငံတကာအနေနဲ့လည်း လမ်းကြောင်းမှန်ရောက်အောင် ဝိုင်းဝန်းထိန်းကျောင်းပေးသင့်တယ်လို့ အခုက ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရကိုပဲ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အချိန် ၁ ခုယူရမယ်ဆိုတဲ့ နားလည်မှု ပေးသယောင်ယောင်နဲ့ မှေးပြီးလိုက်နေတာမကောင်းဘူးလို့ ယူဆတယ်ပေါ့။"

လက်ရှိဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ဆောင်ရွက်နေကြောင်း ပြောဆိုတာရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း တပ်မတော်က သူတို့ နယ်မြေအတွင်း ထိုးစစ်ဆင်နေကြောင်း ပြောဆိုတာတွေ ရှိနေပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အခုလို သုံးသပ်ပါတယ်။

"အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရော အားလုံးစိတ်ထဲမှ တကယ်ပဲ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိရင် တဖက်နဲ့ တဖက် ညှိနှိုင်းတဲ့အခါမှာ အလျော့အတင်းလုပ်ပြီးတော့မှ ယုံကြည်မှု ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့မြင်တယ်။ အဲဒီလို ငြိမ်းချမ်းရေးသွားနေတဲ့အချိန်မှာ အခုလို တိုက်ပွဲဖြစ်တာကတော့ နည်းနည်းလျော့ချဖို့တော့ ကောင်းတယ်။ ဒီစစ်ရှိန်ကို လျော့ချပြီးတော့မှ ဖြေးဖြေးချင်းယုံကြည်မှုတည်ဆောက်သွားမယ်ဆိုရင် ဒါကတော့ ဖြစ်နိုင်ခြေရှိတယ်။"

အစိုးရနဲ့ KIO အကြားမှာ ၂၀၁၃ အောက်တိုဘာလက တိုက်ပွဲအရှိန်လျော့ချဖို့ သဘောတူညီခဲ့သလို ပဋိက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး နှစ်ဖက်အကြား ညှိနှိုင်းခဲ့ပါတယ်။ ၂၀၁၄ခုနှစ် နိုဝင်ဘာလက KIO ဌာနချုပ် လိုင်ဇာက ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ပဋိက္ခညှိနှိုင်းရေးအဖွဲ့လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အခုအခါ KIO အဖွဲ့ဟာ တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်ဖွဲ့စည်းထားတဲ့ FPNCC ခေါ် နိုင်ငံရေးဆွေးနွေးရေးကော်မတီမှာ ပါဝင်ထားပြီး အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ပြင်ပကနေ ငြိမ်းချမ်းရေးဆွေးနွေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရ နဲ့ တပ်မတော် ဖက်ကတော့ FPNCC နဲ့ တွေ့ဆုံဖို့ကို ငြင်းဆိုထားကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ရပ်တန့် နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG