သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းမြို့တဝိုက် မြန်မာစစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်


ကချင်ပြည်နယ် တနိုင်းမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ တွေ့ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ (June, 2017)
ကချင်ပြည်နယ် တနိုင်းမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ တွေ့ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ (June, 2017)

ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်မှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တပ်မတော်နဲ့ KIA ကချင်တပ်တွေကြား ဒီကနေ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။ တနိုင်းဒေသ စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ထိခိုက်စေလိမ့်မယ်လို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ တနိုင်းမြို့မှာ KIA ကချင်လွတ်လပ်ရေးတပ် တွေနဲ့ အစိုးရတပ်တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်လာရာက လေကြောင်းကနေ ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာ တယ်လို့ KIA တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက VOA ကိုပြောပါတယ်။

“ အဲ .. တနိုင်းဘက်မှာ ဆက်တိုက်ဆက်တိုက်လို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မနေ့ကလည်း Jet Fighter နဲ့ လာပစ်တဲ့အထိ တိုက်ပွဲတွေ အရှိန်မြင့်နေပါတယ်။ နောက် လက်နက်ကြီးနဲ့လည်း ပစ်တယ်။ မြေပြင်တိုက်ပွဲတွေလည်း ထိုးစစ် ဆင်လာတယ်ဆိုတော့ အတော်များများ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပါတယ်။ (အစိုးရတပ်ရဲ့) ဒကစ လက်အောက်ခံတပ်တွေ အခြားအပြင်က ဧည့်သည်တပ်တွေလည်း လာတယ်ဆိုတော့ အင်အား ၅၀၀ နဲ့ ၆၀၀ ကြားတော့ ရှိလောက်တယ်။”

ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်မှာသာမက ရှမ်းပြည်မြောက်ပိုင်း မန်စီမြို့နယ်ဘက်မှာပါ ဒီရက်ပိုင်းထဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ နှစ်ဘက် တိုက်ပွဲအတွင်း အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။ အခုလို တိုက်ပွဲဖြစ်ရတာဟာ အစိုးရတပ်က KIO/KIA ရဲ့နယ်မြေနဲ့ စီးပွားရေးတွေကို ထိန်းချုပ်လိုတဲ့ သဘောလို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

“ အခုလို ပွင့်လင်းရာသီ ရောက်လာတဲ့အခါကျတော့ KIO ရဲ့စီးပွားရေးတွေကို ထိန်းချုပ်လိုတဲ့ သဘောနဲ့ ဒီလိုစစ်ဆင်ရေးတွေ လုပ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒုတိယအချက်ကတော့ အရေးကြီးတဲ့ နေရာတွေမှာ သူတို့က နယ်မြေတွေအုပ်စိုးချင်လို့ နယ်မြေစိုးမိုးရေး လုပ်ချင်လို့ အခုလိုမျိုး စစ်ဆင်ရေးတွေ ဆင်နွှဲလာတယ်လို့ သုံးသပ်မိပါတယ်။”

တနိုင်းဒေသ တိုက်ပွဲတွေက ငြိမ်းချမ်းရေးကို ထိခိုက်စေမှာဖြစ်သလို၊ စစ်ဘေးရှောင် ဒေသခံဒုက္ခသည်တွေရဲ့ အနာဂတ် မရေမရာ ဖြစ်နေရ တယ်လို့ NLD ပါတီ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။

“ တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ အကုန်လုံး ဒုက္ခရောက်ကုန် တာပေါ့ဗျာ။ စားဝတ်နေရေး သွားရေးလာရေးကအစ နောက်ပြီး အသက်အိုးအိမ် စည်းစိမ်တွေကအစပေါ့။ ဒီလို အနေအထားနဲ့ဆိုရင်တော့ ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာမှာပေါ့။ အဲလို တိုက်ပွဲပြင်းထန်လာရင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရော ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေရော အကုန်လုံးက ဆုတ်ယုတ်သွားမယ့် အနေအထား ရှိမှာပေါ့ဗျာ။”

ကချင်ပြည်နယ်မှာ အထူးသဖြင့် ရွှေနဲ့ ပယင်းထွက်တယ်ဆိုတဲ့ တနိုင်းမြို့တဝိုက်မှာ မြန်မာ့တပ်မတော်က စစ်အင်အား တိုးချလာတာကြောင့် ရှေ့ဆက် တိုက်ပွဲတွေ ပိုများလာနိုင်တယ်လို့ KIO/KIA ကသုံးသပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ပြန်ကြည့်မယ်ဆိုရင်တော့ စစ်အင်အားနဲ့ အခုလိုမျိုး ဖိအားပေးတာမျိုးဆိုရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတွေ၊ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆိုတာကတော့ အဖြေကောင်းလည်း ထွက်လာမယ်လို့ မထင်ပါဘူး။”

UWSA ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ FPNCC ထဲမှာ KIO လည်းပါဝင်ပြီး FPNCC နဲ့ အစိုးရကြား အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ဖို့ တရုတ်သံတမန် အထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်နေပေမယ့် သိသာတဲ့ တိုးတက်မှုတွေတော့ မတွေ့ရသေး ပါဘူး။

ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွှေနဲ့ပယင်း မှော်တွင်းတွေမှာ နေထိုင်သူတွေကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ စစ်တပ်က စာဖြန့်ဝေခဲ့ပါတယ်။ ထွက်မသွားဘူးဆိုရင်တော့ KIA နဲ့ပူးပေါင်းသူတွေအဖြစ် သတ်မှတ်သွားမယ်လို့လည်း စစ်တပ်ရဲ့စာထဲမှာ ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG