သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစိုးရစီစဉ်နေ


တနိုင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစိုးရစီစဉ်နေ (Prof Win Myat Aye)
တနိုင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစိုးရစီစဉ်နေ (Prof Win Myat Aye)

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေ ၊ ပယင်းမှော်တွင်းတွေက တိမ်းရှောင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းပြန်နိုင်ရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘက်က တိုင်းဒေသကြီးအစိုးရတွေ နဲ့ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ လူကယ်ပြန်ဒုညွှန်မှူးကပြောပါတယ်။ တနိုင်းကနေ ခန္တီးမြို့ကို ခိုလှုံလာကြသူ ဒုက္ခသည်တစ်ထောင်ကျော်ကို တနိုင်း-မိုးကောင်းလမ်းနဲ့ ခန္တီးရေကြောင်းလမ်းတွေကနေပြန်လည်ပို့ဆောင်ပေးနေတာပါ။ တနိုင်းမှာ ခိုလှုံနေဆဲဒုက္ခသည်အချို့အတွက် လောလောဆယ် ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းတွေက နေရာပေး စားနပ်ရိက္ခာပေး ကူညီစောင့်ရှောက်ထားပေမဲ့ ရေရှည်အတွက်တော့ အခက်အခဲရှိတယ်လို့လည်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့အတွင်းရေးမှူးကပြောပါတယ်။ အသေးစိတ် မဆုမွန် ပြောပြပါမယ်။

ဇွန်လဆန်းပိုင်းကစလို့ အခုလို မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တင်းမာလာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေနဲ့ပယင်း မှော်တွင်း(၁၀)ခုမှာ နေထိုင်နေသူတွေကို ဆက်ပြီးတော့ နေထိုင်ခွင့်မပြုတော့ဘဲ ဇွန်၁၅ ရက် နောက်ဆုံးထားပြီးထွက်ခွာသွားကြဖို့ ဇွန်လ ၅ရက်နေ့ကစလို့ တပ်မတော်ဘက်က စာတွေဖြန့်ေ၀ ညွှန်ကြားထားပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ကစပြီး မော်တော်ယာဉ်တွေအနေနဲ့ ဖါးကန့်မြို့နဲ့ တနိုင်းမြို့ ဆက်စပ်ဝန်းကျင်လမ်းတွေအပေါ် ည ၇ နာရီကနေ မနက်(၆)နာရီအတွင်း သွားလာခြင်းမပြုဖို့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကလည်း အမိန့် ထုတ်ပြန်ထားပါတယ်။

အခုလိုစစ်ရေးတင်းမာနေတဲ့အခြေအနေမှာ တနိုင်းမြို့ မှော်တွင်းလုပ်ငန်းခွင်တွေကနေ စစ်ပြေးဒုက္ခသည်ထောင်ချီထွက်ပြေးလာနေပြီး ဒီထွက်ပြေးလာတဲ့ ဒုက္ခသည်အများစုဟာ ဒေသခံတွေမဟုတ်ပဲ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် သူတို့အတွက် ခိုလှုံနေထိုင်ရေးနဲ့ စားဝတ်နေရေး အတော်လေးအခက်အခဲဖြစ်နေကြတာပါ။ ဒီရွှေ့ပြောင်းအလုပ်သမားတွေ မိမိတို့နေရပ်ရင်းပြန်နိုင်ရေး ဇွန်လ ၁၂ရက်ဝန်းကျင်လောက် ဇွန်လ ၁၃ရက်နေ့ကစပြီး တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

အဓိကလမ်းကြောင်းနှစ်ကြောင်းဖြစ်တဲ့ တနိုင်း-မိုးကောင်းလမ်းနဲ့ ခန္တီးရေကြောင်းလမ်း ကနေ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (Deputy Director at Ministry of Social Welfare, Relief and Resettlement) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တနိုင်းကနေပြီးတော့ ပြန်လာတဲ့ဟာက ၂ နေရာကနေ ကူညီပေးနေတယ်။ ၁နေရာကျတော့ မိုးကောင်းပေ့ါနော် ၊ မိုးကောင်းမှာကျတော့ ကျနော်တို့ဆီက ဒုညွန်ချုပ်ပေါ့နော် ။ ဒုညွန်ချုပ်ကိုယ်တိုင်ဦးစီးပြီးတော့ အဲဒီမှာ သွားပြီးတော့ ကူညီပေးနေတယ်။ တနိုင်းကနေပြီးတော့ ပြန်လာတဲ့လူတွေကိုပေါ့နော် တနိုင်း-မိုးကောင်းလမ်းပေါ့နော် အဲဒီကနေ ပြန်လာတာတွေရှိတယ်။ ပြီးရင် အဲဒီကနေပြီးတော့ ရထားနဲ့တဆင့် မြစ်ကြီးနားတို့ မန္တလေးတို့ကိုဆက်သွားတယ်။ သူတို့နေရပ်တွေပြန်တယ်။ အဲဒီလိုမျိုး ရထားနဲ့ အဲဒီလိုသွားနိုင်ဖို့ကိုလည်း ကျနော်တို့ ဒီလူကယ်ပြန်ကနေ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကျနော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ရထားတွေကို ပိုပြီးပြေးဆွဲနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ထားတာ ရှိတယ်။ အဲဒီကနေပြီးတော့ သူတို့ပြန်ကြတယ် အဲဒါက မိုးကောင်းမှာ။ နောက်တခုကတော့ ခန္တီးကတော့ ဒီအောက်ပိုင်းကို တနိုင်းဘက်ကနေပြီးတော့ ရေကြောင်းနဲ့ပြန်လာတယ်။ ရေလမ်းကနေပြီးတော့ ပြန်လာတာရှိတယ်။ ပြန်လာပြီးတော့ ခန္တီးကို ညနေဆိုရင်ရောက်ကြတယ်။ သူတို့ စက်လှေတွေနဲ့ ပြန်လာတယ်။ သူတို့ ခန္တီးကနေပြီးတော့ စက်လှေနဲ့ သွားကြိုတယ်ပေါ့နော် အဲဒါကျတော့ ၁ ရက် ၁ ရက်ကို ၃၀၀-၄၀၀ ရောက်ကြတယ်ခင်ဗျ။ ခန္တီးမှာညအိပ်ပြီးတော့ နောက်နေ့မနက်ကျတော့ ချင်းတွင်းမြစ်ကျောင်းနဲ့ အောက်ကိုသွားပြီးတော့ သူတို့နေရာတွေ သူတို့ပြန်ကြတယ် ပေါ့နော်။”

တနိုင်းမြို့နယ်ထဲက ပယင်းမှော် ရွှေမှော်တွေမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားများအား မှော်ထဲမှ ထွက်ခွာဖို့ တပ်မတော်က သတိပေးထားတဲ့ရက် ဇွန် ၁၅ မတိုင်ခင် ဇွန်လ ၁၃ရက်နေ့ကစလို့ စုစုပေါင်း ခန္တီးမြို့ပေါ် ခိုလှုံရောက်ရှိလာကြသူပေါင်း တရက်ကို သုံးရာကျော်နှုန်းနဲ့ လူကယ်ပြန်က စာရင်းအရ လာရောက်ခိုလှုံသူ ၁၁၇၀ လောက်ရှိခဲ့ပါတယ်။ သူတို့အတွက် လိုအပ်ချက်တွေကို မြို့မိမြို့ဖတွေ အုပ်ချုပ်ရေးအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နောက် ဘာသာရေးနဲ့ လူမှုအသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ကြတယ်လို့လည်း ဒေါက်တာအောင်သူရိန်က ပြောပြပါတယ်။

“သူတို့အတွက် အစားအသောက် နေရေးထိုင်ရေးပေါ့နော် ညအိပ်ဖို့ တည်းဖို့ဆိုရင် အဲဒီမှာ တည်းခိုခန်းတွေရှိတယ်။ မလောက်ဘူးပေါ့နော် တချို့နေရာတွေက ဆိုတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းကြတာတွေရှိတယ်။ စက်လှေပေါ်မှာပဲ တချို့တွေက အိပ်ကြတယ်။ ကျနော်တို့ အဲဒီမှာ အဓိက ကူညီခဲ့တာကတော့ စားရေးသောက်ရေးပေါ့နော် မြို့ပေါ်မှာတော့ သူတို့အလှူရှင်တွေရှိတယ်။ အားလုံးပေါင်း ၁၀၀၀ ကျော်ရောက်တယ်။ ကျနော်ရတဲ့ စာရင်းအရဆိုရင်လေ ၁ ရက်ကို ၃၀၀ ကျော် လောက်နဲ့ပေါ့။”

အခုအချိန်မှာတော့ တနိုင်း-ခန္တီးဘက်ကို ခိုလှုံလာကြသူ စစ်ရှောင်ဒုက္ခသည်တွေအတွက် ဘာသာရေးအသင်းအဖွဲ့တွေက အသင်းတော်တွေရဲ့ ဘုရားကျောင်းတွေနဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးစောင့်ရှောက်ထားပါတယ် လောလောဆယ်မှာ သူတို့ကို နေရာပေး စားနပ်ရိက္ခာပေး ကူညီစောင့်ရှောက်ထားပေမဲ့ ရေရှည်အတွက်တော့ နေထိုင်ရေးအတွက် အခက်အခဲရှိတယ်လို့လည်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောပါတယ်။

“ပယင်းမှော်ဘက်က ထွက်ပြေးလာတဲ့လူတွေကို ကျနော်တို့ တနိုင်းမြို့မှာရှိတဲ့ အသင်းတော်တွေမှာ နေရာခုပေးထားတယ်ဆိုတော့ အခုက ၁၀၀၀ ကျော်တော့ရှိပြီ သူတို့လုံခြုံမှုကို ကျနော်တို့ပေးနေတယ်။ လုံခြုံရေးပေါ့နော် အဲဒီအတွက်လည်း ကျနော်တို့က IDP camp တွေတည်ဆောက်ပြီးမှ လုပ်ဖို့ လုပ်ထားပေမယ့်လည်း လောလောဆည်ကတော့ အဲဒီကိစ္စကို တနိုင်းအုပ်ချုပ်ရေးနဲ့ စစ်တပ်ဘက်ကတားမြစ်နေသေးတယ် ၊ အဲဒီ camp တွေမဆောက်ဖို့ပေါ့နော် ပြောနေတာကို ကျနော်တို့ သိနေရတယ်။ အနီးအနားတဝိုက်မှာတော့ တိုက်ပွဲတွေ နေ့စဉ်နေ့တိုင်းတော့ ရှိနေတယ် အဲဒီမှာ။”

ခန္တီးမြို့နှင့်နီးသော ရွှေမှော်များဖြစ်သည့် သတိပေးစာထဲမှာပါတဲ့ ဝမ်းပလာ၊ တုံပနီ အပြင် စာထဲတွင်မပါသော ခမံစီ၊ ဟွေပီ နှင့် တခြားရွှေမှော်တွေက အထူးသဖြင့် အမျိုးသမီးနှင့် ကလေးတွေလည်း မနေဝံ့တော့တာကြောင့် အထက်ဖက်က စက်လှေတွေနဲ့ မြစ်ကျဉ်း နေရာသို့ထွက်လာချိန် ခန္တီးမြို့ကနေစက်လှေအကြီးအသေးတွေနဲ့ သွားကြိုခဲ့ကြပြီးတဲ့နောက် ခန္တီးမြို့ကိုလာရောက် ခိုလှုံနေကြတာဖြစ်ပါတယ်။

တပ်မတော်လေယာဉ်တွေကနေ ကြဲချခဲ့တဲ့ စာထဲမှာ အဲဒီဒေသတွင်းကနေ အမြန်ဆုံးထွက်ခွာကြဖို့နဲ့ မထွက်ခွာခဲ့ရင် KIA နဲ့ဆက်နွယ်တဲ့အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ရလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့တာကို HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့အတွက်လည်း မြန်မာစစ်တပ်ကိုရော KIA လက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးကို HRW က တိုက်တွန်းပန်ကြားထားပါတယ်။

အခုလိုကချင်ပြည်နယ်တွင်း KIA နဲ့စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေတကျော့ပြန်ဖြစ်ခဲ့တာ ခြောက်နှစ်ပြည့်ခဲ့ပေမဲ့လို့ အခုအချိန်အထိကို စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီ နေထိုင်ခိုလှုံနေကြရဆဲ အနေအထားဖြစ်နေသလို အခုထိလည်း တနိုင်းဘက်မှာ စစ်ဘေးရှောင် ထွက်ပြေးနေရဆဲဖြစ်တာမို့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကချင်စစ်ပြေးဒုက္ခသည်အရေးကူညီပေးနေသူတွေက မေတ္တာရပ်ခံတောင်းဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG